ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၂

February 28, 2019

ခိုင်မာကျော်ဇော – ရပ်အကြောင်း ရွာအကြောင်း – ၂

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉

ရွာလယ် လမ်းမကြီးဘေးက အကြော်ဆိုင်လေးကစတဲ့ ကရင်ရွာကလေးရဲ့  နေ့ သစ်ဟာ အဲ့ဒီအကြော်ဆိုင်လေးမှာဘဲ အဆုံးသတ်တယ်လို့  ပြောရ မလိုလို။

ခြံထဲက၊ စိုက်ခင်းထဲက၊ ရွှေတွင်းတွေဆီက ပြန်လာတဲ့ ရွာသူရွာသားတွေရဲ့ ဖုန်တွေနဲ့  လူးလိမ့်နေတဲ့ ဆိုင်ကယ်လေးတွေဟာ ညနေ နေ၀င်ရီတရောမှာလည်း အကြော်တဲလေးရှိရာကိုဘဲ ခေါင်းဝင်တိုးကြတာပါဘဲ။

မနက်စောစောက အကြော်တဲလေးဟာ ညနေပိုင်းကြတော့ ရွာရဲ့ ယမကာတဲလေးဖြစ်လို့ နေပြန်ပါတယ်။ ဒီမိုကရေစီခေတ်မှာ ကရင်ရွာက အကြော်တဲလေးရဲ့ ပြောင်းလဲမှုစံနှုန်းကတော့ ဒုံးပျံယာဉ်တောင် ရှုံးလောက်ပါရဲ့  ။

အဲ့ဒီတဲလေးမှာ ချက်အရက် ရတယ်၊ ထန်းရည် ရတယ်၊ ခေါင်ရေလည်းရတယ်၊ ဈေးကွက်မြင်တဲ့ အကြော်တဲရှင်ကလည်း ကြက်ခြေထောက်ဟင်း၊ ကြက်သားဟင်း၊ သီးစုံဟင်း တခါတလေတော့လည်း အမဲရွတ်ဟင်း စတဲ့ ဟင်းတွေ ညနေဘက်ဆို ရောင်းတယ်။

ကြက်သားဟင်း ၅၀၀၊ ကြက်ခြေထောက်ဟင်း ၃၀၀၊ သီးစုံဟင်း ၂၀၀ ဆိုတဲ့ အသံတွေက ရွာသူတွေဆီက လာတာဖြစ်ပြီး ၊  အညာသား တလုံး၊ ကရင်ကြီး တလုံး၊ ရွာသားတပိုင်း ဆိုတဲ့ အသံတွေက ရွာသားတွေဆီက လာတာဖြစ်တယ်။

အညာသားဆိုက ထန်းရည်၊ ကရင်ကြီးဆိုတာက ခေါင်ရည်၊ ရွာသားဆိုတာက ချက်အရက် … တဲ့။ သူတို့ ဒက်ဖနေးရှင်းနဲ့ သူ့ တို့ ကတော့ သဘောတွေကျလို့  ကြက်ခြေထောက် တချောင်း၊ ပဲကြီးကြော်လေးတဆုပ်နဲ့ လည်း သူတို့  အလုပ်ဖြစ်နေကြတာပါဘဲ။

ရွာသူတွေက ကြွပ်ကြွပ်အိတ်ကလေးနဲ့ ထုပ်ထားတဲ့ ဟင်းထုတ်လေးတွေကို ပုလိုင်းတွေထဲ ကိုယ်စီထည့်လို့  အိမ်တွေရှိရာကို သုတ်သုတ်နဲ့  ဖိုးစော်ကဲတို့ ကတော့ အကြော်တဲလေးထဲမှာ ရုတ်ရုတ်နဲ့ ကျန်ခဲ့လေရဲ့။ နေ၀င်လို့ မိုးချုပ်သွားပေမဲ့ ဆိုင်ကယ်စုတ်ကလေးတွေရဲ့  တဖုတ်ဖုတ်အသံတွေကတော့ ရွာကလေးရဲ့ ဟိုမှာ ဒီမှာ၊ အိမ်ပေါ်ကနေ ရွာလယ် လမ်းမဘက်ကို လှမ်းကြည့်လိုက်တော့ အမှောင်နဲ့ မဲမဲထဲမှာ ပိုးစုန်းကြူးလေးတွေလို မီးလုံးလေးတွေ တလက်လက်နဲ့  ရွာသူရွာသားတွေ။

ပိုးစုန်းကြူး လူသားတွေရဲ့  ဆန်တပြည်၊ ကွမ်းရွက်ပုံ တထုပ်၊ ကွမ်းသီးစို ၄ လုံး၊ ထွန်းရွှေဝါ တဗူး ဆိုတဲ့ အသံတွေဟာ နီးစပ်ရာ ဈေးဆိုင်လေးတွေ မှာ ပျံဝဲလို့  …

ထူးဆန်းသလို ဖြစ်နေလို့ သူတို့ ခေါင်းမှာ ပတ်ထားတဲ့ မီးလုံးလေးတွေကို ကိုယ်က စပ်စုကြည့်တော့ သူတို့ က အဲ့ဒါ ခေါင်းမီးတဲ့ ။  ခေါင်းမှာ ပတ်တော့ ခေါင်းမီးပေါ့လေ၊ ဓာတ်မီးမသုံးဘဲ ဒီခေါင်းမီးက ဘယ်က ဘယ်လို ဖြစ်လာသလဲလို့ မေးတော့ ခေါင်းမီး ဇာတ်လမ်းကို သူတို့  အခုလို ခင်းပြတယ်။

“ကျမတို့  ခေါင်းမီးတွေက ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးက စတာ၊  မူးဂါး(အဒေါ်)ရဲ့ …” တဲ့။

“ဟဲ့…  နင်တို့ ခေါင်းမီး ဇာတ်လမ်းက ခမ်းနားလှချည်လား ။ ကဲ … ဆက်စမ်းပါဦး” ဆိုတော့

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလေ ကျနော်တို့ ကျနော်မတို့ ရွာကို အစိမ်းတွေ၊ အနီတွေ အပြိုင်မဲဆွယ်ကြတယ်၊ ရွာကို အစိမ်းတွေလည်း လာတယ်၊ အနီတွေလည်း လာတယ်၊ ခြေချင်းကို လိမ်နေတာဘဲ …” တဲ့ ။

“ဘယ်သူကဖြင့် ဘယ်လိုကောင်းတယ်၊ ရွာအခြေ ဘယ်လိုပြောင်းမယ်၊ ဘယ်ရွေ့ ဘယ်မျှ တိုးတက်မယ်ပေါ့၊ သူတို့ ကလည်း ပြောရင်း ပြောရင်းနဲ့ ဒေါတွေ မာန်တွေလည်း ပါပါလာတယ်။”

“အစိမ်းက ခေါင်းမီးတွေ၊ ခြင်ထောင်တွေ၊ ပုဆိုးတွေ၊ ထမိန်တွေ ဝေတယ်၊
အနီကတော့ ဒေါ်စုပုံပါတဲ့ စာရွက်စာတန်းတွေ ဝေတယ်၊
အပြိုင်အဆိုင်လည်း ဟောကြပြောကြတယ်။
အဲ့ဒီအချိန်တုန်းကဆို ကျမတို့ ညီအကိုမောင်နှမတွေ သဘောထားတွေတောင် ကွဲကြသေးတယ်။ အစိမ်းကကောင်းတယ်၊ အနီက ကောင်းတယ်ပေါ့၊”

“ဒါပေမဲ့ ဘယ်အဖွဲ့ ဘာပေးပေး ရွာသားတွေကတော့ ပေးတာ အကုန်ယူတာဘဲ။”

“ကဲ .. နောက်ဆုံးတော့ ဘယ်လို အဆုံးသတ်သွားလဲ … နင်တို့ ရွာက နီသွားသလား၊ စိမ်းသွားသလား”

“နီသွားတာပေါ့ အဒေါ်ရဲ့ ၊ အစိမ်းသမားက ခပ်နည်းနည်းဘဲဟာ၊ အစိမ်းဘက်က မဲဆွယ်တဲ့ ကျောင်းဆရာလေးဆို ကျမတို့ ကို ပြောတယ်၊  နင့်တို့ ကလည်း တို့ ပေးတာတွေ အကုန်ယူပြီး တို့ ကိုတော့ မဲမပေးဘူးတဲ့။ မပေးပါဘူး နင်တို့ အစိမ်းက ကောင်းမှ မကောင်းတာလို့  ကျမတို့ က ပြန်ပြောတယ်။”

တကယ်ကတော့ ကျောင်းဆရာလေးက ကရင်ဆရာလေးပါ၊

“အစိမ်းမကောင်းတာ သူလည်း သိပါတယ်။ ဒါပေမဲ့ သူက ၀န်ထမ်းဆိုတော့ သူများ ခိုင်းတာ လုပ်ရတာပေါ့…” တဲ့။

“ကျမတို့ က နင်တို့ ပေးလို့  ငါတို့ ယူတာ။ မဲပေးတာတော့ ငါတို့ ပေးချင်တာ ငါတို့ ပေးမှာပေါ့ … လို့ သူ့ ကို ပြောတော့ သူက တဟားဟားနဲ့ ရယ်တယ်။”

“ကျမတို့ ခေါင်းပေါ်ကမီးဟာ အစိမ်း ခေါင်းမီး ။ အဒေါ်ရဲ့ တဲ့။”

“ကဲ .. အနီနိုင်သွားတော့ ရွာမှာ ဘာတွေပြောင်းလဲ လာလဲ” လို့ မေးတော့ … အရင်က တက်ကြွနေတဲ့ သူတို့ မျက်နှာဟာ တွေတွေဝေေ၀ ဖြစ်သွားတယ်။

“ရွေးကောက်ပွဲလည်း ပြီးရော အစိမ်းရော အနီရော ဘယ်သူမှ ရွာကို မလာကြတော့ဘူးလေ၊ ”

“ဘယ်သူမှ တခါမှ မလာကြတော့ဘူးလား” လို့ သေချာအောင် ကိုယ်က မေးတော့
“ဘယ်သူဆို ဘယ်သူမှ မလာကြပါဘူး” တဲ့၊

“ကျမတို့ မှာတော့ ကျမတို့ ရွာမှာ မီးလေးများ လင်းလာမလား၊  လမ်းလေးများ ကောင်းလာမလား၊
စာသင်ကျောင်းလေးတိုးတက်မလားလို့  မျှော်တာပေါ့၊ ဒီနေ့ ထိကို ဘယ်သူမှကို မလာကြတာပါ … ” တဲ့။

ဒါပေမဲ့ သူတို့ က အားတော့ မလျော့ကြသေးဘူး၊
“အဒေါ်ရယ် … အစိမ်း၊ အနီထက် ကောင်းတဲ့ အ၀ါ ပါတီတို့  အပြာပါတီတို့ … ရှိသေးလား” တဲ့၊

ဘာလုပ်ဖို့ လဲမေးတော့..
“အော် ကိုယ့်ရွာကောင်းဖို့ လုပ်ပေးမယ်ဆို ၀ါသင့်ရင်လည်း ၀ါရမယ်၊ ပြာသင့်ရင်လည်း ပြာရမယ်” တဲ့၊

သူတို့ ပြောစကားတွေ နားထောင်ပြီး ကိုယ်မှာ တွေးစရာတွေ အများကြီးဖြစ်လာတယ်။

“ကိုယ့်ရွာကောင်းဖို့ လုပ်ပေးမယ်ဆို ၀ါသင့်ရင်လည်း ၀ါရမယ်၊ ပြာသင့်ရင်လည်း ပြာရမယ်တဲ့”

ဒီစကားကိုတော့ ထပ်ခါထပ်ခါ ပြန်ကြားယောင်နေတယ်။

အဲ့ဒီညက တော်တော်နဲ့  အိပ်လို့ မရခဲ့။

အမိုးခေါင်းချသွားတဲ့ ရွာလေးကလေးကတော့ … အမိုးရှိစဉ်ကလိုဘဲ အမှောင်နဲ့ မဲမဲထဲမှာ အိပ်မောကျလို့ …..။

ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၂၁၊ ၂၀၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခိုင်မာကျော်ဇော, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

Archives