မောင်စွမ်းရည် – သမီးလှကျော်ဇောရေးတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောအကြောင်း(ဆောင်းပါးပေါင်းချုပ်) အတွဲ(၂)

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉

မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ “ရဲဘော်သုံးကျိပ်” တို့ရဲ့ သမိုင်းဟာ အရေးအကြီးဆုံး ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ခေတ်သစ်မြန်မာနိုင်ငံရဲ့ သမိုင်း “ဆိုး” “ကောင်း” နှစ်မျိုးလုံးဖန်တီးဖော်ဆောင်ကြရာမှာ အရေးအပါဆုံးသမိုင်းဝင် ပုဂ္ဂိုလ်တွေဖြစ်နေကြလို့ပါပဲ။ “အကောင်းဆုံး” နဲ့ “အဆိုးဆုံး” ကို နမူနာထုတ်ပြရရင်တော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဗိုလ်နေ၀င်းတို့ပေါ့။ ကောင်းကောင်းဆိုးဆိုး မြန်မာနိုင်ငံရဲ့ ကံကြမ္မာလို့ပဲ သဘော ထားရတောမှာပေါ့လေ။

ရဲဘော်သုံးကျိပ်ဝင်တို့ရဲ့ အတ္ထုပ္ပတ္တိတွေ အတန်အသင့်ရှိနေပြီဖြစ်ပါတယ်။ ဒီအတ္ထုပ္ပတ္တိတွေ ကို ဖတ်ရှုပြီးနောင်လာနောက်သားတွေဟာ အတုယူတန်တာယူ၊ သင်ခန်းစာယူတန်တာယူကြရ မှာပဲ ဖြစ်ပါတယ်။ သမိုင်းဆိုတာ ဖြစ်ပြီးသားကိစ္စတွေဆိုတော့ ငြင်းပယ်လို့မှမရတော့ပဲကိုး။ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ တဦးချင်းအတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ကျွန်တော်မှတ်မိသိရှိသမျှပြောရရင် သိပ်တော့ မများလှပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်လက်ယာ၊ ဗိုလ်ကျော် ဇော၊ ဗိုလ်တာရာ၊ ဗိုလ်မင်းရောင်(?)တို့ စာအုပ်တွေပဲ ရှိသေးတယ်ထင်ပါတယ်။ ဗိုလ်ချုပ်အောင် ဆန်းနဲ့ ဗိုလ်နေ၀င်းတို့အတ္ထုပ္ပတ္တိတွေကတော့ အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ အတော်များများရှိနေ ပါပြီ။ ထူးခြားလို့ အထူးသတိထားမိစရာကောင်းတာကတော့ ဗိုလ်ချုပ်တွေရဲ့ သမီးများကရေးသား ပြုစုကြတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ယာနဲ့ ဗိုလ်ကျော်ဇောတို့ရဲ့ သမီးများက သူတို့ ဖခင်အသီးသီးရဲ့ အတ္ထုပ္ပတ္တိကို ပြုစုကြတာပါ။ သမီးတွေကလဲ တကယ်ထိပ်တန်းပညာတတ်တွေ ဆိုတော့ ရေးသမျှစာအုပ်တွေကလဲ အမှတ်တရဖြစ်လောက်အောင် ကောင်းကြတာချည်းပါပဲ။ သမီးသုံးယောက်မှာ နှစ်ယောက်ကဆရာဝန်တွေဆိုပြန်တော့ တမျိုးသတိပြုမိပြန်ပါတယ်။ ဗိုလ်နေ ၀င်းရဲ့ သမီးဒေါက်တာစန္ဒာဝင်းကလဲ သူ့ဖခင် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးအကြောင်းကို အနီးကပ်သိရှိသူ အဖြစ်နဲ့ ရေးသားပြုစုသင့်ကြောင်း ကျွန်တော်တစ်ခါမက အကြံပေးနိုးဆော်ခဲ့ဖူးပါတယ်။ ခုထိ တော့ မထွက်ပေါ်လာသေးဘူးခင်ဗျ။

ဒီသမီးသုံးယောက်ထဲမှာ ကံအထူးဆုံးကတော့ ဗိုလ်ကျော်ဇောရဲ့သမီးပါပဲဆိုတာကိုလဲ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ သမီးလှကျော်ဇောက သူ့ဖခင်ကြီးနဲ့ အနီးကပ်အကြာဆုံးနေခွင့်ရသူ ဖြစ်ပြီး၊ ဗိုလ်ကျော်ဇောကိုယ်တိုင် သူ့ရဲ့အတ္ထုပ္ပတ္တိ ရေးရာမှာလဲ သမီးက အနီးကပ်အကူအညီပေး ရင်းနဲ့ ကိုယ့်ဖခင်အကြောင်းကို အသိဆုံးသမီးဖြစ်ခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ အဖေ့အကြောင်းရော အမေ့အကြောင်းတွေရော အမှတ်တရရေးစရာတွေအများကြီးရလိုက်လို့ အမှတ်ရတိုင်းလဲ ကောက်ကောက်ပြီးရေးနေတဲ့အတွက် ကျွန်တော်တို့ စာဖတ်သူတွေအတွက်လဲ ၀မ်းသာရပြီး သမိုင်းမှာမှတ်တမ်းအဖြစ်လဲ ရေးတိုင်းဖြစ်စွမ်းမှုတွေတိုးစရာဖြစ်နေပါတယ်။ အဖေကိုယ်တိုင်ပြော ပြတာတွေက အများကြီးပါ။ အဖေနဲ့ပတ်သက်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေအကြောင်းရော သမိုင်းဝင် ဖြစ်ရပ်တွေရောပေါ့။

ခု- လှကျော်ဇောရေးသားထုတ်ဝေလိုက်တဲ့ စာအုပ်က “ကျွန်မဆက်၍ရေးချင်သော ဖေဖေ့ အကြောင်းများ” ဆောင်းပါးပေါင်းချုပ် အတွဲ(၂)ပါ။ တစိမ့်စိမ့်တွေးရင်း ရေးရင်းနဲ့ အတွဲ (၃) တောင် ထွက်ချင်ထွက်လာဦးမှာပါ။ အတွဲ(၃) လဲ ထွက်ပါစေလို့ ဆုတောင်းပါတယ်။ ဒီလိုစာအုပ် တွေကို သတ္တိရှိရှိထုတ်ပေးနေတဲ့ နေရီရီစာအုပ်တိုက်ကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီမိုကရေစီ လေး အတော်အတန်ရတုန်းရခိုက် ထုတ်ရတာမဟုတ်လား။ ဒီမိုကရေစီရဲ့ တန်ဖိုးကလဲကြီးပါပေတယ်။ မြန်မာပြည်မှာက ဒီမိုကရေစီဆိုတာကလဲ နေ့မြင်ညပျောက်ဆိုသလိုဖြစ်တတ်လှတယ် မဟုတ်လား။

စာအုပ်ကလေးက သိပ်မကြီးလှပါဘူး။ စာမျက်နှာ ၂၀၀ မပြည့်ပါဘူး။ ၁၇၀ ကျော်ရုံလေးပါ။ ဆောင်းပါးပေါင်းကတော့ ၂၃ ပုဒ်ပါ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဆိုတာက ရဲဘော်သုံးကျိပ်ဝင် ထဲမှာ အငယ်ဆုံးတယောက်မဟုတ်လား။ ဒါပေမဲ့ ဒီအငယ်ဆုံးတဦးကိုပဲ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ထူထောင်ရေးအတွက် သိသိသာသာ အားထားခဲ့တာကိုလဲ သတိမပြုမိဘဲ မနေနိုင်ပါ။ ဂျပန်ခေတ်ကတည်းက ဗိုလ်ကျော်ဇောအမည်က တခြားဗိုလ်တွေထက် ထိုးဖောက်ပေါ်ထွက်နေခဲ့ တာပါ။ (ကျနော့်ဦးလေးတွေက ဗိုလ်ကျော်ဇော တပ်သားတွေဖြစ်ခဲ့လို့လား မသိပါ။) ဒါပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်ဖြူကျူးကျော်သူတွေကို တွန်းလှန်နိုင်ခဲ့တဲ့ သူရဲကောင်းအဖြစ် နိုင်ငံခြားသတင်းတွေထဲထို ထိုးဖောက်သွားခဲ့ပါတယ်။ နောက်တချက်က ရဲဘော်သုံးကျိပ်ဝင် အောင်ပွဲရစစ်ဗိုလ်တယောက်ကို စစ်တပ်ကထုတ်လိုက်တယ်ဆိုတာလဲ ဗိုလ်ကျော်ဇောကို ပိုမိုလူ သိများသွားခဲ့ပါတယ်။ စစ်တပ်ပြင်ဘက်ကို ရောက်သွားတော့ သူ့အမည်က တိမ်မြုပ်မသွားဘဲ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်နေလို့ ပြည်သူလူထုက အထူးကြည်ညိုလေးစားတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နာမည်နဲ့တွဲပြီး ရှင်သန်လာခဲ့ပြန်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို ၀န်းရံသူတွေက စာရေးဆရာအကျော်အမော်တွေ။ ကျွန်တော်တို့ ကြည်ညိုလေးစားသူတွေ။ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ မောင်နေ၀င်း၊ လင်းယုန်မောင်မောင်၊ လူထုဦးတင် မောင်တို့အပြင် မန္တလေးက ဆရာကြီးရွှေဥဒေါင်းနဲ့ လူထုဦးလှ၊ ဒေါ်အမာတို့ပါ ၀န်းရံနေကြပါ တယ်။ ကျွန်တော်တို့ကလဲ အထက်တန်းကျောင်းသားဘ၀ကနေ တက္ကသိုလ်ကျောင်းသားဖြစ်လာ သည်ထိ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကိုယ်ထိလက်ရောက် ပါဝင်လှုပ်ရှားခဲ့ကြတာပါ။

တက္ကသိုလ်ရောက်တော့ လူထုသတင်းစာတိုက်ကို ၀င်ထွက်သွားလာနေရင်းက ဆရာဗန်းမော်တင် အောင်နဲ့ အထူးငြိမ်ချမ်းရေးခရီးထွက်လာတဲ့ ဗိုလ်ကျော်ဇောနဲ့ လူကိုယ်တိုင်တွေ့ရပြီး “ဒါ ဗိုလ်ချုပ် ရဲ့ ငြိမ်းချမ်းရေးတပ်သားတွေပါ” ဆိုပြီး ကျွန်တော်တို့နဲ့ ဗိုလ်ကျော်ဇောကို ဦးလေးလှက မိတ်ဆက် ပေးခဲ့ပါတယ်။ ဒီမှာတင်ပဲ စစ်တိုက်ခဲ့တဲ့ စစ်ဗိုလ်ကြီးကိုယ်တိုင်က ငြိမ်းချမ်းရေးဆောင်ရွက်နေပုံကို တအံတသြတွေရတော့တာပါ။ စစ်မုန်းသူ စစ်သားကြီး၊ ငြိမ်းချမ်းရေးတွက် ကိုယ်ထိလက်ရောက် ဆောင်ရွက်နေသူ စစ်သားကြီး။ ငါတို့ ဦးလေး ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းတွေရဲ့ ဗိုလ်မှူး ကြီး ဆိုတာကို အရှင်လတ်လတ် တွေ့လိုက်ရတော့ ဂုဏ်ယူဝမ်းသာလို့မဆုံးပါ။ ဗိုလ်ချုပ်အောင်ဆန်းကို မမြင်ဖူးလိုက်ရပေမဲ့ ဗိုလ်ချုပ်ရဲ့ လက်ရုန်းတဆူ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်သုံးကျိပ်ဝင် ရာဇ၀င်ထဲက သူရဲကောင်းတဦးကို ကျွန်တော်တွေ့ခွင့်ရတော့ ရွာက အမေနဲ့ အမေ့မောင်၊ အဖေ့ ညီ ဖက်ဆစ်တော်လှန်ရေးသူရဲကောင်းတွေဆီကို ချက်ချင်းစာရေးပြီးအကြောင်းကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ ရဲဘော်ဟောင်းတွေလဲ ငြိမ်းချမ်းရေးတပ်သားတွေဆက်လုပ်ကြပေတော့လို့ တခါ တည်း သိမ်းသွင်းလိုက်ရတာပေါ့။

လူထုတိုက်မှာ ငြိမ်းချမ်းရေးခရီးတထောက် ခဏနားရတာဆိုတော့ ကျွန်တော့်အနေနဲ့ ဗိုလ် ချုပ်ရဲ့ ရဲဘော်တွေ ကျွန်တော်ဦးလေးများအကြောင်း၊ သူတို့က ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ဆန်း ပုံပြင်တွေ ပြောပြတဲ့အကြောင်းတွေကို ဘယ် ပြောချိန်ရလိုက်မလဲ။ နှစ်ပေါင်း အတန်ကြာလို့ ကျွန် တော်ရန်ကုန်ပြောင်းသွားတော့ အံ့သြစရာကြုံရပြန်ပါတယ်။ ဗိုလ်ကျော်ဇောလိုလူက ကျွန်တော့်ကို သူ့အိမ်ခေါ်ပြီး ထမင်းဖိတ်ကျွေးခဲ့ပါတယ်။ အဲဒါတွေကို သူ့ရဲဘော်တွေ ကျွန်တော့်ဦးလေးတွေကို ဒီ အကြောင်းတွေ ပြောခွင့်မရလိုက်တော့ပါ။ သူတို့ကို လူကိုယ်တိုင် ပြန်တွေ့မှပြောတော့မယ်လို့ အားခဲထားပေမဲ့ ကျွန်တော်အလာကို သူတို့ကမစောင့်နိုင်တော့ဘဲ ကွယ်လွန်သွားကြရှာပါတယ်။ ကျွန်တော်ကလဲ စာရေးပြီး မပြောလိုက်ဖြစ်တာက လူချင်းတွေ့ကြမှ အကျယ်တ၀င့် ကြွားတော့ မယ်ဆိုလို့ ကြိတ်ပြီးအားခဲ့နေမိလို့ပါ။ ဗိုလ်ကျော်ဇောကိုတော့ သူတို့ပြောဖူးတဲ့ သူတို့ရဲ့ “ဗိုလ်ချုပ် ဟာသပုံပြင်” လေးတပုဒ်ကို စာရေးပြီး လှမ်းပြောမိအောင် ပြောလိုက်ခဲ့ဖူးပါတယ်။ သူတို့ ဗိုလ်ချုပ် ကို ချစ်စနိုးနဲ့ ဘယ်လိုစကြကို သူတို့ပြောပြတဲ့အတိုင်း စာရေးပို့လိုက်တာပါ။

ကျွန်တော့်ဦးလေးတွေမော်ကွန်းဝင် ဒုတိယ၊ တတိယဆုတံဆိပ်တွေ ရန်ကုန်ကို လာယူကြ တော့ သူတို့တပ်စခန်းချခဲ့တဲ့ ယခု မရန်းခြံကျောင်းနေရာတွေကို သူတို့သွားကြပါသေးတယ်။ သူတို့နဲ့ မရန်းခြံစခန်းမှာ ဆုံခဲ့ရတဲ့ စာရေးဆရာမကြီး ခေါ်ခင်မျိုးချစ်နဲ့လဲ တွေ့ချင်တယ်ဆိုလို့ ကျွန် တော်လိုက်ပို့ပေးခဲ့ရပါတယ်။ (ဒေါ်ခင်မျိုးချစ်နဲ့ ဗိုလ်နေ၀င်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း သခင်စိုးစတဲ့ အကြောင်း အတိုအထွာတချို့ကိုလဲ ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။)

ကျွန်တော်ရေးခဲ့တာတချို့က တဆင့်ခံတွေပါ။ ခု ကျွန်တော်ဖတ်ရတာက ဗိုလ်မှူးချုပ် လှကျော်ဇောနဲ့အတူနေသူ သမီးရင်း ဒေါက်တာလှကျော်ဇောရဲ့ ကိုယ်တွေ့အကြောင်းအရာတွေ ပါ။ အဖိုးတန်တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေနဲ့ သမိုင်းဝင်လူပုဂ္ဂိုလ်တွေအကြောင်းပါ။ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေလဲပါတဲ့အပြင်၊ နိုင်ငံရေးလောကနဲ့ စာပေလောကထဲက ပုဂ္ဂိုလ်တွေအကြောင်းလဲပါရှိပါ တယ်။ အစဉ်လိုက်စာရင်းကောက်ယူရရင် ပထမဥိးစွာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါ။ နောက်တော့ စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး အစရှိတဲ့ စာရေး ဆရာကြီးမဟာဆွေရဲ့ မိသားစုအကြောင်းပါ။ ဒေါ်ခင်ဆွေဦးရဲ့ လက်ရာမွန်ဝတ္တုကြီးဖြစ်တဲ့ “ဒို့တိုင်းဌာနီ” ၀တ္တုကြီးရဲ့ နောက်ခံသမိုင်းနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဆက်စပ်ပုံသမုင်းကြောင်းလဲ သိလိုက်ရပါတယ်။ နောက်တယောက်ကတော့ ငြိမ်ချမ်းရေးခရီးဖော် ဦးခင်မာင်မြင့်နဲ့ မင်းတုန်းသီ ပေါမင်းများရဲ့ အဆက်အနွယ် တော်ဘုရားလေး ဦးအောင်ဇေတို့အကြောင်းလဲပါရှိပါတယ်။ ဗိုလ် ကျော်ဇောရဲ့ ငြိမ်းချမ်းရေးတပ်သားတွေခမျာ၊ မငြိမ်းချမ်းကြရှာပဲ ငြိမ်းချမ်းရေးဆောင်ရွက်မှုကြောင့် ဖမ်းဆီးထောင်ချခံရတဲ့အပြင် ကိုကိုးကျွန်းထိအပို့ခံကြရသတဲ့။ နောင်လာနောက်သားတွေအဖို့ “ငြိမ်းချမ်းရေးဆောင်ရွက်သူများကို အစိုးရက ဖမ်းဆီးထောင်ချသတဲ့၊ ကိုကိုးကျွန်းကိုတောင်ပို့သတဲ့” ဆိုတာ ဘယ်လိုများပါလိမ့်မလို့ တော်တော်နားလည်ရခက်မဲ့ သမိုင်းဖြစ်ရပ်တွေပါ။

ဗိုလ်မှူးချုပ်ကျော်ဇောက စစ်တပ်ကဆိုတော့ စစ်တပ်ထဲက ပုဂ္ဂိုလ်များရဲ့ အကြောင်းလဲ မ ပါမဖြစ်ပါလာရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်မှူးကြီးချစ်မြိုင်၊ ဗိုလ်မှူးကြီး ကြည်မောင်၊ ဗိုလ်မှူးချစ်ကောင်း စတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းအရာတွေကို ဖတ်ရတော့ စစ်တပ် မှာ ဗိုလ်နေ၀င်းနဲ့ အဆင်မပြေရင် သူ့ခြေတော်ရင်း ၀ပ်စင်းမှုမပြုရင်ဘယ်လိုခံကြရတယ်ဆိုတာများ လဲ သိရှိရပါတယ်။ ဗိုလ်မှူးချစ်ကောင်းကတော့ တမျိုးပေါ့။ သူ့ဇနီးဒေါ်ခင်မျိုးညွန့်အကြောင်းကအစ နိုင်ငံရေးလောကနဲ့ စစ်တပ်လောကတို့အကြား ဆက်စပ်ပုံတွေပါ စိတ်ဝင်စားစရာ သိရှိရပါပါတယ်။

ဗမာ့လွတ်လပ်ရေးသမိုင်းမှာ အရှေ့ဘက်(ဂျပန်) ကိုသွားတဲ့ စစ်ပညာသင်တွေနဲ့ အနောက်ဖက် (အိန္ဒိယ) ကိုသွားတဲ့ စစ်ပညာသင်တွေဆိုပြီး အုပ်စုနှစ်စုရှိခဲ့ပါတယ်။ အရှေ့ဘက်ကို ရဲဘော် သုံးကျိပ်ပါ၊ အနောက်ဘက်ကို အရှေ့ဘက်ရဲ့ နှစ်ဆမက သွားခဲ့ကြရာမှာ အရှေ့ဘက်ကိုဦး ဆောင်သွားသူက ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းခဲ့သူ သခင်အောင်ဆန်းဖြစ်သလို၊ အနောက် ဘက် ဦးဆောင်သွားသူကလဲ ကွန်မြူနစ်ခေါင်းဆောင် သခင်သိန်းဖေဖြစ်ပါတယ်။ အရှေ့ဖက် အုပ်စု သခင်အောင်ဆန်းရောမှ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်လက်ယာ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တာရာ။ ကွန်မြူနစ် ၅ ယောက်ပဲရှိပါတယ်။ အနောက်ဘက်သွားသူတွေကတော့ ၆၀ ကျော် ၇၀ ကျော်၊ အမျိုးသမီးတစ်ယောက်ပါ (ကျောက်ဆည်ဒေါ်မြရီ) ပါ အားလုံးနီးနီး ကွန်မြူနစ်တွေချည်း ဖြစ်သွားခဲ့ ကြပါတယ်။ သခင်သိန်းဖေက ဆီးပြီး ကွန်မြူနစ်သင်တန်းပေးသလို မသွားခင်ကလဲ သခင်စိုး၊ သခင်သန်းထွန်းတို့က ကွန်မြူနစ်သဘောတရားတွေ တပ်ဆင်ပေးလိုက်ခဲ့ပါတယ်။ ဒီလောက် ကွန်မြူနစ်တွေ အရှေ့အနောက် နှစ်စုလုံးမှာ အင်အားတောင့်ခဲ့ပါလျက်နဲ့ မြန်မာသမိုင်းဟာ လက်ယာ ဆိုရှယ်လစ် ဦးကျော်ညိမ်းနဲ့ ဗိုလ်နေ၀င်းတို့ လက်ထဲရောက်ပြီး စစ်အာဏာရှင် နိုင်ငံဖြစ်သွားခဲ့တာဟာ အံ့သြစရာတခုပါပဲ။ စစ်အာဏာရှင်နိုင်ငံဖြစ်ရတာ့ ဗီယက်နမ်တို့လို ကွန်မြူနစ်နိုင်ငံပဲဖြစ်မလား၊ မဖြစ်ခင်နှစ်ခြမ်းကွဲနိုင်ငံပဲဖြစ်မလား တွေးကြည့်စရာတွေကတော့ အမျိုးမျိုးပါ။ အရှေ့တောင် အာရှနိုင်ငံငယ်တွေရဲ့ သမိုင်းက ခပ်ဆင်ဆင်တွေမဟုတ်လား။

ဗမာပြည်ကတော့ လက်ယာဆိုရှယ်လစ်အုပ်စုရဲ့ လက်ဦးမှုကြောင့် လွတ်လပ်ရေးနဲ့အတူ ကွန်မြူနစ်အုပ်စုတွေ လွင့်ထွက်သွားခဲ့ရပါတယ်။ ဖြစ်ပုံက ကွန်မြူနစ်မှာလဲ အဖြူအနီ၊ ပြည်သူ့ရဲ ဘော်မှာလဲ အဖြူ၊ အ၀ါ။ သူပုန်တွေထဲမှာလဲ ကွဲလိုက်တာက ဘယ်နိုင်ငံနဲ့မှမတူပါ။ ဒီသမိုင်းထဲမှာ ကြားညှပ်သွားခဲ့တာက စစ်တပ်ထဲရောက်နေတဲ့ ဗိုလ်ကျော်ဇောပါ။ တရုတ်ဖြူကျူးကျော်သူတွေကို တွန်းလှန်ပေးရသည်အထိ စစ်တပ်က သေတွင်းပို့ အသုံးချခံခဲ့ရပြီးမှ ကွန်မြူနစ်အဖြစ်နဲ့ စစ်တပ်က ဖယ်ထုတ်လိုက်ခဲ့ပါတယ်။ ဒီမှာတင်ပဲ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ တို့လို တပ်တွင်းကွန်မြူနစ်တွေ နဲ့ ဇာတ်လမ်းကွဲ သွားခဲ့ပါတယ်။ ဒီစာအုပ်မှာ ဗိုလ်ကျော်ဇောနဲ့ သူတို့နှစ်ဦးကလဲ စိတ်ထိခိုက်စရာ ကောင်းလိုက်တာ။

ဗိုလ်ကျော်ဇောကို စစ်တပ်ကထုတ်လိုက်တော့ ဗိုလ်ကျော်ဇောဟာ ငြိမ်းချမ်းရေးဖခင်ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုန်းတဆူအဖြစ် ငြိမ်းချမ်းရေးတပ်သားကြီးဘ၀ကို တောက် ပြောင်စွာရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမဲ့ တာရှည်တော့ မနေနိုင်ခဲ့လို့ တောတွင်းကို မိသားစု လိုက် တိမ်းရှောင်သွားရတဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ လက်နက်ကိုင် သူပုန်အဖြစ် ခေတ္တရပ်တည်ခဲ့ပြီးနောက် တရုတ်ပြည်ထဲမှာ နိုင်ငံရေးခိုလှုံရင်း “အနားယူ” ရသလိုသြုဖစ်သွားခဲ့ ပြီး မိမိရဲ့ဘ၀ကို ပြန်လည်သုံးသပ်ဆင်ခြင်ခွင့်ရလာခဲ့ပါတယ်။ နိုင်ငံရေးအမြင်လဲမြင့်မားလာပြီဖြစ် လို့ မိမိဘ၀ကိုလဲ နိုင်ငံရေးသမိုင်းအမြင်နဲ့ ပြန်လည်ဆင်ခြင်ခွင့်ပြီပြီဖြစ်တာဟာ တနည်းတဖုံကံ ကောင်းကြုံရတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်တိုင်ရေးအတ္တုပတ္တိသမိုင်းအမွေအဖြစ်ထား ရစ်နိုင်ခဲ့ပါတယ်။ သားသမီးတွေကိုလဲ မိမိဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဖြစ်ရပ်တွေကို တစိမ့်စိမ့်နဲ့တွေးရင်း ပြန်လည်ပြောပြခွင့်ကြုံခဲ့ရပါတယ်။ ဒီအခွင့်အရေးကို အနီးကပ်ပြုစုစောင့် ရှောက်ခွင့်ရတဲ့ ဆရာဝန်ဖြစ်သူ သမီးလှကျော်ဇောက ကောင်းကောင်းခံယူရရှိလိုက်ပါတယ်။

ဒေါက်တာလှကျော်ဇောက ဖခင်ကြီးရဲ့ ကိုင်တိုင်ရေးအတ္ထုပ္ပတ္တိရေးသားခြင်းကို ထောက်ပံ့ ကူညီရင်း အဖေ့အတ္ထုပ္ပတ္တိ ကို “ကောက်သင်းကောက်” အခွင့်ထူးပါခံယူနိုင်ခဲ့ပါတယ်။ ခုတော့ ဖခင်ကြီးရဲ့ အတ္ထုပ္ပတ္တိ “ကောက်သင်းကောက်”စာတိုစာစကလေးများကို ဒုတိယတွဲအဖြစ်နဲ့ တောင် စာတစောင်ပေတဖွဲ့ရေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ တစိမ့်စိမ့်နဲ့တဖြည်းဖြည်း ပိုက်စိတ်တိုက်ပြီး ကောက်သင်းကောက်ရင်း၊ နောက်ထပ် အတွဲ(၃) ထွက်လာနိုင်စရာရှိပါတယ်။ အတွဲ(၃) ပြီးတော့ မဆက်တော့ဘူးဆိုရင်လဲ အရှိန်နဲ့ဆက်ပြီး ကိုယ့်ရဲ့အကြောင်းကို ရေးသွားရင်ဖြစ်တာပဲမဟုတ် လား။ ဒေါက်တာလှကျော်ဇောရေးတဲ့ “ကွန်မြူနစ်သူပုန်မကြီး လှကျော်ဇောအတ္ထုပ္ပတ္တိ” မြန်မာစာ သမိုင်းမှာ အလွန်ထူးတဲ့ အတ္ထုပ္ပတ္တိစာအုပ်တအုပ်ထွက်မလာနိုင်ဘူးလို့ ဘယ်သူပြောမလဲ မျှော်ကြ ပါစို။

မောင်စွမ်းရည်
၂၀၁၈၊ ဇန်န၀ါရီ ၂၀
နယူယောက်(အရင်းရှင်နိုင်ငံ U.S.A)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ