ခိုင်မာကျော်ဇော ခေတ်ပြိုင်အတွေ့အကြုံ

ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၃

ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၃

(မိုးမခ) မတ် ၃၊ ၂၀၁၉ အညိုရောင် နယ်မြေထဲက အမိုး(အမေ) ခေါင်းချသွားတဲ့ ရွာလေးဟာ ယနေ့ ချိန်ထိလည်း အညိုရောင်တွေ စွန်းထင်းနေဆဲပါ၊

ဒီရွာလေးကို ပြန်ရောက်တော့ အမိုးတို့ ခေတ်က မူးဂါ့ကြီးတယောက် ပြောပြဖူးတာကို ပြန်ကြားယောင်မိတယ်။

တို့ ရွာက ပေါက်တူး(၃)ပေါက်မှ တို့ ဗိုက်ထဲ (၁)ချက် ရောက်တဲ့ရွာပါ။ (၁)ချက်က အမျိုးသားအတွက်၊ (၁)ချက်က အစိုးသားအတွက် နောက်ဆုံးအချက်မှ တို့ အတွက်တဲ့။ အဲ့ဒီတုန်းကတော့ မူးဂါးကြီးရဲ့  စကားကို ကိုယ်တွေ ဘယ်နားလည်ပါ့မလဲ။ ဘာလဲ အမျိုးသား၊ ဘာလဲ အစိုးသားလို့  မူ့ ဂါးကြီးကို ပြန်မေးရတယ်၊

တို့ ရွာက ညှပ်ပူးညှပ်ပိတ်ရွာတဲ့၊ ကိုယ့်အမျိုးသားအဖွဲ့ (ကေအဲန်ယူ)ကလည်း အမျိုးသားတော်လှန်ရေးကို အားပေးရမယ်၊ သူတို့ ကို ကူညီရမယ်တဲ့၊

ဗမာအစိုးရဖက်ကလည်း သူတို့ တောင်းတာပေးရမယ်။ သူတို့ ဟာ တို့ ကို ကာကွယ်စောင့်ရှောက်နေရတာတဲ့

နီးရာ ဓားကြောက်ရတဲ့ တို့ မှာ ဟိုဘက်တောင်းလည်း ပေးရ၊ ဒီဘက်တောင်းလည်းပေးရ၊ တို့ စားဖို့ လည်း လုပ်ရနဲ့ ဒုက္ခသိပ်ကြီးတယ်တဲ့

ဒီကြားထဲ (၂)ဖက်လုံးက တို့ ကို စွပ်စွဲကြသေးတယ်။
ကေအဲန်ယူက… “နင်တို့  ရန်သူတောင်းတိုင်းပေးတယ်။ အဲ့ဒါ နင်တို့ ရန်သူကို အားပေးတာဘဲ” တဲ့။

အစိုးရဘက်ကလည်း တို့ ကို ပြောတာက “ နင်တို့  သူပုန်အားပေးတွေ၊ နင်တို့ က သူပုန်တွေ” တဲ့။

“တို့ လည်းက ဘယ်သူ့ ကိုမှ ကြိုက်လို ပေးနေတာ မဟုတ်ဘူး ကြောက်လို့ ပေးနေရတာပါ” တဲ့ အခုတော့ အဲ့ဒီ မူ့ ဂါးကြီးလည်း ဆုံးရှာပါပြီ။

တကယ်လည်း ဒီရွာလေးဟာ (၂)ဖက်ဝန်တွေကို အတော်လေး ထမ်းပိုးပေးခဲ့ရတာပါ၊ လုပ်အားပေး၊ ပေါ်တာ၊ ကင်းသမား၊ လှည်း၊ ၀ါး၊ တောင်ထန်း၊ ဒညင်းသီး၊ ကွမ်းသီး၊ ဆီ၊ ဆန်၊ ဆား၊ ဆေး၊ ကြက်၊ ၀က် တောင်းရင် တောင်းသလို ပေးခဲ့ရပြီး မထင်ရင် မထင်သလိုလည်း နှိပ်စက် သတ်ဖြတ်တာတွေကို ခံခဲ့ရတာပါ။

တိုတိုတုတ်တုတ်ပြောရရင် အိမ်ရှေ့ က စစ်တပ်ဝင်လို့ နောက်ဖေးက ခုန်ချရင်ကိုဘဲ သူပုန်ဖြစ်ကြတဲ့ ရွာလေးဟာ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေက ရေးလို့ ရယ်မကုန်ပါ။

အခုချိန်မှာရော ရွာအခြေအနေ ဘယ်လိုရှိနေသေးလဲလို့ မေးတော့ ရွာသူနှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်လို့ 
“ အရင်ထက်စာရင်တော့ နည်းနည်းလေး တော်လာတယ်” တဲ့။

ဘယ်လို တော်လာတာလဲ မေးတော့ … “ငြိမ်းချမ်းရေး ခေတ်ဆိုတော့ အရင်လို အတောင်းအရမ်းတွေ မများတော့ဘူးပေါ့” တဲ့။ အရင်လို မများတော့ဘူးဆိုပေမဲ့ ရှိတော့ ရှိနေသေးတယ်ဆိုတဲ့ သဘောပါဘဲ။

ရွာလယ် လမ်းဘေးတဖက်မှာရှိတဲ့ ဘောလီဘောကွင်းနားရောက်တော့ ဖိုးစော်ကဲတို့  အဖွဲ့ ထဲက ၃-၄ ယောက် စုစုလုပ်နေတာကို တွေ့ လို့  ဘာလုပ်နေကြတာလဲ၊ ဘယ်သွားမလို့ လဲမေးတော့ … ကေအဲန်ယူက စည်းဝေးခေါ်လို့ ဟိုဘက်ရွာကို သွားဖို့  လူလိုက်စုနေတာလို့ ပြောတယ်။

ဘယ်နှစ်ယောက် သွားရမှာလဲ၊ ဘယ်တော့လဲလို့ မေးတော့ တို့ ရွာက (၇)ယောက်၊ (၁၀)နာရီအရောက်လို့  ဖြေတယ်။

ရွာထဲကို လျှောက်ပတ်ကြည့်တော့ သိသိသာသာ ပြောင်းလဲနေတာ တခုကို သတိထားမိတယ်။ အိမ်တိုင်းလိုလိုမှာ ယင်လုံအိမ်သာလေးတွေကို သေသေသပ်သပ် ဆောက်လုပ်ထားကို တွေ့  ရလို့  နင်တို့ ရွာက တိုးတက်နေပါလား အိမ်တိုင်းမှာ ယင်လုံအိမ်သာတွေ သုံးနေကြတယ်လို့  ပြောတော့ ရွာသူ နှစ်ယောက်ရဲ့ မျက်နှာတွေက ပြုံးလို့    အဲ့ဒါ ဝေါလ်ကွန်ဆမ်း (World Concern) ကျေးဇူးပေါ့လို့  တယောက်က ပြောတယ်။
“ဟုတ်တယ် အဒေါ်ရဲ့ ဝေါလ်ကွန်ဆမ်းက ကျမတို့ ရွာကို တော်တော်လေး လုပ်ပေးသွားတာ” လို့  တယောက်က ၀င်ထောက်ခံတယ်။

ရွာကို အဲ့ဒီအဖွဲ့ လာတော့ ရွာမှာ ငှက်ဖျားရောဂါသည်တွေ အတော်များတာ။ အဲ့ဒါ ရေကို ကျိုချက်သောက်ဖို့ ၊ အိပ်ရင် ခြင်ထောင်နဲ့  အိပ်ဖို့ ၊ ယင်လုံအိမ်သာတွေ ဆောက်ဖို့ ၊ လက်ကို စင်အောင် ဆေးဖို့ တွေကို သင်တန်းတွေပေးတယ်၊ လက်တွေလည်း လုပ်ပြတယ်တဲ့။

“ ဟုတ်တယ်နော် ဖောလာ လက်ဆေးနည်းတွေ သင်ပေးခဲ့တာ နင်မှတ်မိသေးလား” လို့ 
ရွာသူ တယောက်က ကိုယ့်ကိုလည်းရှင်းပြရင်းနဲ့  သူ့ အဖော်ကိုပါ လက်ဆေးနည်း စာမေးပွဲ စစ်လိုက်သေးတယ်။

အမေးခံရ သူကလည်း ခေသူ မဟုတ်ပါ။
“ ငါ မှတ်မိပါတယ်။ သူတို့ သင်ပေးခဲ့တာ လက်ဆေးနည်း (၆)နည်းပါ” တဲ့ အလုပ်က ပြန်လာရင် ဘယ်လိုဆေး၊ အိမ်သာက ထွက်လာရင် ဘယ်လိုဆေး၊ ထမင်းစားတော့မယ် ဆို ဘယ်လိုဆေးနဲ့  လက်ဆေးနည်းတွေကို ကိုယ်တွေကို တတွတ်တွတ်နဲ့ ရွတ်ပြနေတယ်။

ဟုတ်တယ်အဒေါ်ရဲ့  ဝေါလ်ကွန်ဆမ်းက ကျမတို့ ကို ယင်လုံအိမ်သာတွေ ဆောက်ဖို့ သင်တန်းပေးတယ်။ ကိုယ်တိုင်လည်း ဆောက်ပြတယ်။
အိမ်သာခွက်တွေကိုလည်း အိမ်တိုင်းစေ့ အလကား ဝေပေးတယ်တဲ့။
နောက်တယောက်က ပြောသေးတယ်။ ဒါတင်ဘယ်က မလဲ၊ ငှက် ဖျား ရောဂါမဖြစ်အောင် ခြင်ထောင်နဲ့  အိပ်ဖို့ ပြောတယ်၊ ခြင်ထောင်ကို တော့ အလကားမပေးဘူး၊ ဈေးချိုချိုနဲ့ ရောင်းပေးတယ်။ အဲ့ဒီတုန်းက သူတို့ ရောင်းတာ ခြင်ထောင်တလုံးမှ ၂၅၀၀၊ ဈေးမှာ ၀ယ်ရင် အဲ့ဒီဈေးနဲ့ ဘယ်ရမလဲ၊ ခြင်ထောင်က ချုပ်ရိုးချုပ်သားလည်း ကောင်းတယ်။ အသားလည်း ကောင်းတယ်တဲ့။

သူက ဆက်ပြောသေးတယ်။ အဲ့ဒီတုန်းက ကျမ (၃)လုံးတောင် ၀ယ်ထားလိုက်တယ်။ တလုံးက ကျမတို့ လင်မယားအတွက်၊ တလုံးက ကလေးတွေအတွက်။ တလုံးက ဧည့်သည် ဆောင်သည် အတွက်ပေါ့၊

ညက အဒေါ်ကို ထောင်ပေးတဲ့ ခရမ်းရောင် အပွင့်နှုတ်နှုတ်လေးတွေနဲ့ ခြင်ထောင်လေ၊ အဲ့ဒါ ဝေါလ်ကွန်ဆမ်း ခြင်ထောင်ပေါ့လို့  ကိုယ့်ကို သက်သေခံ ပစ္စည်းနဲ့ ပါ ဝေါလ်ကွန်ဆန်း အကြောင်း ပြောလာတယ်။

အဲ့ဒီအဖွဲ့ ရှိသေးလို့ ရွာကို ပြန်လာရင် သိပ်ကောင်းမှာဘဲလို့ သူတို့ က တမ်းတမ်းတတ ဆိုကြတယ်။

ထုံးစံအတိုင်း နေ၀င်ပြီဆို အိမ်ဆိုင်လေးတွေမှာ လူစုံတယ်။

ဆန် ၂ ပြည်၊ ဆီပုလင်းသေး တဗူး၊ ငါးပိ ၂၀ သား။ သကြား ၃၀၀ ဖိုး၊ ကွမ်းရွက်ပုံ တထုတ်၊ ကွမ်းစားဆေး ၂၀၀ ဖိုးဆိုတဲ့ အသံတွေက အိမ်ဆိုင်လေးတွေမှာ စီစီညံညံလို့ 

ကိုယ်တွေတည်းခိုတဲ့ အိမ်ဆိုင်လေးထဲကို မနက်က စည်းဝေးသွားမယ်ဆိုတဲ့ ဖိုးစော်ကဲ တယောက် ကွမ်းလေး တ၀ါးဝါးနဲ့  ၀င်လာတယ်။

စည်းဝေးသွားတာ ဘာထူးလဲလို့ မေးတော့..
ဘာမှ မထူးပါဘူးလို့  ခေါင်းလေး တကုပ်ကုပ်နဲ့  ဖြေတယ်။

စည်းဝေးခေါ်တာဆိုတာ တခုခုထူးလို့ ခေါ်တာပေါ့ ဘာမှ မထူးဘူးဆိုတာ ဟုတ်ပါ့မလားတဲ့ ဆိုင်ရှင်က ၀င်ထောက်တယ်။
သူက မထူးပါဘူး အကျော(အကို)ရယ်တဲ့။

ဒါဆို အစည်းအဝေးခေါ်တာ ဘာတွေဆွေးနွေးတာလဲ လို့ ထပ်မေးတော့မှ
“ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး” တဲ့။

မင်းကလည်းကွာ ဒါလည်း ထူးတာဘဲပေါ့လို့ ဆိုင်ရှင်က ပြောတော့..
အော် ကိုယ်တွေက ရွာမှာ ကျောက်ကြမ်းလမ်းလေးများ ခင်းပေးမလား၊ ကျောင်းဆောင်လေးကို ကောင်းအောင်များ လုပ်ပေးမလား၊ ရွာမီးလင်းရေးများ ပြောမလားလို့  ထင်ထားခဲ့တာလို့  ဖိုးစော်ကဲက ပြန်ပြောတယ်။

အဲဒီအချိန်မှာဘဲ ဆိုင်ရှင် အမျိုးသမီးက “ အေးလေ အဲ့ဒီအကြောင်းတွေတော့ တလုံးမှ မဟဘူးလား၊ တို့  မှာတော့ အဲ့ဒီအရေးတွေကို သူတို့ များ ဘာလုပ်ပေးမလဲလို့  မျှော်လိုက်ရတာ” လို့  မျက်နှာလေး မဲ့ကာမဲ့ကာနဲ့ ဝင်ပြောတယ်။

“ အခုတော့ ငြိမ်းချမ်းရေး ဖုန်ရူရတာဘဲ အဖတ်တင်တယ်၊ တနေ့ တနေ့ သူ့ တို့ မောင်းတဲ့ကားတွေ နည်းလား၊ တို့ ရူတဲ့ ဖုန်တွေကလည်း နည်းနည်းနှောနှောလား” လို့  အနားမှာ ရပ်နားထောင်နေတဲ့ ရွာသူ တယောက်ကလည်း မျက်နှာထိ မျက်နှာထားနဲ့  ပြောလာတယ်။

မင်းတို့ အစည်းအဝေးက သက်ငယ်မုဒိမ်းပပျောက်ရေးဘဲလား တခြား ဘာတွေဆွေးနွေးသေးလဲလို့ ဆိုင်ရှင် အမျိုးသားက ထပ်မေးပြန်တယ်။
ဖိုးစော်ကဲကလည်း အဲ့ဒါဘဲ၊ တခြားဘာမှ မပြောဘူးလို့  ဖြေတယ်။

ဆိုင်ရှင်က မကြေနပ်နိုင်သေးဘဲ မင်းတို့ ရော ဘာမှ ပြန်မဆွေးနွေးဖူးလားလို့ မေးတော့
ဖိုးစော်ကဲက “ ဘယ်တပ်ဖွဲ့ မှ မရှိရင် ဘာမုဒိမ်းမှုမှ မရှိဘူးလို့  ပြောတာပေါ့” တဲ့

ဆိုင်ရှင် အမျိုးသမီးက အစည်းအဝေးမှာ ပြောတာလားလို့ မေးတော့
ဘယ်ဟုတ်ပါ့မလဲ ကိုယ့်အချင်းချင်းဘဲ ပြောတာပါတဲ့။

စည်းဝေးထဲမှာတော့ ဘယ်ထ ပြောရဲ ပါ့မလဲ သူတို့ က သေနတ်ကြီးတွေနဲ့ တဲ့။
သူ့ အပြောကြောင့် ကိုယ်တို့ အားလုံး ၀ိုင်းရယ်လိုက်ကြတယ်။

ဖိုးစော်ကဲ ခင်မျာမှာလည်း ကွမ်းရွက်စိမ်းတထုတ်၊ ထုံးဗူး တဗူးကို ကရင်လွယ်အိတ်လေးထဲ ကောက်ထည့်ပြီး ဆိုင်ကယ်လေးနဲ့  သုတ်ခြေတင်သွားလေရဲ့ ။

အပြင်မှာလည်း မှောင်နေပြီ၊
အိမ်ဆိုင်လေးလည်း လူတွေ ရှဲသွားကြပါပြီ
အိပ်ယာဝင်ဖို့  ခြင်ထောင်လေးချလိုက်တော့ နေ့ လည်က သူတို့  တမ်းတမ်းတတ ပြောကြတဲ့ ဝေါလ်ကွန်ဆမ်းကို သွားသတိရတယ်။

ရွာလေးကတော့ မူ့ ဂါးကြီးပြောတဲ့ အမျိုးသားတို့  အစိုးသားတို့  ထက် ဝေါလ်ကွန်ဆမ်းကို လွမ်းနေကြလေရဲ့ ။

ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ၊ ၂၅၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts