မောင်ဆောင်းခ ● ငြိမ်းချမ်းရေးလှုပ်ရှားမှုများဆီကရရှိခဲ့သော အတွေးများ
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉

၂၀၁၈ မိုးမခ သြဂုတ်လထုတ်မှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်။


၁၉၄၇ခုနှစ်၊ ပင်လုံညီလာခံ၌ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ထဲတွင် ရှမ်း၊ ကချင်၊ ချင်းတို့မှ ဗမာပြည်မနှင့်ပူးတွဲ၍ အချုပ်အခြာ ကင်းစင်ပြီး လွတ်လပ်သည့် သမ္မတနိုင်ငံတော်တစ်ခု ထူထောင်သွားရန်နှင့် (၁၀) နှစ်တိတိ လက်တွဲကာ အဆင်မပြေမှုများ ရှိလာပါက ခွဲထွက်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာမှာတင် တန်းတူညီမျှမှုမရှိခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရရှိခြင်းနှင့် ဗဟိုဦးစီးအုပ်ချုပ်ခြင်းတို့ကြောင့် တိုင်းရင်းသားများဘက်က မကျေမလည်မှုများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် လက်နက် ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည်။ ထိုမှ အခြေတည် ခဲ့သော ပြည်တွင်းစစ်သည် ယနေ့ထိတိုင် မပြီးဆုံးနိုင်ဘဲရှိနေခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းစစ်ကြီး အဆုံးသတ်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် ၂၁−ရာစုပင်လုံ ညီလာခံကိုကျင်းပကာ ကြိုးစားဆောင်ရွက်နေသော်လည်း၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော လုပ်ပိုင်ခွင့် အကန့်အသတ်များကြောင့် ရှေ့မတိုးနောက်မဆုတ်အခြေအနေကို ကြုံတွေ့နေရသည်။

ထို့ပြင် ယခုနှစ်အတွင်း မြန်မာပြည်မြောက်ပိုင်းတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်လာသည်ကိုတွေ့ရသည်။ ထိုတိုက်ပွဲများကြောင့် ပြည်သူများ မြေစာပင်ဖြစ်ကြရပြီး တိုက်ပွဲ အတွင်း ရာချီသောပြည်သူများ ပိတ်မိလျှက်ရှိသည်။ ထိုအခြေအနေများကြောင့် မေလအတွင်းတွင် မြန်မာနိုင်ငံအနှံ့အပြားမှာ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုများ၊ စစ်ပွဲရပ်တန့်ရေး တောင်းဆိုဆန္ဒပြပွဲများ၊ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲများ ပေါ်ပေါက်လာခဲ့ သည်။ အဆိုပါ ဆန္ဒပြမှုများကို အစိုးရက တရားစွဲဆိုထားရသော အမှုအရေအတွက်မှာ မေလတလအတွင်းမှာတင် (၁၄)မှုအထိရှိပြီး တက်ကြွလှုပ်ရှားသူ (၄၅) ဦး တရားရင်ဆိုင်နေရကြောင်းနှင့် ယင်းအမှုများအနက် ရန်ကုန်တိုင်းတွင် (၇) မှု၊ မန္တလေးတိုင်းတွင် (၃) မှု၊ ကချင်ပြည်နယ်တွင် (၂) မှုနှင့် ပဲခူးတိုင်းတွင် (၂) မှု တို့ပါဝင်ကြောင်း အသံ (လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) က ထုတ်ပြန်ထားသည်။

မေလ (၁၂) ရက်နေ့က ရန်ကုန်တိုင်း၊ တာမွေအဝိုင်းတွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒပြပွဲတစ်ခုတည်း မှာတင် တက်ကြွလှုပ်ရှားသူလူငယ် (၁၇) ဦး တရားစွဲဆိုခံထားရသည်။ ယင်းဆန္ဒပြပွဲအတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများ သို့ ငြိမ်းစုစီဥပဒေအတိုင်း ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ၁၄.၁၀. ၂၀၁၇ ရက်စွဲပါ  အမိန့်ညွှန်ကြားချက်အရ အဆိုပါနေရာများတွင် အများပြည်သူခရီးသွားလာမှု အနှောင့်အယှက် အဟန့် အတားဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း (သို့မဟုတ်) ထိခိုက်နစ်နာစေခြင်းတို့ ဖြစ်ပေါ်နိုင်ခြင်းအပြင် ယာဉ်အသွားအလာများပြားခြင်းနှင့် ယာဉ်ကြောရှုပ်ထွေးခြင်းတို့ကြောင့် ခွင့်မပြုနိုင်ကြောင်း ရဲတပ်ဖွဲ့က အကြောင်း ပြန်ခဲ့ သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ (ငြိမ်းစုစီ) သည် ပြည်ထောင်စု လွှတ်တော်၏သဘောတူညီ ချက်ဖြင့် ၂၀၁၆ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး အတည်ပြုပြဌာန်းထားသော ဥပဒေ တစ်ရပ်ဖြစ်သည်။ ထိုဥပဒေရှိ ပုဒ်မ ၂၇ (ခ) တွင်  ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ညွှန်ကြားချက်များထုတ်ပြန်နိုင်ကြောင်း ဖော်ပြ ထားခြင်းသည်။ ထိုပုဒ်မကိုထည့်သွင်း ရေးဆွဲထားခြင်းသည်လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်တားမြစ်ပိုင် ခွင့်အား ပြည်ထဲရေး ဝန်ကြီးဌာနအား အလုံးစုံပေးအပ်လိုက်သကဲ့သို့ ဖြစ်နေသည်။ ယင်းပုဒ်မကို ဥပဒေပြင်ဆင်ပြဌာန်းစဉ်က ပယ်ဖျက်သင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးတင်ပြခဲ့သော်လည်း လွှတ်တော်ဘက်က ထည့်သွင်းစဉ်းစား ခြင်းမရှိခဲ့ပေ။ ငြိမ်းချမ်းစွာစုဝေးရန်နှင့် စီတန်းလှည့်လည်ရန် ကြိုတင်အကြောင်းကြားခဲ့သော်လည်း အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ တရားစွဲဆိုသည်အထိဖြစ်လာခဲ့သော ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုသည်တဖက်တွင်လွှတ်တော်ကိုယ်စားလှယ်များအတွက်ငြိမ်းစုစီဥပဒေထပ်မံပြင်ဆင်ရန် အချက်ပေးခေါင်းလောင်းသံဖြစ်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကို သင်ခန်းစာယူကာ ပြည်သူတို့၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ပိုမိုတိကျစွာ အကာအကွယ်ပေးနိုင်ရန် ငြိမ်းစုစီဥပဒေကို လွှတ်တော်က ပြန်လည် သုံးသပ်ပြင်ဆင်သင့်သည်။

ထို့ပြင် ဆန္ဒပြပွဲကို ဖြိုခွဲရာတွင်လည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ခဲ့ကြောင်း ဗီဒီယိုဖိုင် မှတ်တမ်းများကို ပြန်ကြည့်လျှင် သိနိုင်သည်။ ယင်းဆန္ဒပြပွဲကို လာရောက်ဟန့်တားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်  ဆန္ဒပြပွဲဦးဆောင်သူတို့ကြား လူစုခွဲ ရန်သဘောတူညီမှုရရှိပြီး စတင်လူစုခွဲထွက်ခွာ နေချိန်တွင်ရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွဲခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ဆန္ဒပြသူများကိုဖမ်းဆီးရာတွင်ရဲတပ်ဖွဲ့ဝင်မဟုတ်သည့် အမျိုးသားရေးသမားများဟု ကိုယ့်ကိုယ်ကို အမည်ခံထားသော လူတစ်စု က ကိုယ်ထိလက်ရောက်ပါဝင်ခဲ့ခြင်းကို တာဝန်ရှိသူများကခွင့်ပြုခဲ့သည်။ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို ကျော်လွန် ပြီးလုပ်ဆောင်ခဲ့ခြင်းအတွက် ဆန္ဒပြပွဲအားဖြိုခွဲရန် အမိန့်ပေးခဲ့သည့် တာဝန်ရှိသူကို အစိုးရက စစ်ဆေးဖော်ထုတ် အရေးယူ ရန် လိုအပ်သည်။

နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ်ကြီးကို ရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် အရေးယူခံရသူများတွင် ကဗျာဆရာများလည်း ပါဝင်ခဲ့သည်။ မန္တလေးမြို့တွင် မေလ ၆ ရက်နေ့ကပြုလုပ်သည့် စစ်ပွဲများရပ်တန့််ရေးနှင့် ပိတ်မိပြည်သူ များ လွတ်မြောက်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ကဗျာဆရာကလင့် (မန္တလေး) ကို  ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) ဖြင့် တရား စွဲဆိုခဲ့ပြီး မေလ (၁၀) ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် (၂) လ ချမှတ်ခြင်းခဲ့သည်။ ထို့ပြင် မေလ (၁၄) ရက်နေ့က ရန် ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးကဗျာရွတ်ပွဲတွင်ပါဝင်ခဲ့သော ကဗျာဆရာ ခန့်မင်းထက်နှင့် ကဗျာဆရာရွှေကြယ်မိုးတို့ကို ကျောက်တံတားရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားပြန်သည်။ ခေတ်အဆက် ဆက်ငြိမ်းချမ်းရေးလှုပ်ရှားမှုတိုင်းတွင် ကဗျာဆရာတို့သည် မိမိတို့ တတ်စွမ်းရာနေရာမှ ပါဝင်ခဲ့ကြသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ ဆရာကြီးဒဂုန်တာရာနှင် ဆရာကြီးမောင်အောင်ပွင့်တို့မှသည် ယနေ့လူငယ်မျိုးဆက်အထိ ကဗျာများဖြင့် ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ကြသည်။ ယခင်အစိုးရလက်ထက်တွင် လူစည်ကားရာ ပန်းခြံ၊ ဈေးနှင့် လမ်းဆုံလမ်းခွ များသာ မက ရထားပေါ်၊ သ င်္ဘောပေါ်အထိ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲများကို ပြုလုပ်ခဲ့ကြသည်။ မည်သည်ဥပဒေနှင့်မှ မငြိဘဲ တရားစွဲဆိုခံခဲ့ရခြင်းလည်းမရှိပါ။ လက်ရှိအစိုးရလက်ထက်တွင်မှ ပန်းခြံထဲတွင် ကဗျာရွတ်ဆိုခဲ့ခြင်းကို ငြိမ်းစုစီဥပဒေဖြင့် အရေး ယူလာခြင်းဖြစ်သည်။ နိုင်ငံရေး ကြွေးကြော်သံများနှင့်ဆိုင်းပုဒ်များ မကိုင်ဆောင်ထားဘဲ ငြိမ်းချမ်းရေးကဗျာရွတ်သော ကဗျာဆရာများကို ဖမ်းဆီးထောင်ချခြင်းသည် အစိုးရအတွက် အရှက်ရစရာဖြစ်လာနိုင်သည်။ ငြိမ်းချမ်းရေးမရသေးခြင်းကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဟု ပြော၍ရနိုင်သော်လည်း ငြိမ်းချမ်းရေးတောင်းဆိုသော ပြည်သူများအား တရားစွဲအရေးယူနေခြင်းများကိုတော့  တရားဥပဒေစိုးမိုးရေးဆိုပြီး ရောမချစေချင်ပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ ယခင်က စစ်အစိုးရကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ‘မေ့ ဖျောက်မရနိုင်ပေမဲ့ ခွင့်လွှတ်ပေးခဲ့သည်’ ဆိုသည့် အဆင့်သာဖြစ်သင့်သည်။ နောက်ပိုင်းကျူးလွန်လာသော ပြည်သူများ အပေါ် ဖိနှိပ်မှုများ၊ ဥပဒေချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို တပ်မတော်ကကျူးလွန်သည်ဖြစ်စေ၊ အရပ်သားအစိုးရ ဘက်က ကျူးလွန်သည်ဖြစ်စေ ပြတ်ပြတ်သားသား ကိုင်တွယ်ရန်လိုအပ်ပါကြောင်းနှင့် ဥပဒေများပြင်ဆင်ပြဌာန်းရာတွင် လည်း ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့ရပိုင်ခွင့်များကို အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပြုလိုက်ပါသည်။

မောင်ဆောင်းခ
မေ ၂၇ ရက်၊ ၂၀၁၈။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ