စာအုပ်စင် မှတ်စုမှတ်တမ်း သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၅)

သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၅)

(မိုးမခစာအုပ်စင် ကောက်နုတ်ချက်) မတ် ၆၊ ၂၀၁၉

အခန်း (၅) – ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ  လေ့လာရေးဆန်းစစ် သုံးသပ်ရေးကော်မရှင်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လူထုထောက်ခံမှုဖြင့်  NLD ပါတီသည် အပြတ်အသတ် အနိုင်ရရှိပြီးနောက် ၂၀၁၆ ဖေဖော်ဝါရီ ၄ ရက် (၂၀၁၇ နိုဝင်ဘာ ၁၇၊ ဒီဇင်ဘာ ၃ ရက်ထုတ် Voice သတင်းဂျာနယ်၌ ရဲနိုင်ဦး၏ ”ဦးရွှေမန်း ကော်မရှင်အခန်းဆက်” ဆောင်းပါး၌ ၂၀၁၆ မေလ ၁ ရက်ဟု ဖော်ပြထားသည်။)တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာရေး ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် အမိန့် ကြေညာစာ အမှတ် ၉/၂၀၁၆ဖြင့် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။

ယင်းအထူးကော်မရှင်ကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နှင့် ၂၀၁၃ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ တို့အရ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် စတင်ဖွဲ့စည်းပေးခဲ့သည်။ ပါဝင်သူများမှာ-

(၁) သူရဦးရွှေမန်း (ပြည်ထောင်စုလွှတ်တော် နာယကဟောင်း)- ဥက္ကဋ္ဌ
(၂) ဦးကိုကိုနိုင် (ရမည်းသင်း မဲဆန္ဒနယ်)-ဒုဥက္ကဋ္ဌ။
(၃) ဦးခင်မောင်ထွန်း (တွဲဖက်စစ်ထောက်ချုပ်၊ ငြိမ်း)-အဖွဲ့ဝင်
(၄) ဦးကျင်ဖေ (ညွှန်မှူးချုပ်၊ ငြိမ်း၊ မွန်ပြည်နယ်ထွေ/အုပ်) – အဖွဲ့ဝင်
(၅) ဦးဇော်မြင့်ဖေ (ဒုညွှန်ချုပ်၊ ငြိမ်း၊ နအဖ ရုံး)- အဖွဲ့ဝင်
(၆) ဦးမောင်တိုး (ဦးဆောင် ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့ပုလဲ လုပ်ငန်း)- အဖွဲ့ဝင်
(၇) ဦးကြည်သာ (ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ရေအားလျှပ် စစ် ထုတ်လုပ်ရေးလုပ်ငန်း) – အဖွဲ့ဝင်
(၈) ဦးအေးမောက် (ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) စက်မှု (၁) ဝန်ကြီးဌာန)- အဖွဲ့ဝင်
(၉) ဦးသိန်းလွင် (ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့ရေနံဓာတု လုပ်ငန်း)- အဖွဲ့ဝင်
(၁၀) ဦးတင်မောင်ဦး (ဗိုလ်မှူးကြီး-ငြိမ်း)- အဖွဲ့ဝင်
(၁၁) ဦးဝင်းသန်း (ဒုညွှန်မှူး-ငြိမ်း၊ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန) – အဖွဲ့ဝင်
(၁၂) ဦးစောလှထွန်း (ကုမ္ပဏီဥက္ကဋ္ဌ)- အဖွဲ့ဝင်
(၁၃) ဒေါက်တာ စိုးမိုးအောင် (မြို့နယ်ဦးစီး – ငြိမ်း၊ တိမွေးကု)-အဖွဲ့ဝင်
(၁၄) ဦးစိုးရယ် (လက်ထောက်ညွှန်မှူး (ငြိမ်း) သားသနာရေးဦးစီးဌာန) – အဖွဲ့ဝင်
(၁၅) ဦးခင်မောင်တင် (သံအမတ်ကြီး-ငြိမ်း) – အဖွဲ့ဝင်
(၁၆) ဦးတင်ဝင်း (ညွှန်မှူး-ငြိမ်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်) – အဖွဲ့ဝင်
(၁၇) ဦးအောင်မြင့်ထွန်း (တွဲဖက်ပြည်နယ် ဥပဒေအရာရှိ-ငြိမ်း၊ ရှမ်း ပြည်နယ်) – အဖွဲ့ဝင်
(၁၈) ဒေါ်သန်းသန်းရီ (ဒုညွှန်မှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး) – အဖွဲ့ဝင်
(၁၉) ဦးကျော်စနမ်း (တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး (ငြိမ်း) ထွေ/ အုပ်) – အဖွဲ့ဝင်
(၂၀) ဦးအေးဟန် (ညွှန်မှူး (ငြိမ်း) တနင်္သာရီတိုင်းဒေသကြီး၊ ထွေ/ အုပ်) – အဖွဲ့ဝင်
(၂၁) ဦးအောင်မြင် (ညွှန်မှူး (ငြိမ်း) ဧရာဝတီတိုင်းဒေသကြီး၊ ထွေ/ အုပ်) – အဖွဲ့ဝင်
(၂၂) ဦးစံရွှေအောင် (အမြဲတမ်းအတွင်းဝန် (ငြိမ်း) နယ်စပ်ရေးရာဝန်ကြီး ဌာန) – အဖွဲ့ဝင်
(၂၃) ဦးခင်မောင်ဦး (ဒု ညွန်ချုပ် (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး) – အဖွဲ့ဝင်
စသည်တို့ ဖြစ်သည်။

ဤအထူးကော်မရှင်သည် ၂၀၁၂ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မရှင် ၏ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မရှင်လုပ်ငန်း တာဝန်ယူဆောင်ရွက်မှု အခြေအနေအရ တစ်နှစ်ပြည့် မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။ ထို့ပြင် ကော်မရှင် ဥက္ကဋ္ဌသည် ကော်မရှင်၏ သက်တမ်းကာလအတွင်း အဖွဲ့ဝင်များကို သင့် လျော်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ-
(က) တည်ဆဲဥပဒေများအား လေ့လာ ဆန်းစစ်သုံးသပ်ပြီး ပြင်ဆင် ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။
(ခ) အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၄င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာ ဆန်းစစ် သုံးသပ်ပြီး လွှတ် တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်။
(ဂ) လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။
(ဃ) လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေ သတ်မှတ် ဆောင်ရွက်ရမည်။
(င) လွှတ်တော်ဥက္ကဋ္ဌ လုပ်ငန်းများကို လိုအပ်ချက်အရ အကြံဉာဏ် တောင်းခံသည့်အခါ အကြံဉာဏ်ပေးရမည်။
စသည်တို့ဖြစ်သည်။

ထို့ကြောင့် ကော်မရှင်သည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက် ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေးနွေးနိုင်သည်။ ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ် မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင်သည်။ ကော် မရှင်အဖွဲ့အဝင်များကို လစဉ် ချီးမြှင့်ငွေ ၆ သိန်းနှင့် အခြားခံစားခွင့်များ၊ လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ပေးထား သည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကော်မရှင်ဒုဥက္ကဋ္ဌ အဖြစ် ဒေါက်တာအောင်ခင် (ပြင်ဦးလွင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)နှင့် ဒေါက်တာသန်းဝင်း (မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ) တို့ကို ခန့်အပ်တာဝန်ပေး၍ အဖွဲ့ဝင်သစ်များဖြင့် ပြင်ဆင်ဖွဲ့စည်းကာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကော်မရှင်အား သက်တမ်းတိုးရန် ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်နှင့် အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။ သို့သော် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၃၃၃ မဲ၊ ကန့်ကွက်မဲ ၁၈၉ မဲ၊ ကြားနေမဲ ၆ မဲဖြင့် ထပ်မံသက်တမ်းတိုးရန် လွှတ်တော်က ဆုံးဖြတ်ပေးခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဥပဒေဆိုင်ရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် (အထူးကော်မရှင်) ကို တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်ပေးခဲ့ရာ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းက လွှတ်တော်တွင် ကန့်ကွက်ခဲ့သည်။ ထူးခြားသည်မှာ ဦးစိုးသိန်း မှတစ်ပါး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားမည်သူမျှ ကန့်ကွက်ခဲ့ခြင်း မရှိပေ။

ဦးစိုးသိန်းက-
”ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဥပဒေကြမ်း ရေးဆွဲခြင်းကို ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ လည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ လည်းကောင်း တင်သွင်းခွင့်ရှိပါ တယ်။ ဒါကြောင့် အဆိုပါကော်မရှင်အနေနဲ့ ဥပဒေကြမ်းများကို ရေးဆွဲပြုစု ခြင်းကို သူက ရေးဆွဲလို့မရဘဲနဲ့ အကြံပြုခြင်းကိုသာ ဖြစ်နိုင်ကြောင်း၊ ဒီ အတွက် ကျွန်တော့်အနေနဲ့ သဘောမတူကြောင်း တင်ပြအပ်ပါတယ်”ဟူ၍ လွှတ်တော်တွင် ကန့်ကွက်ခဲ့သည်။

ဦးစိုးသိန်းသည် သမ္မတဦးသိန်းစိန် လက်ထက်က သမ္မတရုံးဝန်ကြီး ၆ ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၁၂ သြဂုတ်လ ၂၇ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ ယခင်က အမှတ် (၂) စက်မှု ဝန်ကြီးဌာန ဝန်ကြီးဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် (လေ)တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် (လေ)အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စက်မှု (၁)နှင့် စက်မှု (၂) ဝန်ကြီးဌာနနှစ်ဦးအား ပေါင်းလိုက်ပြီး နောက် စက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၁၀ မှ ၂၀၁၃ အထိ ထမ်းရွက်ခဲ့သူ ဖြစ်သည်။

သူသည် ဝန်ကြီးဘဝကပင် ခရိုနီစီးပွားရေးသမားများနှင့် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ခဲ့သူဖြစ်ပြီး ”ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်” အမည်ရှိ စာအုပ်ရေးသားခဲ့သူ ဖြစ်သည်။ ယင်းစာအုပ်၌ ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့က အာဏာလွန်ဆွဲပွဲများ အကြောင်းတို့အထိ ရေးသားထားသည်။

မည်သို့ဆိုစေ ကြံ့ခိုင်ရေးဝန်ကြီးဟောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ လက်ရုံးသဖွယ်ဖြစ်သော ဦးစိုးသိန်း၏ လွှတ်တော်အတွင်း မတ်တတ်ရပ် ကန့်ကွက်မှုမှာ သူရဦးရွှေမန်း ဦးဆောင်နေသော အထူးကော်မရှင်အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်မလာဘဲ ဦးစိုးသိန်း၏ တစ်ကိုယ်တော်နိုင်ငံရေး စတန့်ထွင်မှု တစ်ခုအဖြစ်သာ သမိုင်းဝင်သွားခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်)

နောက်တိုးဖြည့်စွက် – ၂၀၁၉ ဖေဖော်ဝါရီ လကုန်မှာတော့ NLD လွှတ်တော်ကိုယ်တိုင်က ဦးရွှေမန်း၏ ကော်မရှင်ကို သက်တမ်းမတိုးဘဲ ရပ်ဆိုင်းလိုက်ပါတယ်။ ဦးရွှေမန်းက ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး များမကြာမီမှာပဲ ရပ်ဆိုင်းခံလိုက်ရတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အထူးကော်မရှင်ကို သက်တမ်းမတိုးရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ် (ရုပ်သံ)
သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို
သက်တမ်းမတိုးဖို့ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့မှာကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts