ဘာသာပြန်ကဏ္ဍ အခန်းဆက်များ ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီ၏ ကံကြမ္မာ

Photo Credit – Digital Media Pro / Haoka / Shutterstock / Paul Spella / The Atlantic

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ဒီမိုကရေစီ၏ ကံကြမ္မာ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၇

(မိုးမခ)  ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt ရေးသာသော HOW DEMOCRACIES DIE စာအုပ်မှ Trump Against the Guardrails ကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

“ဒီမိုကရေစီ၏ ကံကြမ္မာ” ၏ ခေါင်းစဉ်အပြည့်အစုံမှာ “သမ္မတထရမ်၏ ကျန်ရှိသော သက်တန်းတွင် ဒီမိုကရေစီ၏ ကံကြမ္မာ” ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ၂၀၁၇ တွင် အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ သူ၏လက်ထက်တွင် ဒီမိုကရေစီစံနှုန်းများချိုးဖောက်ခဲ့ခြင်းအကြောင်းကို ရှေ့တွင် ဖော်ပြခဲ့သည်။ သူ၏ ကျန်ရှိသော သမ္မတသက်တမ်းအတွင်းတွင် ဒီမိုကရေစီ၏ ကံကြမ္မာသည် အဘယ်နည်း?။ ဤမေးခွန်း၏ အဖြေမှာ- အချက်အလက်တော်တော်များများအပေါ်တွင် တည်နေပါသည်။ ထိုအချက်အလက်များကို ယခုသုံးသပ်၍ ပြနိုင်ရန် ကြိုးစားပါမည်။

ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတဖြစ်လာခြင်း ဖြစ်ပါသည်။ ဒီမိုရေစီ၏ ကံကြမ္မာသည် ရီပတ်ဘလစ်ကန်ပါတီ၏ ခေါင်းဆောင်များ၏ အပြုအမူအပေါ်တည်သည်။ ဒီမိုကရေစီအဖွဲ့အစည်းများ၏ လုပ်ငန်းများ၏ အောင်မြင်မှုသည် ၎င်းတို့ထဲမှ အစိုးရအဖွဲ့ထဲတွင် ပါဝင်သော သူများက သူတို့ကို အကာ အကွယ်ပေးခြင်းအပေါ်တည်သည်။ အကာအကွယ်ပေးခြင်းဟူရာတွင် အစိုးရကိုပင် လိုအပ်လျှင် အတိုက် အခံလုပ်၍ ကာကွယ်ပေးရန် ပါဝင်သည်။ သမ္မတရူးစဘယ် (Roosevelt) ၏ တရားရုံးကို သူ့သဘောရှိ ပြင်ဆင်ခြင်း အစီအစဉ်နှင့် သမ္မတနစ်ဆင် (Nixon) ၏ အာဏာရှင်သန်သော အစီအစဉ်များ၊ ကျဆင်းသွား ခြင်းသည် အာဏာရပါတီကိုယ်တိုင်က သမ္မတကို ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ပိုလန် (Poland) နိုင်ငံတွင် အာဏာရပါတီကိုယ်တိုင်က အစိုးရ၏ အာဏာရှင်ဆန်ဆန်လုပ်ရပ်များကို ဆန့်ကျင်ခဲ့သည်။ ပါတီ ခေါင်းဆောင်များသည် အစိုးရက တင်သွင်းသော ဥပဒေမူကြမ်းများကိုပင် ပယ်ချခဲ့သည်။ ဟင်ဂေရီ (Hungary) နိုင်ငံတွင်မူကား အာဏာရ၀န်ကြီးချုပ်လုပ်သမျှကို အာဏာရပါတီခေါင်းဆောင်များက အားလုံး ကောင်းပါသည်ဟူ၍ လိုက်လျောခဲ့သည့်အတွက်၊ အာဏာရှင်စံနစ် ရှင်သန်၍ ဒီမိုကရေစီကျဆုံးခဲ့သည်။

သမ္မတဒေါ်နယ်ထရ့မ်နှင့် သူ၏ ရီပတ်ဘလစ်ကန်ပါတီတို့၏ ဆက်ဆံရေးသည်လည်း ဒီမိုကရေစီ၏ ရှေ့ရေးအတွက် အရေးပါပါသည်။ သစ္စာစောင့်သော ပါတီဝင်များ သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ- ထက်သန် သော သစ္စာစောင့်သူများ (active loyalists) မလုပ်မပြုတ်နေသော သစ္စာစောင့်သူများ (passive loyalists) ဝေဘန်တတ်သူသစ္စာစောင့်သူများ (Critical loyalists) ဟူ၍ ဖြစ်သည်။ ထက်သန်သူများသည် သမ္မတကို ထောက်ခံရုံသာမက သမ္မတဘာကိုပဲ လုပ်စေကာမူ လူသိရှင်ကြားထောက်ခံသည်။ မလုပ်မပြုတ်နေသော သူများသည် အရှက်တကွဲဖြစ်သောအခါတွင် လူများရှေ့မှ နောက်ကွယ်သို့ရောက်သွားသည်။ သို့သော် မဲပေးသည့်အခါတွင် သမ္မတကိုသာ မဲပေးသည်။ ဝေဘန်တတ်သူများသည် သမ္မတကို ဝေဘန်သည်။ သမ္မတသည် မဟုတ်တာလုပ်လျှင်၊ ခပ်ခွါခွါနေသည်။ သို့သော် သမ္မတကို အားနည်းစေမည့်အလုပ်အမျိုး ကို မလုပ်ပါ။ ထိုသုံးမျိုးစလုံးသည် သမ္မတကို သစ္စာစောင့်သူများ ဖြစ်ကြ၍ သမ္မတ၏ အာဏာတည်မြဲရေး အတွက်သာ လုပ်ကြသည်။

သမ္မတနှင့် သက်ဆိုင်ရာတွင် သုံးတတ်သော ဗျူဟာနောက်တစ်မျိုးမှာ- ဘောင်တစ်ခုအတွင်း ကန့်သတ်မှတ်ဖြင့် ထိန်းချုပ်ခြင်း (containment) ဖြစ်သည်။ အာဏာရပါတီဝင်များသည် သမ္မတကို ကိစ္စ တော်တော်များများတွင် ထောက်ခံသည်။ သို့သော်လည်း သမ္မတသည် နိုင်ငံကိုအန္တရာယ်ပြုနိုင်သော နေရာတွင် စည်းတားထားသည်။ နိုင်ငံကို အန္တရာယ်ပြုနိုင်သော စည်းကိုမကျော်စေရန် ဂရုစိုက်သည်။ သမ္မတနှင့် သူတို့သည် ပါတီတစ်ခုတည်း၏ အဖွဲ့ဝင်များဖြစ်ကြသဖြင့်၊ သမ္မတ၏ ကောင်းကျိုးသည် သူတို့၏ ကောင်းကျိုးဖြစ်သည်။ သို့သော်လည်း ရည်ရှည်အားဖြင့် သမ္မတသည်နိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများ ကို အန္တရာယ်ပေးနိုင်သည်ဟူသည်ကို မှတ်သားထားသည်။ ထို့ကြောင့် အာဏာရပါတီဝင်များသည် သမ္မတ နှင့်ပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ကြသည်။ သို့သော်လည်း သမ္မတသည် အာဏာကိုအလွဲသုံးစားပြုခြင်း (abuse of power) ကို မလုပ်နိုင်အောင် ကြိုးပမ်းကြရသည်။ အာဏာရ ပါတီဝင်များသည် သမ္မတကို တည်မြဲနေစေရန် သို့သော်အာဏာကို အကန့်အသတ်ဖြင့်သာ သုံးနိုင်ရန် ဆောင်ရွက်ကြသည်။

တတိယနည်းဗြူဟာမှာ၊ သမ္မတကို ရာထူးမှ ဖယ်ရှားနိုင်သော နည်းများကို ရှာခြင်းဖြစ်သည်။ ထိုအလုပ်သည် တန်ဖိုးကြီးကြီးပေးဆပ်ရသော အရာဖြစ်နိုင်သည်။ သမ္မတကဲ့သို့သော ပုဂ္ဂိုလ်ကို ဖယ်ရှား သောအလုပ်ကို လုပ်သောသူသည် နိုင်ငံတော်ကို သစ္စာဖောက်မှုဖြင့် တရားစွဲခံရနိုင်သည်။ သို့သော်လည်း သမ္မတ၏ လုပ်ငန်းသည် မဲပေးထားသော ပြည်သူများကို ထိခိုက်စေသော အလုပ်မျိုးဖြစ်သည်ဟု အများက ယူဆလျှင်၊ ပါတီခေါင်းဆောင်များကလည်း ဤအလုပ်သည်နိုင်ငံအတွက် လုပ်ရမည့်အလုပ်ဖြစ်သည်ဟု သဘောတူလျှင် လုပ်ရမည်ဖြစ်သည်။

ယခုအချိန်အထိမည်သည့် အာဏာရပါတီ (ရီပတ်ဘလစ်ကန်) ခေါင်းဆောင်များသည် သမ္မတထရမ့် ကိုရာထူးမှ ဖယ်ရှားသည့်အလုပ်ကိုစတင်၍ မကြိုးပမ်းသေးပါ။

ယခုပြောခဲ့သော ဗျူဟာသုံးခုတွင် သမ္မတထရမ်အပေါ်မည်သည့်နည်းဖြင့်မဆို သစ္စာစောင့်ခြင်း (loyalty) သည် ဒီမိုကရေစီအတွက် အကျိုးမပြုပါ။ အကန့်အသတ်ဖြင့် ထိန်းချုပ်ခြင်းသည်၊ အကန့် အသတ်ဖြင့် အထောက်အကူ ပြုနိုင်ပါသည်။ ထရမ့်ကဲ့သို့သော သမ္မတကို ဖယ်ရှားခြင်းသည် ဒီမိုကရေစီကို အထောက်အကူပေးနိုင်သော်လည်း မည်သည့်အာဏာရပါတီဝင်ကမှ မလုပ်ကြပါ။

ဒီမိုကရေစီ၏ ကံကြမ္မာကို အကျိုးသက်ရောက်နိုင်သော နောက်ထပ်အရာတစ်ခု ပြည်သူ့ဆန္ဒ (public opinion) ဖြစ်သည်။ အကယ်၍ စစ်တပ်ကိုလည်း အားကိုး၍ မဖြစ်၊ အကြမ်းဖမ်းမှုများကိုလည်း လုပ်ဖို့မလိုလာလျှင်၊ လူအများ၏ ဆန္ဒ (ပြည်သူ့ဆန္ဒ) ကို အားကိုးရမည်ဖြစ်သည်။ အကယ်၍ လူများ၏ မဲဆန္ဒနှင့်တက်လာသော ခေါင်းဆောင်သည်။ ပြည်သူလူထု၏ ထောက်ခံမှု  70% ကိုရရှိထား လျှင်၊ ဝေဖန်သူများသည် ခေါင်းဆောင်ဘက်က လိုက်ကြသည်။ မီဒီယာများသည်လည်း ပျော့ပြောင်းသွားကြ သည်။ တရားသူကြီးများကလည်း အစိုးရကိုဆန့်ကျင်သော အမိန့်မျိုးကို ချမှတ်ရန်ဝန်လေးကြသည်။ ပြိုင်ဘက်ဖြစ်သော နိုင်ငံရေးသမားများသည်ပင်လျှင် အထီးကျန်ဖြစ်နေမည်ကို စိုးရိမ်၍ အစိုးရကို သိသိ သာသာမဆန့်ကျင်ရဲကြချေ။

အကယ်၍ မဲဆန္ဒနှင့်တက်လာသော အစိုးရဖြစ်သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုသည် 50% ကျော်ရုံမျှသာ ဖြစ်လျှင် မီဒီယာနှင့်အတိုက်အခံတို့သည် ဆန့်ကျင်ရဲကြသည်။ တရားသူကြီးများ သည် သမ္မတကို ဆန့်ကျင်သော ဆုံးဖြတ်ချက်မျိုးကို ဆုံးဖြတ်ရဲကြသည်။ နိုင်ငံရေးသမားများကြားတွင် လည်း၊ သမ္မတကို ဆန့်ကျင်သူများပေါများလာနိုင်သည်။

အမေရိကန်သမ္မတထရမ့်၏ လူထုထောက်ခံမှုသည် ဘယ်လောက်အကျိုးသက်ရောက်မှုရှိသည်ကို သိရန်၊ ဤမေးခွန်းကိုဘဲဖြေကြည့်ကြပါ။

အကယ်၍ အမေရိကန်နိုင်ငံတစ်ခုလုံးသည် အနောက်ဗာဂျီးနီးယားပြည်နယ် (West Virginia) ကဲ့သို့ဖြစ်ခဲ့လျှင် ဒီမိုကရေစီဒ အခြေအနေသည် ဘာဖြစ်မည်နည်း?

ဤနေရာတွင် မြောက်ဗာဂျီးနီးယားပြည်နယ်နှင့် အမေရိကန်တစ်နိုင်ငံလုံး၏ နိုင်ငံရေးအခြေအနေ ကိုသုံးသပ်၍ကြည့်သော် ဤကဲ့သို့တွေ့နိုင်သည်။

၂၀၁၇ ၏ ပထမနှစ်ဝက်တွင် ထရမ့်ကို ထောက်ခံသော လူထု၏ ရာခိုင်နှုန်းသည် 60% ရှိသည်။ ထိုကာလတွင် တစ်နိုင်ငံလုံး၏ ထောက်ခံမှုသည် 40% သာရှိသည်။

အနောက်ဗာဂျီးနီးယားတွင် သမ္မတ၏ ထောက်ခံမှုများပြားမှုကြောင့် ထိုပြည်နယ်တွင် သမ္မတ ထရမ့်ကို ဆန့်ကျင်မှုသည် အတော်လျော့သွားသည်။ အတိုက်အခံအမတ်များဖြစ်သော ဒီမိုကရက် တစ်အမတ်များထဲတွင်ပင်လျှင် သမ္မတကို ဆန့်ကျင်မှုအားနည်းလျှက်ရှိသည်။ ဒီမိုကတစ်အမတ် ဂျိုးမန်ချင် (Joe Manchin) သည် အချိန်ထက်ဝက်ကျော်ကျော်တွင် သမ္မတရမ့်ကို ထောက်ခံအားပေးသည်။ လွှတ်တော်၏ ဒီမိုကရက်တစ်အမတ် ဂျင်ဂျွတ်စတစ် (Jim Justice) သည် ဒီမိုကရေတစ်ပါတီမှ ရီပတ်ဘလစ်ကန်ပါတီသို့ပင် ပြောင်းသွားခဲ့သည်။

ဤသည်ကားအနောက်ဗာဂျီးနီးယာတွင်ဖြစ်သော အဖြစ်အပျက်များဖြစ်သည်။ သမ္မတထရမ့်၏ လူကြိုက်များလာလေ၊ သူသည် ဒီမိုကရေစီအတွက် အန္တရာယ်များလေလေဖြစ်သည်။

သမ္မတထရမ့်၏ လက်ထက်တွင် ဒီမိုကရေစီ၏ ကံကြမ္မာကို သုံးသပ်ကြည့်သော်၊ ၎င်းသည်အောက် ပါ အကြောင်းအရာများအပေါ်တွင် မူတည် နေပါသည်။

အာဏာရပါတီ ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ အပြုအမူ။

သမ္မတထရမ့်နှင့် ရီပတ်ဘလစ်ကန်ပါတီ တို့၏ ဆက်ဆံရေး။

သမ္မတကို သစ္စာစောင့်သောသူ သုံးမျိုး (loyalists 3 kinds)။

သမ္မတကို အကန့်အသတ်ဖြင့် ထိန်းချုပ်ခြင်း (containment)။

ပြည်သူ့ဆန္ဒ (public opinion)

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts