ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ

March 3, 2019

ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ
(မိုးမခ) မတ်လ ၃၊ ၂ဝ၁၉

၂ဝဝ၈ ခု ဒီဇင်ဘာ ၁ဝ ရက်မှာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆ဝ ပြည့်အခမ်းအနားတွေ တကမ္ဘာလုံးမှာ ကျင်းပခဲ့ပါ တယ်။ လူ့သမိုင်းမှာ ပထမဆုံးအဖြစ် လူ့အခွင့်အရေးတွေကို အပြည့်အစုံစနစ်တကျ ဖော်ထုတ်လိုက်နိုင်တာ ကုလသမဂ္ဂရဲ့ ဧရာမအောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။ ဒီလိုဖော်ထုတ်လိုက်နိုင်တဲ့ ၁၉၄၈ ခုကစပြီး ကမ္ဘာ့ပြည်သူတွေအဖို့ အာဏာရှင်စနစ် တွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ရင်ဆိုင်ရာမှာ အရေးပါ အစွမ်းထက်တဲ့ လက်နက်တခု ရလာခဲ့ပါတယ်။

အာဏာရှင်စနစ်အမျိုးမျိုးအောက် ပြားပြားမှောက်နေရတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူ့အခွင့် အရေးအချက် ၃ဝ ကိုအသုံးချပြီး အခွင့်အရေးတောင်းဆိုဖို့ အင်မတန်အသုံးတည့် အကျိုးရှိခဲ့ပါတယ်။ ၇၅ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမြင့်အေးနဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေရဲ့ တပင်တပန်းအနစ်နာခံစည်းရုံး ပညာပေးမှုတွေ ကြောင့် မြန်မာနိုင်ငံမှာလည်း ၁၉၆၂ ခု၊ ၁၉၇၄ ခုတွေထက်စာရင် ဒီလိုလူ့အခွင့်အရေးတွေကို နားလည်သိမြင်မှုတွေဟာ အတိုင်းအတာတခုထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်သူလူထုတွေအနေနဲ့ လူ့အခွင့်အရေးတွေ နားလည်လာ၊ တောင်းရ ကောင်းမှန်းသိလာလို့ နအဖစစ်အာဏာရှင်တွေ မခံမရပ်နိုင်ဖြစ်ပြီး ကိုမြင့်အေးတို့ကို မဆီမဆိုင် ဗုံးခွဲမှုပုဒ်မတပ် အမှုဆင် ထောင်ချရတဲ့အဆင့်ထိ ဖြစ်လာပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာ ဒင်္ဂါးပြားတပြားရဲ့ ဘက်တဘက်သာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူ့အခွင့်အရေး အကြောင်းပြောရုံနဲ့ မလုံလောက်သေးပါဘူး။ လူ့အခွင့်အရေးကိုသိဖို့ မလွဲမသွေလိုအပ်တဲ့အပြင် လူ့ တာဝန်ဝတ္တရားကိုပါသိမှ အပြောင်းအလဲ ဖြစ်မြောက်နိုင်မှာဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တာဝန်ဟာ ခွဲလို့မရပါဘူး။ ဒီတော့ လူ့တာဝန်ဝတ္တရား တွေက ဘာတွေလဲ။

ဘာသာရေးနယ်ပယ်မှာ လူ့တာဝန်ဝတ္တရားတွေကို သက်ဆိုင်ရာဘာသာတွေအလိုက် ဖော်ထုတ်ထားတာတွေရှိပါတယ်။ ဥပမာ—ဗုဒ္ဓဘာသာမှာ ငါးပါးသီလ၊ ဗြဟ္မစိုရ်တရားလေးပါး၊ ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး တို့ဟာ လူ့တာဝန် တွေကို လောကုတ္တရာနည်းအရ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ လောကီရေးအတွက်လည်း မင်္ဂလာ တရား ၃၈ ပါး၊ မင်းကျင့်တရား ၁ဝ ပါးဆိုတာလဲ ရှိပါသေးတယ်။

ခေတ်သစ်နိုင်ငံရေးနယ်ပယ်မှာတော့ လူ့တာဝန်ဝတ္တရားဆိုတာ မတရားတဲ့လုပ်ရပ်တွေ၊ ဖောက်ပြန်ဆိုးယုတ်တဲ့ အုပ်စိုး သူတွေ၊ မှားယွင်းတဲ့စနစ်တွေ၊ မတရားတဲ့အမိန့်အာဏာနဲ့ ဥပဒေတွေကို ဖီဆန်တိုက်ဖျက် ချေမှုန်းဖို့ဖြစ်ပါတယ်။ တခုပြော စရာရှိတာက နိုင်ငံရေးအရောင်အသွေးမတူရင် မတူသလို မတရားမှု၊ ဖောက်ပြန်ဆိုးယုတ်မှု၊ မှားယွင်းမှုကို သတ်မှတ်ပြဋ္ဌာန်း ချက် ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့ လူသားတိုင်းရဲ့ မွေးရာပါဆင်ခြင်ဉာဏ်နဲ့ မတရားမှု၊ ယုတ်မာမှု အနိမ့်ဆုံးစံတွေကို သတ်မှတ် လို့ရပါတယ်၊ မခဲယဉ်းပါဘူး။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း စကားချီးပိုင်းမှာတော့ လူ့အခွင့်အရေးတွေကို ထိန်းသိမ်း ကာကွယ်မ ပေးရင် တရားလက်လွတ်နှိပ်စက်ကလူပြုအုပ်စိုးမှုနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲမရှောင်သာ လက်နက်စွဲကိုင် တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ လူ့တာဝန်ဝတ္တရားကို ယေဘုယျကျကျထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကလည်း “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး လူ့တာဝန်ကို မီးမောင်း ထိုးပြဖူးပါတယ်။

ကုလသမဂ္ဂဟာ လူ့အခွင့်အရေးတွေကိုဘဲ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် စာနဲ့ပေနဲ့ ဖော်ထုတ် ခဲ့ပြီး လူ့တာဝန်ဝတ္တရားတွေကိုတော့ အပြည်ပြည်ဆိုင်ရာ လူ့တာဝန်ဝတ္တရားကြေညာစာတမ်းအဖြစ် တိတိကျကျ အသေး စိတ် ဖော်ထုတ်မပေးခဲ့ပါဘူး။ ပညာရှင်တချို့ပြောတာက အဲဒီ ၁၉၄၈ ခုကာလတုံးက ကွန်မြူနစ်နိုင်ငံတွေကို ထိုးနှက် အပုပ် ချဖို့ဘဲ ရည်ရွယ်ခဲ့တာဖြစ်လို့ လူ့အခွင့်အရေးသက်သက်ကိုဘဲ ဖော်ထုတ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ လူ့တာဝန်ဝတ္တရား တွေကိုပါ ဖော်ထုတ်လိုက်ရင် ကွန်မြူနစ်နိုင်ငံတွေတင်မကဘဲ ဒီမိုကရေစီနိုင်ငံအစိုးရများ မဟုတ်တာလုပ်တာတွေ၊ အထူး သဖြင့် အဲဒီကာလက နယ်ချဲ့ကိုလိုနီစနစ်ကျင့်သုံးတာနေတွေကိုပါ သက်ဆိုင်ရာပြည်သူလူထုတွေက ပြည်သူ့စွမ်းအားနည်းနဲ့ တိုက်ပွဲဝင်တွန်းလှန်ပစ်တာတွေ ဖြစ်လာမှာစိုးလို့ မဖော်ထုတ်ခဲ့တာလို့ ဆိုကြပါတယ်။

လူ့အခွင့်အရေးတဖက်တည်းကိုပြောရင် ရသင့်ရထိုက်တာကို ပြောတာဘဲဖြစ်နေပြီး ရဖို့နည်းလမ်းမပါ ဖြစ်နေပါတယ်။ အောက်ကနေ လက်ဖြန့်တောင်းတာ၊ ငိုပြတာ အဓိကဖြစ်နေပါတယ်။ သူများပေးသနားမှ ရမယ့်သဘော ရောက်နေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးတွေကို ကုလသမဂ္ဂ ကလုပ်ပေးမှရမလိုလို၊ ဂမ်ဘာရီ လုပ်ပေးမှရမ လိုလို၊ ဒါမှမဟုတ်လဲ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးမှဘဲ ရမလိုလို တွေးမြင်ကုန်ကြပါတယ်။ တကယ်တော့ လူတိုင်းမှာ လူ့အခွင့်အရေးတွေ ခံစားရရှိနိုင်ခွင့် ရှိသလို၊ ဒီလူ့အခွင့်အရေးတွေ ပိတ်ပင်ချိုးဖောက်နေသူ ဘယ်သူကိုမဆို ဖယ်ရှားရှင်းလင်း ပစ်ဖို့ လူ့တာဝန်လည်း လူတိုင်းလူတိုင်းမှာ သေချာပေါက်ရှိနေပါတယ်။

အနိမ့်ဆုံးဥပမာပြရရင် ကိုယ့်မျက်စိရှေ့မှာ အမျိုးသမီးတယောက်ကို လူဆိုးတယောက်က မုဒိမ်းကျင့်နေတာတွေ့ရင် “ဟေ့ လူ၊ ခင်ဗျား လူ့အခွင့်အရေးကို မဖောက်ဖျက်ပါနဲ့” လို့ဘဲ ဝိုင်းအော်နေမှာလား။ တရားဟော ဖြောင်းဖြနားချနေမလား။ “ခင်ဗျား အမျိုးသမီးအခွင့်အရေးဖောက်ဖျက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်”  လို့ဘဲ ထိုင်ကြေညာနေမှာလား။ (ဒီထက်ပိုဆိုးတာကတော့ “ခင်ဗျား အခုလိုလုပ်တဲ့အခါမှာ ကွန်ဒွမ်သုံးသင့်တယ်” လို့ ပြောတာမျိုး) အဲဒါတွေထက်စာရင် ရဲစခန်းကိုဖုံးဆက်တိုင်တာ တစုံတရာတော့ အဓိပ္ပါယ်ရှိပါသေးတယ်။ ဒါပေမဲ့ ရဲတွေရောက် လာတဲ့အချိန်မှာတော့ မုဒိမ်း ကောင်ဟာ ရည်မှန်းချက်ပြီးမြောက်သွားလို့ အေးအေးဆေးဆေး စီးကရက်ထိုင်သောက်နေတာဘဲ တွေ့ရမှာဖြစ်ပြီး မိန်းက လေးခမြာမှာတော့ အပျိုရည်ပျက်ပြီးသွားတာ သို့မဟုတ် ကိုယ်ဝန်ရသွားတာ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် ခန္ဓာကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာ ရသွားတာဘဲ အဖတ်တင်သွားတော့မှာ ဖြစ်ပါတယ်။ မုဒိမ်းကောင်ကို အရေးယူနိုင်ဖို့အတွက်လည်း လုံချည်တွေ ထမိန်တွေ ဓာတ်ခွဲခန်းပို့ရပါအုံးမယ်။ (ရွေးကောက်ပွဲရှုံးသွားတဲ့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ ဒုသမတလောင်းမ ဆာ ရာပါလင်းဟာ မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ရုံမက မုဒိမ်းမှုအတွက် ဓာတ်ခွဲစစ်ဆေးခကို မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက ကျခံရမယ်လို့တောင် ပေါ်လစီချခဲ့ဖူးသေးတယ်။)

ဒါကြောင့် ဒီလိုနေရာမှာ လူ့အခွင့်အရေးကို အသိအမှတ်ပြုဖို့ ဟောပြောဆော်သြမနေဘဲ တွေ့မြင်သိရှိသူတွေက လူ့တာ ဝန်ဝတ္တရားနဲ့အညီ မုဒိမ်းသမားကို ဝိုင်းသမရမှာဖြစ်ပါတယ်။ အနည်းဆုံး ၄-၅ ချက်လောက် ဝိုင်းဗြင်းပြီးမှ ရဲစခန်း ပို့သင့် ပါတယ်။ ဒါမှသာ လူ့တာဝန်ကျေမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးကိုဘဲ တဖက်စောင်းနင်းအမွှန်းတင်နေတဲ့ အနောက်နိုင်ငံတချို့မှာ လမ်းကြားထဲ ပန်းခြံထဲ မုဒိမ်းကျင့်နေ၊ အကျင့်ခံရတဲ့မိန်းကလေးက ရုန်းကန်အော်ဟစ်နေတာကို ဖြတ်သွားဖြတ်လာတွေက ကိုယ်နဲ့မဆိုင်သလိုဘဲ မျက်နှာလွှဲ သွားကြတဲ့အကြောင်း အဲဒီနိုင်ငံတွေ ရောက်သွားသူတွေဆီက ပြန်ကြားရပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ လူ့တာဝန် မျှမျှတတအားပေးတဲ့ တခြားအနောက်နိုင်ငံတွေမှာတော့ ခုနလိုသတင်းမျိုး သိတ်မကြားရပါဘူး။

၁၉၆၄ ခု မတ်လတုံးက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကစ်တီဂျီနိုဗိစ် ဆိုတဲ့ (၂၉) နှစ်အရွယ် အမျိုးသမီး တယောက် ကို မုဒိမ်းကျင့် လူသတ်သွားတာ အိမ်နီးနားချင်း (၃၈) ယောက်က တွေ့မြင် (သို့မဟုတ်) အော်ဟစ်အကူအညီ တောင်းသံ ကြားခဲ့ပေမဲ့ ရဲတောင်ဖုန်းဆက်မတိုင်ဘဲ ကိုယ်နဲ့မဆိုင်သလိုနေခဲ့လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ဟိုးလေး တကျော် သတင်းပါလာခဲ့ပါတယ်။ ၁၉၈၃ မတ်လက မက်ဆာချူးဆက်ပြည်နယ် ဘက်ဒ်ဖို့ဒ်မြို့မှာလည်း (၂၁) နှစ် အရွယ် မိန်းကလေးတယောက်ကို အရက်ဆိုင် ဘိလိယက်ခုံပေါ် အမျိုးသား (၆) ယောက် မုဒိမ်းကျင့်နေတာ ဆိုင်မှာ အရက်သောက် နေသူ (၁၅)ယောက်လောက်က ဝိုင်းကြည့်နေခဲ့ပုံကို နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ်တောင် ပြန်ရိုက်ခဲ့ရပါတယ်။ ၂ဝဝ၇ သြဂုတ် လမှာလည်း မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာ (၂၆) နှစ်အရွယ်အမျိုးသမီးတဦးကို လှေခါးဟောခန်းထဲ ရိုက်နှက် ထိုးကြိတ်ပြီး မုဒိမ်းကျင့်နေတာကို အိမ်နီးနားချင်း (၁ဝ) ယောက်လောက်က ထွက်ကြည့်စူးစမ်းခဲ့ပေမဲ့ ဘယ်သူကမှ မတား ဆီးခဲ့ဘဲ တနာရီကျော်ကြာမှသာ တစုံတယောက်က ရဲကိုခေါ်ခဲ့ပါတယ်။

၁၉၈ဝ ခုတုံးက အိန္ဒိယနိုင်ငံမှာ ယောကျာ်း (၂၂) ယောက်ကနေ (၃) ပတ်ကြာအောင် အုပ်စုလိုက်မုဒိမ်းကျင့်ခံခဲ့ရ၊ ရွာထဲ ကိုယ်တုံးလုံးချွတ် လမ်းလျှောက်ပြရပြီးနောက် ဖူလန်ဒေဝီဟာ ငွေများတရားနိုင် ဘက်လိုက်တရားဥပဒေရဲ့ အကူအညီကို ဘယ်လိုမှမရနိုင်တာသိလာလို့ ဓားပြဗိုလ်လုပ်ပြီး သူမကိုမုဒိမ်းကျင့်တဲ့ ယောကျာ်း (၂၂) ယောက်စလုံးကို တယောက်ပြီး တယောက် လိုက်သတ်ပစ်ခဲ့ပါတယ်။ ၁၉၆၈-၆၉ ခုနှစ်တွေလောက်ကလည်း ရှမ်းပြည် ပင်းတယ-ရွာငံ-ရပ်စောက်-မိုးလုံး ဟိန်းဒေသမှာ အုပ်စုလိုက်မုဒိမ်းကျင့်ခံရတဲ့ ပအိုဝ်းအမျိုးသမီးတယောက်က ဓားပြဗိုလ်လုပ်ပြီး သူ့ကို မုဒိမ်းကျင့်ခဲ့တဲ့ ယောကျာ်းတွေနဲ့ ဘက်လိုက်တဲ့ရွာသူကြီးတွေ၊ ရဲတွေကို ပြန်လိုက်သတ်ခဲ့တဲ့အဖြစ် ရှိခဲ့ဖူးပါတယ်။

လူ့တာဝန်ကိုထည့်မပြောဘဲ လူ့အခွင့်အရေးကိုသာ စောင်းပေးနေသရွေ့ အာဏာရှင်တွေ၊ ကိုယ်ကျိုးရှာသမားတွေကို ဖယ်ရှားရေးဟာ သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလို၊ ပြည်တွင်းကအဲန်အယ်လ်ဒီ စီအာပီပီတာဝန်လိုလို ပြည်ပက စင်ပြိုင် အစိုးရတာဝန်လိုလို၊ ကုလသမဂ္ဂတို့ နိုင်ငံတကာတရားရုံးတို့တာဝန်လိုလို၊ တရုတ်တာဝန်လိုလို အမေရိကန် တာဝန်လိုလိုနဲ့ ဇာတ်မျောကြီးဖြစ်နေမှာပါဘဲ။

ဂါမဏိ
(၂ဝဝ၉ ဇန်နဝါရီလထုတ် မိုးကြိုးစာစောင်မှာ ဖော်ပြခဲ့ပြီး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, ရသဆောင်းပါးစုံ

Comments are closed.

Archives