ရသဆောင်းပါးစုံ

ဌေးဝင်း (ဂျာမဏီ) ● ချိုးဖြူငှက်ငယ်လေးနှင့် အမျိုးသမီးနှစ်ဦး

ဌေးဝင်း (ဂျာမဏီ) ● ချိုးဖြူငှက်ငယ်လေးနှင့် အမျိုးသမီးနှစ်ဦး
(မိုးမခ) မတ်လ ၂၄၊ ၂၀၁၉


အင်တာနက်က မိုးမခမှာ ရဲဘော်ငွေရဲ့ “မမစိန်တို့ ဇနီးမောင်နှံ” ဆိုတဲ့ဆောင်းပါးကို ဖတ်ရပါတယ်။ ကျွန်တော်တို့အတွက် အလွန်လေးစားတန်ဖိုးထား၊ စံပြုအတုယူစရာ သူရဲကောင်းတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇော နဲ့ သူ့ရဲ့ပါရမီဖြည့်ဖက် ဇနီးသည် ဒေါ်သန်းစိန်တို့ အကြောင်းကို ဒေါ်သန်းစိန်ရဲ့ ပြောပြချက်တွေနဲ့တကွ ရေးသားဖေါ်ပြထားပါတယ်။ တန်ဖိုးရှိလှတဲ့ မှတ်သား ဘွယ်ရာ သမိုင်းကြောင်းတွေပါ။ ဒီ ဒေါ်သန်းစိန်ရဲ့ ပြောပြချက်တွေထဲက အောက်ဖေါ်ပြပါ ပြောပြချက် မြင်ကွင်းတခုကနေ ကျွန်တော့်မှာဆက်လက်တွေးတောစဉ်းစားဖြစ်တဲ့ ဆက်စပ်အတွေးတွေ ဖြစ်ပေါ်လာပါတယ်။ ရဲဘော်ငွေရဲ့ ဆောင်းပါးထဲမှာ ပါတဲ့ မူရင်းအပိုဒ်တပိုဒ်ကတော့ …..

“ဗိုလ်ချုပ်ကျော်ဇော နဲ့ ဒေါ်သန်းစိန် (မမစိန်)တို့ ၂ ယောက်ဟာ ၁၉၄၅ ဇန်နဝါရီ ၁၅ ရက်၊ ခေါင်းဆောင်ကြီး သခင်မြ နေအိမ် သတို့သား ဗိုလ်ကျော်ဇောနဲ့ သတို့သမီး မသန်းစိန်တို့ရဲ့ လက်ထပ်ပွဲ ကျင်းပလိုက်ပါတယ်။

သတို့သားအရန်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ပေးပြီး သတို့သမီးအရန်အဖြစ် ဗိုလ်ချုပ်ကတော် မခင်ကြည်က ဆောင်ရွက်ပေးပါတယ်။ သတို့သမီး မသန်းစိန် (မမစိန်) ကို သတို့သမီးအရန် မခင်ကြည်ကတွဲပြီးထုတ်လာတော့ သတို့သား အရန်ဖြစ်တဲ့ ဗိုလ်ချုပ်က သူ့ဘေးက ဗိုလ်ကျော်ဇော ရင်ဘတ်ကို လက်နဲ့ဖိပေးပြီး “ကျော်ဇော-ကျော်ဇော သတိထား သတိ ထား” လို့ ပြောကာ နောက်လိုက်သတဲ့။ ဗိုလ်ကျော်ဇောက ရှက်တတ်တဲ့သူဆိုတော့ တမျက်နှာလုံး ချွေးပြန်လာတာနဲ့ အိတ်ထဲက လက်ကိုင်ပဝါထုတ်။ သုတ်လိုက်တော့ လက်ကိုင်ပဝါ အကြမ်းကြီး ဖြစ်နေလို့ ရွှေပွဲလာပရိသတ်တွေ ပွဲကျသွားသတဲ့။

သတို့သား သတို့သမီးတို့ကို သခင်နု (ထိုစဉ်က နိုင်ငံခြားဝန်ကြီး) နဲ့ ဝန်ကြီးကတော် မမြရီတို့က လက်ထပ်ပေးခဲ့ပါသတဲ့။ မင်္ဂလာပွဲရဲ့ လက်ထပ်မင်္ဂလာသြဘာစာကို ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဖတ်ကြားဘိသိက်သွန်းပေးပြီး လက်ထပ် မင်္ဂလာပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ပြောတာကို ပြန်လည်သတိရလာမိပါတယ်။ နိုင်ငံခေါင်းဆောင်တဦးရဲ့ လွမ်းမောဖွယ် မင်္ဂလာပွဲတခုပါကလား။”

ဒီအပိုဒ်ကိုဖတ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည် ဇနီးမောင်နှံနဲ့ (ဗိုလ်ချုပ်ကျော်ဇော၊ ဒေါ်သန်းစိန်) သတို့သား၊ သတို့သမီးစုံတွဲတို့ အဲဒီအချိန်ကာလက ဘယ်လောက်ရင်းနှီးနွေးထွေးမှု ရှိခဲ့ကြသလဲဆိုတဲ့ အတိုင်းအတာကို နက်နက် ရှိုင်းရှိုင်း သိရှိခံစားရပါတယ်။ ဒိပြင်သမိုင်းကြောင်း စာတွေထဲမှာလဲ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကျော်ဇောကို ဘယ် လောက်ချစ်ခင်သလဲ၊ ဘယ်လောက်ယုံကြည်စိတ်ချသလဲဆိုတာ ဖတ်ရှုသိရှိရပါတယ်။ သတို့သမီးကို သတို့သမီးအရန် ဒေါ်ခင်ကြည်ကတွဲပြီးထုတ်လာတော့ သတို့သားအရန်ဖြစ်တဲ့ ဗိုလ်ချုပ်က သူ့ဘေးက ဗိုလ်ချုပ်ကျော်ဇော ရင်ဘတ်ကို လက်နဲ့ဖိပေးပြီး “ကျော်ဇော-ကျော်ဇော သတိထား သတိထား” လို့ ပြောပြီးနောက်လိုက်တာ ကျွန်တော်တို့ အဲဒီအသက် အရွယ်က ကျွန်တော်တို့သူငယ်ချင်းအချင်းချင်း တွေကြားထဲမှာလဲ ဒီလိုဘဲတယောက်နဲ့တယောက် နောက်ပြောင်ကျီစယ်ကြ တာကို ကောင်းကောင်းသတိရမိပါတယ်။ ၁၉၄၅ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းက အသက် ၃၀ နဲ့၊ ဗိုလ်ချုပ်ကျော်ဇောက အသက် ၂၆ ဆိုတော့ ဒီလိုနောက်ပြောင်တတ်တဲ့ဓလေ့က အင်မတန်မှ နှစ်လိုချစ်ခင် ပျော်ရွှင်ဘွယ်ရာကောင်းလှပါတယ်။ ဗမာပြည် ပထမလွတ်လပ်ရေးတိုက်ပွဲရဲ့ အဓိက သူရဲကောင်းတွေဖြစ်ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့ရဲ့ ညီရင်းအကိုထက်မကတဲ့ ရဲဘော်စိတ်ဓါတ်ကိုလဲ ကွက်ကွက်ကွင်းကွင်း တွေ့မြင်သိရှိနိုင်ပါတယ်။

၁၉၈၈ ဩဂုတ်လ ၂၆ ရက်နေ့၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီရရှိရေး လူထုစည်းဝေးပွဲကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းမှာ “ဒီအရေးအခင်းဟာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေး အခင်းဖြစ်နေပါတယ်။ ကျွန်မမှာလဲ ဖေဖေ့ရဲ့သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့နေလို့ မဖြစ်တော့ဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး လို့ခေါ်ရင်လဲ ဖြစ်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတော် ထူထောင် နိုင်ရေး ကြိုးပမ်းချက်များ၊ တနည်းအားဖြင့် ဒီ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးဟာ ယခုအချိန်ထိ အားကောင်းမောင်းသန်၊ ဆက်လက်ချီတက်မြဲ ချီတက်လျက်ပါ။ ယနေ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်နှစ်ရပ်စလုံးမှာ အမတ်နေရာအများစုကိုရရှိထားပြီး ဒီမိုကရေစီအခွင့်အရေး တစုံတရာအတိုင်းအတာအထိ ပြည်သူ ပြည်သားတွေရရှိခံစားနိုင်ကြပါတယ်။ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးကတော့မပြီးဆုံးသေးပါဘူး။ ဆက်လက် တိုက်ပွဲဝင် ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရေးကြိုးပမ်းမှုမှာ လူသားအရင်းအမြစ်ကလဲ ကဏ္ဍတရပ် အနေနဲ့ ပါဝင်ရန်လိုအပ်ပါတယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စတင်သန္ဓေတည်ကတဲက လူသားအရင်းအမြစ်ဆုံးရှုံးမှု၊ အထူးသဖြင့် နည်းပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုတွေ စတင်ခဲ့တာ ယနေ့ထိတိုင်အောင်ပါပဲ။ အာဖရိကတိုက်၊ ဂါနာနိုင်ငံမှာ ဒီနှစ် ၂၀၁၉ ခုနှစ် ကို အိမ်ပြန်ရေးနှစ်အဖြစ် သတ်မှတ်ကြေငြာပြီး ပြည်ပရောက်ဂါနာနိုင်ငံသား အတတ်ပညာရှင်၊ နည်းပညာရှင်တွေကို ပြန်လည်ဖိတ်ခေါ်နေပါတယ်။ ကျွန်တော်တို့ရဲ့အမိမြေ၊ ဗမာပြည်မှာရော ???။ ဒေါ်အောင်ဆန်းစုကြည် အမေရိကကိုရောက်တုန်းက အမေရိကရောက် ဗမာများကို ပြောခဲ့ဘူးတဲ့ စကားတခုရှိပါတယ်။ “တဦးချင်း တယောက်ချင်းစီအတွက် လုပ်ပေးလို့မရဘူး၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ပြဌာန်းထား တဲ့ ဥပဒေတွေအရဘဲ ဗီဇာပေးတာ၊ မြန်မာပြည်ပြန်ဝင်ခွင့်ပေးတာ တွေကို ဆုံးဖြတ်လို့ရမယ်။” လို့ ပြောခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ ပြောင်းပြန်ဖြစ်နေတာ တွေ့မြင်နေရပါတယ်။ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း၊ ပြဌာန်းထားတဲ့ ဥပဒေတွေတော့ရှိပါရဲ့။ ဒါပေမဲ့ တဦးချင်းရဲ့ ဗီဇာလျှောက်ထားမှုအပေါ်၊ မြန်မာပြည်ပြန်ဝင်ခွင့်ကို တဦးချင်းကို စီစစ်ပြီးခွင့်ပြု နေတာကို တွေ့မြင်နေရပါတယ်။ တဦးချင်းစီအပေါ်မှာ မကြည့်ဘဲ၊ မဆုံးဖြတ်ဘဲနဲ့ ဘယ်သူတွေ ဘယ်လိုပြန်လာခွင့်ရှိတယ် ပြန်လာနိုင်တယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို ပြတ်ပြတ်သားသား သတ်မှတ်လိုက်ရင်၊ ဥပဒေကို အတိအကျပြဌာန်း လိုက်ရင် ပြန်လာတဲ့သူတွေမှာလဲ၊ စိတ်အေး လက်အေး၊ မပူမပင် ပြန်လာလို့ရနိုင်မှာပါ။ ဒါမှလဲ လူသားအရင်းအမြစ်၊ အတတ်ပညာရှင်၊ နည်းပညာရှင်တွေ အမိမြေ၊ ဗမာပြည်အတွက် ပြန်လည် အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ပြန်ကောက်ရမယ်ဆိုရင် ပထမလွတ်လပ်ရေးတိုက်ပွဲကြီးရဲ့ တပ်မှူးကောင်းကြီးများဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့ရဲ့ ရဲဘော်စိတ်ဓါတ်အတိမ်အနက်၊ ရင်းနှီးနွေးထွေးမှု တွေကို ကျွန်တော်တို့စာတွေ့အရ လေ့လာသိရှိခဲ့ရပါတယ်။ စာတွေ့အရဆိုပေမဲ့ အသက် ၃၀ အရွယ် ဗိုလ်ချုပ်အောင်ဆန်းက အသက် ၂၆ နှစ်အရွယ် ဗိုလ်ချုပ်ကျော်ဇော ရင်ဘတ်ကို လက်နဲ့ ဖိပေးပြီး “ကျော်ဇော-ကျော်ဇော သတိထား သတိထား” လို့ ပြောဆိုနေတာကို ဇာတ်စင်ပေါ်မှာ ကပြနေတဲ့ ပြဇာတ်မြင်ကွင်းတခုလို ထင်းထင်းလင်းလင်းမြင်နိုင်ပါတယ်၊ ပုံဖေါ်နိုင်ပါတယ်။ ဒီလိုဆိုရင် ….. ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးရဲ့ တပ်မှူးကောင်းကြီးများဖြစ်ကြတဲ့ ဒေါ်အောင် ဆန်းစုကြည် (ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့သမီး) နဲ့ ဒေါက်တာလှကျော်ဇော (ဗိုလ်ချုပ် ကျော်ဇောနဲ့ ဒေါ်သန်းစိန်တို့ရဲ့သမီး) တို့ တဦီးနဲ့တဦီး လက်ချင်းချိတ်ထားတဲ့မြင်ကွင်း၊ ညီအမ အရင်းထက်မကတဲ့ ရဲဘော်စိတ်ဓါတ်နဲ့ ဖက်လှဲတကင်း နှုတ်ဆက်နေပုံမြင်ကွင်း တွေကို အတွေး စိတ်ကူး၊ မျက်ဝန်းထဲမှာ မြင်ယောင်မိရင်း ကျွန်တော်တို့ တကယ်လက်တွေ့ တွေ့မြင်သိရှိ၊ ခံစားပီတိ ဖြစ်ခွင့်များ မရနိုင်ဘူးလားလို့ ကျွန်တော့်အား မေးမြန်းခွင့်ပြုပါခင်ဗျား။  ။

ဌေးဝင်း (ဂျာမဏီ)
၂၃.၀၂.၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts