သာထက်အောင် – လူရောင်စုံ၊ ဘ၀ရောင်စုံ၊ ဒုက္ခရောင်စုံ –  ၂

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

” ကိုင်း … ကားဆရာ၊ ဒီမှာပဲရပ်”
တာမွေဈေးရှေ့ရောက်တော့ တက်စီပေါ်က ဆင်းလိုက်တယ်။

“အကိုအားရင် ကျွန်တော့်ဆိုင် တရက်လောက် အလည်လာပါဦး၊ တာမွေဈေးရှေ့ ဇော် မိုဘိုင်း ဆို လူတိုင်းသိပါတယ်”
ဇော်မင်းဦးက သူ့ဆိုင်လာဖို့ ခေါ်နေတာ ခုလမ်းကြုံတုန်း ၀င်မယ်စိတ်ကူးပြီး ကားပေါ်က ဆင်းလိုက်တော့… အားပါးပါး… လူတွေ တယောက်ဖနောင့် တယောက် မနင်းမိရုံ။ ဟိုကြည့် သည်ကြည့်နဲ့ ဇော်မိုဘိုင်းကို ရှာလို့မတွေ့၊ နောက်ဆုံး ဖုံးထုတ်ပြီး “ငါ မှတ်တိုင်ရှေ့မှာ မင့်ဆိုင်ရှာလို့မတွေ့ဘူး” ဆိုမှ သူကိုယ်တိုင် လာခေါ်မှ ရောက်ပါတော့တယ်။ ပလက်ဖေါင်းပေါ်တက်ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေရဲ့ထီးတွေ၊ တာလပတ်မိုးကာတွေက ကွယ်နေတော့ ဆိုင်းဘုတ်ကို ရုတ်တရက်မြင်ဖို့ မလွယ်။

ဇော်မင်းဦး တည်ခင်းဧည့်ခံတဲ့ လက်ဖက်ရည်သောက်ရင်း ဘေးဘီ တချက်ဝေ့ အကဲခတ်လိုက်တော့ သူ့ဆိုင်ရှေ့ပလက်ဖေါင်းပေါ်မှာ ဒယ်အိုးကင်းပူထဲ ဆီအပြည့်ထဲ့ပြီး ဘူးသီးကြော် ဘယာကြော် ကြော်နေတဲ့ နေလောင်မျက်နှာနဲ့ မြန်မာအမျိုးသမီးကြီး။ သူနဲ့ မလှမ်းမကမ်းမှာက ကြိမ်ခြင်းကြီးထဲ အပြည့်အမောက်ထည့်ထားတဲ့ ၀က်နားရွက် ၀က်နှာခေါင်း ၀က်သားဒုတ်ထိုး ရောင်းတဲ့ စိနသွေးစပ်ပုံရတဲ့ အမျိုးသမီးကြီး။ သူတို့ကျောပေးထားတဲ့နောက်မှာက မွတ်စလင်ဆိုင် ၂ ဆိုင်… ဗဟုယဉ်ကျေးမှု (Multi culture) က မမျော်လင့်ပဲ တာမွေဈေးရှေ့မှာ လာထွန်းကားနေပါ့လားဆိုပြီး တယောက်တည်း ပြုံးမိပါသေးတယ်။

ဇော်မိုဘိုင်းဆိုင်ရှေ့က တိုးဝှေ့သွားလာနေတဲ့လူတွေကို ငေးကြည့်ရင်း ပလက်ဖေါင်းပေါ်ဈေးရောင်းနေတဲ့ အသွေးစုံ အရောင်စုံ ပစ္စည်းမျိုးစုံ လူတန်းစားပေါင်းစုံတို့ရဲ့ နေ့စဉ်ရုန်းကန်နေရတဲ့ သူတို့ဘ၀ကို ဘယ်အုပ်ချုပ်သူလူတန်းစား ဘယ်ခရိုနီကမှ စာနာ နားလည်နိုင်ကြလိမ့်မယ်မထင်ဘူး။

လမ်းဘေးဈေးသည်… ခေတ်အဆက်ဆက် ရန်ကုန်မြို့မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာပေါင်းမြောက်များစွာထဲမှာ ဒီလမ်းဘေးဈေးသည်ကိစ္စကလည်း ထိပ်ဆုံးတန်းမှာ ရှိပါတယ်။ မဆလခေတ်တုန်းက နေ့စားနဲ့ ငှားထားတဲ့ ဂဠုန်ဆိုတဲ့အမည်နဲ့ နံမည်ပျက်ခဲ့ဖူးတဲ့အဖွဲ့ကို သိမှီသူတို့ မှတ်မိကြပါလိမ့်ဦးမယ်။ ဂဠုန်လာပြီဟေ့ … ဆို ပြေးကြလွှားကြ လဲကြ ပြဲကြ။ ကားပေါ် ဗမ်းတွေ တောင်းတွေ ခုံတွေ အတင်းတင် ၊ ဈေးသည်က အတင်းပြန်ဆွဲ ၊ တချို့လည်း ကားပေါ် ပါသွား မျက်နှာငယ်လေးနဲ့ ၊ ရုံးတင် ဒဏ်တပ် ။ နောက်နေ့ကျ ဒီလူ ဒီဈေးသည်တွေ ဒီနေရာ ပြန်ရောက်လာပြန်ရော။ နောက်တော့… ထုံးစံအတိုင်း ဂဠုန်နဲ့ ဈေးသည် ပလဲနံပ သင့်ပြီး ဆက်ကြေး ဆက်သထားတော့ ဂဠုန်လာမယ်ဆို သတင်းတွေ ဘာတွေ ကြိုရလို့။ အဆင်ကိုပြေလို့။

နှစ်ပေါင်းများစွာ စွဲကပ်လာတဲ့ဒီရောဂါကို ခုထိ ဘယ်အုပ်ချုပ်ရေးသမားတော်မှ ပျောက်အောင် မကုနိုင်ပါဘူး။ တချို့က ပြောတယ် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရတာ အဓိကတရားခံက လမ်းဘေးဈေးသည် … တဲ့။ အကြောင်းပေါင်းများစွာထဲက အကြောင်းတခုအနေနဲ့ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒိထက် ကြီးကျယ်လေးနက်တဲ့ အကြောင်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံရေးစနစ် စီးပွါးရေးစနစ် မြို့ပြစီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှု၊ လာဘ်ပေးလာဘ်ယူမှု စတဲ့ အကြောင်းပေါင်းမြောက်များစွာနဲ့ ဆက်စပ် ပတ်သက်နေတယ်လို့များ ပြောရင် ကြီးကျယ်ရာများ ကျနေမလားပဲ။

တိုကျိုမှာ ပလက်ဖေါင်းပေါ် တက်ရောင်းတဲ့ လမ်းဘေးဈေးသည်ရှိသလား။ စင်ကာပူမှာ ဘီဂျင်းမှာ ဆစ်ဒနီ မှာ နယူးယောက်မှာ ဘာ့ကြောင့်လမ်းဘေးဈေးသည် မရှိသလဲ။ ရိုးရိုးလေးစဉ်းစားကြည့်ရင် လမ်းဘေးဈေးသည်ဆိုတာ ချမ်းသာသူ ကြေးရည်တတ် တယောက်မှ မပါဘူး။ တ၀မ်းတခါးအတွက် ဖြစ်သလို ရှာဖွေရုန်းကန်နေရသူချည်းပဲ။ သူတို့မှာ ဆိုင်ခန်းဝယ်နိုင် ငှားနိုင်လောက်တဲ့ ငွေကြေးကလည်း မရှိ၊ ဘုစုခရုတွေနဲ့ ငုတ်တုတ်ထိုင် အငတ်ခံလို့ကလည်း မဖြစ်တော့ လမ်းဘေးမှာပဲ ဖြစ်သလို မီးဖိုလေးနဲ့ အကြော်ရောင်းသူကရောင်း၊ အဟောင်းပေး အသစ်ယူနဲ့ ကုန်စိမ်းလေး ဗမ်းပေါ်တင် ရောင်းသူကရောင်း ၊ တချို့လည်း မုန့်ဟင်းခါး အသုပ်စုံ စိတ်ကူးတည့်ရာ အဆင်ပြေမယ်ထင်ရာ ရောင်းရင်း လောကဓံ အံတုပြီး စားဝတ်နေရေးတံပိုးအောက် ချွေးပါက်ပေါက် ကျရတဲ့သူတွေပါ။ သေချာတာကတော့ အားလုံး တ၀မ်းတခါးအတွက်ထက် ဘာမှမပိုပါဘူး။

ဒါဖြင့်… တခြားနိုင်ငံကလူတွေရော… အားလုံး သူဌေးတွေချည်းပဲလား။ ဆင်းရဲသား လက်လုပ်လက်စား မရှိတော့ဘူးတဲ့ လား။ ရှိပါသော်ကော။ ဒါပေမယ့် သူတို့ လမ်းဘေးမှာ အလုအယက် ဈေးရောင်းစရာမလိုတဲ့အကြောင်းက သူတို့နိုင်ငံတွေမှာ စက်ရုံ အလုပ်ရုံ ဖွံဖြိုးတယ်။ ဘာငွေကြေးအရင်းမှ မစိုက်ထုတ်ရပဲ တနေ့၈နာရီ စက်ရုံမှာလုပ်ရင် တ၀မ်းတခါးတော့ မပူရဘူး။ အဲ… အလုပ်မလုပ်နိုင်တော့ဘူး၊ ဒါမှမဟုတ် ပြုတ်လာပြီ ၀င်ငွေမရှိတော့ဘူး ဆိုရင် နိုင်ငံတော်က ထောက်ပံ့ပေးတယ်။ အသက် ၆၅ နှစ် ကျော်ပြီဆိုရင် သက်ပြည့်ပင်စင် – မသေမချင်း အစိုးရက တာဝန်ယူကျွေးမွေးထားရတယ်။ ဒီတော့… အဲသလိုနိုင်ငံမျိုးတွေမှာ ဘယ်သူမှ ပလက်ဖေါင်းပေါ်တက် ပုလိပ်အဖမ်းခံပြီး အော်ဟစ်ဈေးရောင်းနေမှာလဲ။

အဓိကကတော့ စနစ်ပါ။ စီးပွါးရေးချွတ်ခြုံ ကျနေတဲ့နိုင်ငံတွေမှာ ဆင်းရဲတဲ့ ကိုယ့်နိုင်ငံသားတွေကို တပြားတချပ်မှ မထောက်ပံ့နိုင်တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရင်း လမ်းပေါ်တက် ဈေးရောင်းတဲ့ဘ၀ ရောက်ကုန်ကြတာပါ။ ဒါ့ကြောင့် ဆင်းရဲတဲ့ အာရှနဲ့ အာဖရိကနိုင်ငံအချို့မှာ လမ်းဘေးဈေးသည်ဆိုတာ မမြင်ချင်မှ အဆုံးပါ။ တချိန်က ဆင်းရဲလှပါတယ်ဆိုတဲ့တရုတ်ပြည်ကြီး … ခု ဖွံဖြိုးကြီးပွါးလာတော့ (social security) လို့ ခေါ်တဲ့ ထောက်ပံ့ကြေးတွေ ပေးလာလို့ သက်ကြီးရွယ်အိုတွေ ပင်စင်လစာနဲ့ နေ၀င်ချိန်ကို အေးဆေးစွာ ဖြတ်သန်းနိုင်ကြပြီ။ လမ်းဘေးဈေးသည်ကို ဖမ်းပြရုံနဲ့ ပပျောက်လိမ့်မယ်ထင်ရင် မှားလိမ့်မယ်။

သေချာတာတခုက တိုင်းပြည်တပြည် စီးပွားရေးချွတ်ခြုံကျလေ ပြည်သူတွေ ဆင်းရဲတွင်း နက်လေ၊ လမ်းဘေးဈေးသည်တွေ ပေါလေ၊ ရာဇ၀တ်မှု ထူပြောလေ၊ နိုင်ငံရေးမတည်ငြိမ်လေ။
နိုင်ငံရေး မတည်ငြိမ်တဲ့ နိုင်ငံတနိုင်ငံကို ဘယ် ကမ္ဘာကျော် ကုမ္ပဏီကြီးတွေကမှ အမိုက်မဲခံလာပြီး ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံတခု ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများဆုံး နိုင်ငံတခု၊ ပါတီတွေ အဖွဲ့အစည်းတွေ အမည်အမျိုးမျိုးနဲ့ မွစာတက်နေတဲ့ နိုင်ငံတခု ၊ စစ်တပ်ရဲ့ သြဇာ မလွန်ဆန်နိုင်တဲ့အစိုးရ အုပ်ချုပ်နေတဲ့နိုင်ငံတခု၊ ရေ မီး လမ်းပမ်းဆက်သွယ်ရေး၊ ဒေသလုံခြုံရေး၊ အခွန်စနစ်၊ ဘဏ်စနစ် ငွေကြေးစနစ် အားရစရာမရှိတဲ့ နိုင်ငံတခု ၊ လာဘ်ပေး လာဘ်ယူ အဂတိလိုက်စားမှုမှာ ကမ္ဘာကျော်တဲ့ နိုင်ငံတခု၊ တရားဥပဒေ မစိုးမိုးတဲ့အပြင် စစ်အစိုးရ ပြန်လည်အသက်သွင်းဖို့ကြိုးစားနေတဲ့ လူ၊သင်္ကန်းဝတ်အဖွဲ့အစည်း ခိုင်ခိုင်မာမာရှိနေတဲ့ နိုင်ငံတခု၊ နည်းပညာ အတတ်ပညာ မထွန်းကားပဲ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ နိုင်ငံတခု။ ဒီလိုနိင်ငံမျိုးကို Samsung လို၊ Toyota လို Apple လို ကုမ္ပဏီကြီးမျိုးတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတာ တော်တော်ကြီး အလှမ်းဝေးပါတယ်။

လာရင်းလာ တနေ့ ၈ နာရီ လုပ်တာတောင် ဒံပေါက် ၂ ပွဲ ဖိုး လောက် လုပ်အားခပေးချင်တဲ့ တရုတ်တောသူဌေးတွေ၊ မသေမရှင် လခလေးပေးပြီး ခေါင်းပုံဖြတ်ချင်တဲ့ မမြောက်မခြောက် ကုမ္ပဏီတွေပဲ လာကြမှာပါ။ ဆင်းရဲလွန်းတော့လည်း သိသိကြီးနဲ့ ၀င်လုပ်ကြရ။ တချို့လည်း စင်ကာပူသွား အိမ်ဖေါ် လုပ်၊ အညာမှာ ထန်းတက်နေတဲ့သူလည်း မတတ်သာတဲ့အဆုံး မလေးရှားမှာ ထိုင်းမှာ ကြုံရာ ကျရာ လုပ်ရင်းနဲ့ ခုတော့ မြန်မာအမျိုးကောင်း အားကောင်းမောင်းသန် ၅ သန်း လောက် ပြည်ပမှာ အောက်ခြေသိမ်းအလုပ်တွေလုပ်ပြီး အသက်မွေးနေကြရပါတယ်။ သန်း ၅၀ ကျော်ရှိတဲ့ တိုင်းပြည်တပြည်မှာ လူ ၅ သန်း ပြည်ပထွက် အလုပ်လုပ်နေတယ်ဆိုတာ အလုပ်လုပ်နိုင်သူဦးရေနဲ့ အချိုးချကြည့်ရင် နည်းတဲ့ရာနှုန်း မဟုတ်ပါဘူး။ သယံဇာတ အရင်းအမြစ်သာမက လူသားအရင်းအမြစ်ပါ ဆုံရှုံးနေတဲ့ သဘောပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာပြီး အာစီယံနှုန်းနဲ့ လုပ်အားခများ ရရင် ဘယ်သူမှ မျက်နှာငယ်ငယ်နဲ့ နိုင်ငံခြားမှာ နေမှာလဲ။ စက်ရုံအလုပ်ရုံ ကြီးတွေ အပြိုင်းအရိုင်း ပေါ်လာမယ်၊ တိုးရစ်ဇင်လုပ်ငန်းတွေ ဖွံဖြိုးလာမယ်၊၊ ဟိုတယ်ကြီးတွေ မိုးထိုးနေမယ်။ နည်းပညာအတတ်ပညာတွေ ခေတ်မီဆန်းသစ်လာမယ် ဆိုရင် လမ်းဘေးဈေးသည်ဆိုတာ တဖြည်းဖြည်းလျော့သွားမှာပါ။

ခုပုံနဲ့တော့… … တလောက အနောက်တံခါး ရခိုင်ဘက်မှာ ဘင်ဂါလီပြဿနာလည်း ပေါ်လာရော ဘွတ်ကင်လုပ်ပြီးသားတွေတောင် cancel လုပ်ကြတော့ တိုးရစ်ဇင်နဲ့ ခရီးသွားလုပ်ငန်း အ သွား ရော။ အကောင်းအဆိုး အားလုံးဟာ နိုင်ငံရေးနဲ့ တနည်းမဟုတ် တနည်း ပတ်သက်နေတာချည်း ပါပဲ။ ဗိုလ်ချုပ်ရုပ်တုတွေ ထုပြီး မြို့နယ်အနှံ စိုက်ထူတာလည်း နိုင်ငံရေးပါပဲ။ တိုင်းပြည်ကြီးပွါးရေးအတွက် ဘယ်လောက် အထောက်အကူဖြစ်သလဲ ဆိုတာကတော့ မျက်မြင်ပြည်သူတွေ ပိုသိပါလိမ့်မယ်။

နိုင်ငံခြားရင်းနှိးမြှပ်နှံမှုကို လာပါလာပါ တစာစာ အော်နေရုံနဲ့ လာမယ်ထင်ရင်တော့ မှားပြီ။ ငွေထုပ်ပိုက်ပြီး လိုက်ရှာမယ်လို့ပြောရင်တော့ ဒီပုဂ္ဂိုလ်စိတ် ပုံမှန် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ရင်းနှီးမြှုပ်နှံလို့ သင့်မသင့်ကို အသေအချာ လေ့လာ တွက်ချက်ပြီး သေချာမှ လာလေ့ရှိတဲ့ စီးပွါးရေးကုမ္ပဏီကြီးတွေကို လာပါ လာပါ ဘယ်လောက်ခေါ်ခေါ် လှည့်ကြည့်လိမ့်မယ် မထင်ပါနဲ့။

အဲ… … တခုတော့ ရှိတယ်၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအမှားတွေ၊ ဆုံးဖြတ်ချက်အမှားတွေ၊ နိုင်ငံရေးအကြပ်အတည်းတွေ၊ အာဏာလောဘဇောတိုက်မှုတွေကြောင့် ပြည်သူရဲ့ထောက်ခံမှုလည်း မရ ၊ ကမ္ဘာကြီးကလည်း “ကျဉ်” လာတဲ့အခါမှာ ကိုးမိကိုးရာ ကွယ်မိကွယ်ရာ ဆရာအတင် သခင် အရွေးမှားပြီး အဲဒီနိုင်ငံကြီးများက ၀ါးမျိုသွားတာကို စေတနာနဲ့ လာရင်းနှီးမြှုပ်နှံတယ် ထင်ရင် တက်တက်စင် လွဲပါလိမ့်မယ်။ ဒေါ်လာ မီလျံ ဘီလျံနဲ့ ချီတဲ့ နိုင်ငံခြားချေးငွေကို ၄.၅ ရာနှုန်း အတိုးနှုန်းနဲ့ ယူရဲတဲ့အစိုးရမျိုး ကတော့ ကမ္ဘာမှာ သိပ်ရှိမယ် မထင်ပါဘူး။

ရန်ကုန်မှာ ၄- ၅ ရက်နေပြီး ဟိုဟို ဒီဒီ သွားလိုက်တော့ သဘောပေါက်ပြီ။ ရန်ကုန်မြို့ရဲ့ အကျယ်အ၀န်းနဲ့ လူဦးရေနဲ့ ကားအစီးရေနဲ့ မဆန့်မပြဲ ဖြစ်နေပြီ။ တနေ့တခြား တိုးပွါးနေတဲ့လူဦးရေ၊ လမ်းဘေးဈေးသည် ၊ ကားစီးရေ နောင် ၅ နှစ် ၁၀ နှစ် လောက်ဆို … အခု တောင် မြို့ထဲမှာ ကားရပ်ဖို့တနေရာစာရဖို့ အချိန်ကုန်ခံ ဓါတ်ဆီအကုန်ခံ ရှာနေရပြီ။ ကားရပ်ဖို့ နေရာလုရင်း ဒုတ်တပြက် ဒါးတပြက်တွေ ဖြစ်ကုန်ပြီ။ ခရီးတွင်ရေး အမြန်ရောက်ရေးအတွက် လမ်းကြိုလမ်းကြားကအစ အတင်းဝင် အတင်းထွက်နေရပြီ။ ကားရှိလျက်သားနဲ့ ရပ်စရာနေရာအခက်အခဲကြောင့် အိမ်ကကား ထားခဲ့ပြီး မြို့ထဲကို တက်စီငှားလာတဲ့သူတွေ ရှိနေပြီ။ အင်း… … ကားသွင်းဖို့ပဲ စဉ်းစားပြီး ကားရပ်ဖို့နေရာ ၊ ယာဉ်ကြောကြပ်မယ့်ပြဿနာတွေ ခေါင်းထဲမရှိတော့ နေ့စဉ် စိတ်ရှုပ် စိတ်မောနေကြရတဲ့ ရန်ကုန်မြို့ကြီးသားတွေရဲ့ဘ၀ကို ခံစား နားလည်ပေးလို့ရ ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles