သူတို့အာဘော်

အမ္ဗနဒီကျော်စွာ – စာကြည့်တိုက်တို့ဥပဒေ နင်ဘယ်ကိုင်းမှာနေ

Photo – Yan Naung (Botahtaung)

အမ္ဗနဒီကျော်စွာ – စာကြည့်တိုက်တို့ဥပဒေ နင်ဘယ်ကိုင်းမှာနေ

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေမူကြမ်းကြီးသည်ကား ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို ရင်ဝကိုစုံကန်ကာ အခုရက်ပိုင်းမှာ ထွက်ရှိလာခဲ့သည်။ လေ့လာ ဆန်းစစ် ကြည့်ရ သလောက် ဆိုလျှင်ကား ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့ ပူးပေါင်းကာ ရေးသား စီစဉ်ခဲ့သော ဥပဒေမူကြမ်းဟု ကြားသိရသည်။

မူကြမ်းထွက်ထွက်ခြင်းမှာပင် စာကြည့်တိုက်မှူးများ စာကြည့်တိုက်များကို စာအုပ် ငွေကြေး လိုအပ်သည့်ပစ္စည်း များစွာတို့ကို ကူညီပေးနေကြသည့် ပရဟိတ အသင်းအဖွဲ့များ စာပေချစ်သူများ စသည့်ဖြင့် တပြိုင်နက် ညီညီညာညာ ကန့်ကွက်ခြင်းများ ဖြစ်ပေါ်လာသည်။

သေချာသည်ကတော့ စာပေအသင်းအဖွဲ့များ၏ သဘောထား စာအုပ်စာပေများကို လှူဒါန်းပြီး တနိုင်တပိုင် စာကြည့်တိုက်များ လုပ်ကိုင်ကူညီပေးနေကြသူများ၏ ခံစားချက်များ စာပေချစ်သူများ၏ အသံများ မြို့နယ် ခရိုင် တိုင်း အလိုက် စာကြည့်တိုက်မှူးများ၏ အတွေ့အကြုံကောင်းများ စာကြည့်တိုက်နှင့်ပတ်သက်သော အသိပညာရှင် အတတ်ပညာရှင်တို့၏ အယူအဆများကို ထိတွေ့ခံစားရခြင်း မရှိပေ။

ယခုမူကြမ်းအရဆိုလျှင် စာကြည့်တိုက်များ၏ ကိစ္စဝိစ္စအဝဝတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပါမည်။ ဝန်ကြီး တစ်ဦးဦးပါမည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကိုယ်စားလှယ် ပါမည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကိုယ်စားလှယ် ပါမည်။ စာကြည့်တိုက်ပညာရှင် ကိုယ်စားလှယ် ပါမည်။ စာကြည့်တိုက်အသင်း ကိုယ်စားလှယ် ပါမည်။ သတင်းစာဆရာအသင်း ကိုယ်စားလှယ် ပါမည်။ စာရေးဆရာအသင်း ကိုယ်စားလှယ် ပါမည်။ စာကြည့်တိုက်လုပ်ငန်းကို စိတ်ဝင်စားသူ မြို့မိ/ဖ ကိုယ်စားလှယ် သုံးဦးပါမည် ဟု သတ်မှတ်ထားသည်။ ကော်မတီများ မြို့နယ်ကော်မတီများဖွဲ့ဦးမည်။ စာကြည့်တိုက်ဆိုသော ခေါင်းစဉ်အောက်တွင် စာအုပ်၊ စာတမ်း၊ စာပေပစ္စည်း၊ ၎င်းတို့ကို အများပြည်သူတို့ လေ့လာဖတ်ရှု အသုံးပြုနိုင်စေရန် ဖွင့်လှစ်ထားသော နေရာများ အခန်းများ အဆောက်အဦများ အားလုံးအကျုံးဝင်သည်။ ဥပမာ ကိုယ်ပိုင်၊ လမ်းပိုင်၊ ရပ်ကွက်ပိုင်၊ စာကြည့်တိုက်များ ပိဋ္ဋကတ်တိုက်များ စာကြည့်ခန်းများ စာဖတ်ခန်းများ စာကြည့်အသင်း အများပြည်သူတို့ စာပေဖတ်ရှုရန် ငှားရမ်းရန် ရည်ရွက်ချက်ဖြင့် ဖွင့်လှစ်ထားသည့် နေရာများ အခန်းများ အဆောက်အဦးများ ရွေ့လျား သွားလာ လှည့်လည် နိုင်သော ယာဉ်များအားလုံး ပါဝင်သည်ဟု သတ်မှတ်ထားသည်။ စာအုပ်၊ စာတမ်း၊ စာပေပစ္စည်း ဆိုရာတွင်လည်း မည်သည့်ဘာသာစကားဖြင့်မဆို ရေးသားခြင်း လွှင့်တင်ထားခြင်း ပုံနှိပ်ထားခြင်း လက်ရေးမူများ ပေစာ ပုရပိုက်စာ မင်စာ ကျောက်စာ ပုံနှိပ်စာ စာနယ်ဇင်းများ မြေပုံများ ရုပ်ပုံများ ဓါတ်ပုံများ ဂီတသင်္ကေတများ ဓါတ်ပြားများ မိုက်ခရို ဖလင်များ ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုထားသော စာပေ၊ အီလစ်ထရောနစ် အရင်းအမြစ်များ အားလုံးလိုလို ပါဝင်နေသဖြင့် မည်သည့် အနုပညာပစ္စည်းတစ်မျိုးမျိုးမှ ထိုစာကြည့်တိုက်ဥပဒေ လက်အောက်က လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ပေ။ အတိုင်းတိုင်း အမြို့မြို့ အနယ်နယ် အရပ်ရပ်ရှိ စာကြည့်တိုက်များ အားလုံး၏ ဥက္ကဋ္ဌတို့သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လာရောက်အုပ်ချုပ်ကာ စီမံခန့်ခွဲပေလိမ့်မည်။ အတွင်းရေးမှူးများကလည်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနကသာ ဖြစ်ပေလိမ့်မည်။

၎င်းတို့၏ လုပ်ငန်းတာဝန်များမှာ စာကြည့်တိုက်များဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ ညွှန်ကြားခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ စစ်ဆေးကြီးကြပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ စိစစ်ခြင်း၊ လက်မှတ်များထုတ်ပေးခြင်း၊ မြို့နယ် ရပ်ကွက် ကျေးရွာများတွင် စာကြည့်တိုက်များ ပိုမိုဖွင့်လှစ်နိုင်အောင် စည်းရုံးခြင်း တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေများထဲမှ ငွေကြေးများ စာအုပ်များ နည်းပညာများ အခြားလိုအပ်သော အရာများကို အဆင့်ဆင့် တင်ပြပေးပြီး ရယူပေးခြင်းများကို ပြုလုပ်ပေးမည်ဟု ပါရှိသည်။ အမှန်တကယ် ပြုလုပ်ပေးနိုင်လျှင်တော့ ထိုအချက်ကို ကြိုဆိုရမည်ဖြစ်သည်။

စာကြည့်တိုက်များကို တည်ထောင်လိုပါက သက်ဆိုင်ရာ မြို့နယ်ကော်မတီမှတဆင့် ကော်မတီထံသို့ လျှောက်ထားရမည်ဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်များဖြင့် မှတ်ပုံတင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်း ငြင်းပယ်ခြင်း သတိပေးခြင်း မှတ်ပုံတင် သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း မှတ်ပုံတင် သက်သေခံလက်မှတ်ကို ရုပ်သိမ်းခြင်း စသည်တို့ကိုပါ ပြုလုပ်နိုင်သလို အယူခံဝင်ခြင်းဆိုင်ရာ ပြဿနာများသည်လည်း ကော်မတီဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်ဟု ပါရှိသည်။ ဤသို့ဆိုလျှင် စာကြည့်တိုက်နှင့် ပတ်သက်သော ပြဿနာအရပ်ကို ဖြေရှင်းရန် တရားရေးမဏ္ဍိုင်အပြင် စစ်ဘက် တရားခုံရုံးရှိသလို ရဲတရားရုံးများရှိသလို စည်ပင်တရားရုံးများရှိသလို စာကြည့်တိုက်တရားရုံးသည်လည်း သီးသီးသန့်သန့် ပေါ်ထွက် လာမည့် အဓိပ္ပါယ်ကဲ့သို့ သက်ရောက်လာနိုင်သည်။ အကယ်၍ ဥပဒေပါအတိုင်း ကိုယ်ပိုင် လမ်းပိုင် ရပ်ကွက်ပိုင် မြို့နယ်ပိုင် စာကြည့်တိုက်များသည် မှတ်ပုံတင်သက်သေခံလက်မှတ်ကို မလျှောက်ထားမိပါက ထောင်ဒဏ် တစ်လ သို့မဟုတ် ငွေဒဏ် တစ်သိန်းမှ နှစ်သိန်းအထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။

စာကြည့်တိုက်ဥပဒေသာ အတည်ပြုခဲ့ရင်တော့ ကိုယ်ပိုင်တနိုင်တပိုင်ဖွင့်ထားတဲ့ စာကြည့်တိုက်ကလေးကို ဝမ်းနည်းစွာနဲ့ ပိတ်ပစ်ရတော့မည်ဟု ဆိုသူများ အများအပြားရှိသလို ကိုယ့်ထမင်းကိုယ်စားပြီး လူမှုကျင့်ဝတ်အရ ဝါသနာ စေတနာ အနစ်နာတွေနဲ့ ဖွင့်လှစ်ထားကြတဲ့ ရပ်ကျေးစာကြည့်တိုက်ကလေးတွေ အများစုကလည်း မှတ်ပုံတင် ပြုလုပ်ဖို့ ဟိုသွားရ သည်သွားရ မြို့တက်ရ ကော်မတီတက်ရနဲ့ဆိုတော့ မိမိစီးပွားရေးလုပ်ငန်းလည်း မဟုတ်ဘဲ အလုပ်တွေ အရှုပ်ခံကာ မှတ်ပုံတင်ရန် အခက်အခဲများစွာဖြစ်ပေလိမ့်မည်။ အလွယ်အကူ ပြန်ကျလျှင် ကောင်းပါသော် လည်း ရစ်ခြင်း ညစ်ခြင်း စာရွက်စာတမ်းကြေး ဘာကြေး ညာကြေး အမြန်ကြေး လက်ဘက်ရည်ဖိုးတွေတောင်းလျှင် ပြည်သူလူထု၏ အငြိုငြင်ကိုပါ ခံရပေလိမ့်မည်ထင်သည်။

ထို့အပြင် စာကြည့်တိုက်နှင့် ပတ်သက်လျှင် စာကြည့်တိုက်ဘာသာရပ်ရှိသည်။ စာကြည့်တိုက် ပညာရှင်များ ရှိသည်။ ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက်ဘာသာရပ်ကို လေ့လာလိုက်စားနေကြသော ကျောင်းသားများရှိသည်။ စာကြည့်တိုက်လုပ်ငန်းကို စိတ်ပါဝင်စားစွာ အစဉ်တစိုက်ဆောင်ရွက်နေကြသော တက်ကြွလှုပ်ရှားနေကြသူများ ရှိသည်။(ဥပမာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနေရာများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်ပေးခဲ့သော ကိုဇော်ဇော်တို့လို ပုဂ္ဂိုလ်များ၊ ရပ်တည်ရန် ခက်ခဲသော စာကြည့်တိုက်များကို စာအုပ်များ ငွေကြေးများ လူအင်အားများပါ ထောက်ပံ ကူညီပေးနေသော Save The Library အဖွဲ့ တာဝန်ခံ ကိုမောင်မောင်စိုးလို ပုဂ္ဂိုလ်များ၊ တစ်လ တစ်ယောက် တစ်ထောင် စုစည်းကာ စာကြည့်တိုက်များအတွက် လိုအပ်သော နေ့စဉ်ထုတ် သတင်းစာ အပတ်စဉ်ထုတ် ဂျာနယ် နေ့စဉ်ထွက်/လစဉ်ထွက် စာအုပ်စာပေ အသစ်များကို စုဆောင်းဝယ်ယူကာ စာကြည့်တိုက်ရောက်သည် အထိ ပို့ဆောင်ပေးနေသော ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဆရာညိုသစ်ငယ်လို ပုဂ္ဂိုလ်များ တိုက်မှထွက်ရှိသမျှသော စာအုပ်များကို လစဉ် နှစ်စဉ်လိုလို စာကြည့်တိုက် တစ်တိုက် ဖွင့်နိုင်လောက်သည် အထိ လှူဒါန်းမတည်ပေးနေသော မန္တလေးမှ ပုံနှိပ်တိုက်ပိုင်ရှင် ကဗျာဆရာမိုသျှန်းလို ပုဂ္ဂိုလ်များကို ရွေးချယ်ကာ နေရာပေး ခန့်အပ်ဖို့သာ ပြည်သူလူထုက စိတ်ပါဝင်စားလိမ့်မည်ဖြစ်သည်။)

စာကြည့်တိုက်ဆိုသည်မှာ ကျန်းမာရေး လူမှုရေး နိုင်ငံရေး စီးပွားရေး အနုပညာ အားကစား သုတ ရသ အထွေထွေ ဗဟုသုတ အကြားအမြင် အတွေးအခေါ်တို့ စုံလင်စွာ ပေါင်းစုရာ ဖူးပွင့်ရာ ကူးလူးယှက်သွယ်ရာ ပေါင်းကူး ထုံသင်းရာ အရပ်ဒေသဖြစ်သည်။ ထိုကဲ့သို့သော နေရာဒေသ အသင်းအဖွဲ့များသည် အစိုးရတစ်ရပ်၏အရိပ် နိုင်ငံရေးသမားများ၏အရိပ် စီးပွားရေးသမားများ၏အရိပ် အနုပညာသမားများ၏အရိပ် အစားကစားသမားများ၏အရိပ် စသည်ဖြင့် အရိပ်တစ်ခုခု၏ အောက်တွင် ရပ်တည်နေထိုင်ရမည့် အရာမဟုတ်ပေ။ အစိုးရများ စီးပွားရေးသမားများ နိုင်ငံရေးသမားများ အရာရှိ အရာခံများ တာဝန်ကျေသာထမ်းဆောင်မည့် နိုင်ငံဝန်ထမ်းများက စီမံခန့်ခွဲမည်ဆိုပါက ထိုစာကြည့်တိုက်များသည် အားကောင်းမောင်းသန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်ပါမည်လားဆိုတာ စဉ်းစားစရာဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် စာတတ်သူများသော်လည်း စာမဖတ်သူများသဖြင့် အသိပညာ ဗဟုသုတအကြားအမြင် နည်းပညာ နည်းကာ ပြစ်မှုပေါင်းများစွာဖြစ်ပွားလျက် ကျန်းမာရေးအားနည်းလျက် အားကစား ကိုယ်ကာယ အသိပညာ အတတ်ပညာ နိုင်ငံတကာနှင့်ဆက်ဆံရေးများ နည်းဗျူဟာများ ဒေသတွင်းအင်အားနည်းပါးမှု များ နိုင်ငံရေး စီးပွားရေး လှုမှုရေး ပညာရေး အစစအရာရာ အားနည်းနေသည့်အပြင် စာနယ်ဇင်းလောကများကိုပါ ထိခိုက်မှုများရှိနေပြီး ရောင်းလိုအား ဝယ်လိုအားများ ကျဆင်းကာ မဂ္ဂဇင်းများ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများ တစ်တိုက်ပြီးတစ်တိုက် ရှုံးနိမ့်ပြီး နှုတ်ဆက်လက်ပြကာ ထွက်ခွာနေကြရချိန်တွင် စာကြည့်တိုက်များ စာအုပ်အငှားဆိုင် ကလေးများ စာအုပ်အရောင်းဆိုင်များ မဂ္ဂဇင်း ဂျာနယ် သတင်းစာများကို တဖက်တလမ်းမှ တနည်းနည်းဖြင့် ကူညီ လုပ်ကိုင်ပေးရမည့်အချိန်တွင် ယခုကဲ့သို့ ဥပဒေမူကြမ်းထွက်လာခြင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကူညီရာ မရောက်သည့်အပြင် ရေနစ်သူကို ဝါးကူထိုးသကဲ့သို့ ချစ်ရာမရောက် နှစ်ရာရောက် ဖြစ်နေပေလိမ့်မည်ထင်သည်။

အစိုးရအဖွဲ့အစည်းဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးရန် ရွေးချယ် ခန့်အပ် ထားသော တင်မြှောက်ရွေးကောက်ထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြည်သူလူထုတို့၏ လိုအပ်ချက်များ ဆောင်ရွက်ပေးရမည့် အရာများ ကူညီလုပ်ကိုင်ပေးရမည့် ပြဿနာများကိုသာ မေးမြန်းစုံစမ်းပြီး ငွေကြေးများ မြေနေရာများ အခန်းများ စာအုပ်စာတမ်းများ နည်းပညာများ ပစ္စည်းကိရိယာတန်ဆာပလာများကိုသာ ထောက်ပံ့လှူဒါန်း ချီးမြှင့်ပေးကမ်းရမှာဖြစ်ပြီး ပြည်သူလူထုတို့က သင့်တော်၍ လက်ဖြင့်ရေးသည့် အစီအစဉ်များကို အရာများကို ခြေဖြင့်ဖျက်ရန် အကြံစည်သင့်ပါကြောင်း နေရာတကာတွင် ငါတို့က အစိုးရပဲဟူသောအမြင်ဖြင့် ငါတို့က အမှုထမ်း အရာထမ်းဟူသော အမြင်ဖြင့် အပေါ်စီးမှ စီမံအုပ်ချုပ်ခွင့်မရှိကြောင်း စာကြည့်တိုက်များဖွင့်ရန် အခက်တွေ့ စေလျှင် ထောင်တံခါးတို့သည် များများပွင့်လာမှာဖြစ်တဲ့အတွက် ထောင်များကိုတိုးချဲ့ဆောက်လုပ်ထားရန် အကြံပြု ရပါတော့မည်လား စဉ်းစားရပေလိမ့်မည်။

အမ္ဗနဒီကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts