(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
ညက ပိုပြီးအေးစက်လာသည်။ လှိုင်းရိုက်သံတွေက ပို၍ကျယ်လောင်လာသည်။ နှင်းမြူနှင့်လရောင် အရောရောအထွေး ထွေးဖြစ်နေသောညထဲသို့ မွှေးရီသောရနံ့တစ်ခုက စီးလွင့်မျောပါလာသည်။
ပုန်းညက်ပန်းရနံ့တွေများလား။
ပြန်တော့မည့်ည ဖြစ်လို့နှင့်တူသည်။ ပင်လယ်အော်သံသည် ကြေကွဲဖွယ်ကောင်းသော ဂီတသံတစ်ခုနှင့်တူနေလေသည်။
(တစ်)
၃၈ ဒီဂရီ စင်တီဂရိတ်
ရန်ကုန်မြို့
၃၀ . ၃ . ၂၀၁၅
မြို့ပြသည် သည်ဘက်နှစ်တွေထဲမှာ ပို၍ပူပြင်းလာသည်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လွန့်လှုပ်နေသော တံလှပ် လှိုင်းမျှင်တွေကို လှမ်းမြင်နေရသည်။
တံလှပ်လှိုင်းမှင်များနှင့်အတူ ဖွဲဖွဲလွင့်လွင့်ကြွေကျထားသော ပိတောက်ပွင့်ဖပ်တွေကိုပါ ကျွန်တော်မြင်တွေ့နေရသည်။ လွန်ခဲ့သည့်သုံးလေးရက်က အနောက်ဖက်မှ လေပွေလှိုင်းများ၏ အရွေ့အလျားကြောင့် ကျွန်တော်တို့ဆီမှာ အခါမဲ့မိုးတွေ ရွာခဲ့သည်။ သည်မိုးရေစက်တွေကပဲ ငုံမြနေသော ပိတောက်ဖူးတွေကို တစ်ပင်လုံး ဝါဝင်းသွားအောင် မီးကုန်ယမ်းကုန် ပွင့် သွားစေခဲ့သည်။
အပူငွေ့မျှင်တွေကြားက ကျွန်တော်တို့ကို သယ်ဆောင်လာသော နို့နှစ်ရောင် ပရိုဘောက်စ်တက္ကစီ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်ဝင်းထဲကိုဝင်လာတော့ နေ့လည်တစ်နာရီပဲရှိသေးသည်။ ရန်ကုန်မှတောင်ကုတ်သို့ ….
သည်ကနေ့ ကျွန်တော်တို့သွားမည့်ခရီးစဉ်ဖြစ်သည်။ ဆရာအောင်ဇင်မင်း၊ ဆရာဆောင်းဝင်းလတ်၊ ဆရာဇူးကျော်၊ ဆရာ ငယ်လေးမောင် (သပြေရုံ) နှင့် ကျွန်တော်။ စုစုပေါင်းငါးယောက်။
သည်ခရီးစဉ်တစ်ခုလုံး၏ Project Manager က တောင်ကုတ်မြို့မှ ပန်းချီဆရာတစ်ဦးဖြစ်သည်။ ကိုဇူးကျော်မိတ်ဆက်ပေး၍ သူနှင့်တစ်ကြိမ်တော့ ဆုံဖူးသည်။ သူ့အမည်ကို ပန်းချီမြင့်ဆွေဟု ကျွန်တော်သိထားပါသည်။
အသားညိုညို၊ မျက်လုံးညိုညို၊ ကိုယ်လုံးကိုယ်ထည် ခပ်ပြည့်ပြည့်နှင့်။ သူ့မျက်လုံးတွေက လွမ်းရိပ်သမ်းနေသော မျက်လုံး မျိုး။
တောင်ကုတ်မြို့ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းမှာ ကလေးငယ်လေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်း တစ်ခုသူ ဖွင့်ထားပါသည်။ သူ့သင်တန်းမှ ကလေးငယ်လေးတွေကို ကျွန်တော်တို့က ဟောပြောပေးဖို့ပဲဖြစ်သည်။
ကျွန်တော်တို့ လိုက်ပါရမည့် ယာဉ်လိုင်းအမည်မှာ “ရဲအောင်လံ” ဖြစ်ပါသည်။ Aircon Bus ကားကြီးဖြစ်သည်။ ယာဉ်ထွက်ခွာ မည့်အချိန်မှာ မွန်းလွဲနှစ်နာရီခွဲ ဖြစ်သော်လည်း နှစ်နာရီခွဲမတိုင်မီ အဝေးပြေးဂိတ်ကို ကျွန်တော်တို့ ရောက်အောင်လာခဲ့ရသည်။ ရန်ကုန်သည် သည်ဘက်နှစ်တွေထဲမှာ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ခရီးတစ်ခုသွားလေတိုင်း
လမ်းခရီး၌ ကြန့်ကြာမည့် အချိန်ကိုသာမကယာဉ်ကြောပိတ်ဆို့မှုကြောင့် ကြန့်ကြာသွားရမည့် အချိန်တွေကိုပါ ထည့်တွက် လာရသည်။
ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့်အဓိပ္ပါယ်ရှိသောအချိန်တွေကို လမ်းမကြီးတွေပေါ်မှာ အဓိပ္ပာယ်မရှိဘဲ ကျွန်တော်တို့ ကုန်ဆုံးနေရသည်။
နေ့စဉ်နှင့်အမျှ လူများ၊ သက္ကရာဇ်များ၊ဘဝများထဲသို့ လမ်းများနှင့် အချိန်များကရောထွေးစိမ့်ဝင်လာခဲ့သည်။သည်ရောထွေးစိမ့်ဝင်မှုမျိုးက လူသားဘဝထဲကို နှစ်လိုဖွယ်ကောင်းသော စိမ့်ဝင်မှုမျိုးတော့ မဟုတ်ပါ။
နှစ်နာရီမိနစ်လေးဆယ်မှာ ရန်ကုန်မြေမှ ရဲအောင်လံစတင်ထွက်ခွာပါသည်။
မည်းနက်ပျော့ပြဲနေသော ကတ္တရာလမ်းမများ၊ နိစ္စဓူဝဘဝတွေကို သယ်ဆောင်လာသောလိုင်းကားများ၊ FMလိုင်းများမှ ဂီတ သံများ၊ ဖုန်းခေါ်သံများ၊ အဖုံးအတွင်းမှ ကံစမ်းမဲများ၊ ဒီဂျေပွတ်သံများ၊ ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ၊ ပရီးမီးယား ပဟေဠိများ …
ကျွန်တော်တို့နှင့် အသားကျပျော်ဝင်ခဲ့သောမြို့ပြသည် နောက်မှာဝေး၍ဝေး၍ ကျန်ရစ်ခဲ့လေသည်။
(နှစ်)
ထောက်ကြံ့ကိုကျော်ပြီး မှော်ဘီထဲကိုဝင်လာတော့ ကားလမ်းမဘေးတစ်နေရာမှာ မှော်ဘီဆရာသိန်း စာကြည့်တိုက်ကို ဖျပ် ကနဲမြင်လိုက်ရသေးသည်။ စာကြည့်တိုက်မှာ သစ်လွင်တောက်ပလို့နေသည်။ စာကြည့်တိုက်ရှေ့တစ်နေရာမှာလည်း ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းကြော်ငြာဘုတ်တစ်ချပ်ကို ကသုတ်ကရက် မြင်လိုက်ရသေးသည်။
ကလေးငယ်လေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းကတော့ ဟုတ်ပါပြီ။ မယဉ်ကျေး မလိမ္မာသေးသော လူကြီးတွေ အတွက်ရော သည်လိုသင်တန်းမျိုးတွေ ရှိလျှင်မကောင်းပေဘူးလားဟု ကျွန်တော်စဉ်းစားနေမိသည်။
တိုက်တိုက်ဆိုင်ဆိုင် သည်ခရီးစဉ်မတိုင်မီတစ်ညက မှော်ဘီဆရာသိန်း၏ မြန်မာမင်းများလက်ထက် ပညာရှိကြီးများနှင့် မြန်မာ့လွှတ်တော် ဝန်ကြီးမှူးကြီးများ စာအုပ်ကို ဖတ်ခဲ့ရသေးသည်။ မြန်မာဘုရင်များလက်ထက်က အတုယူလေးစားဖွယ်ရာ ကောင်းသော ဝန်ကြီးမှူးကြီးများအကြောင်းကို နှံ့နှံ့စပ်စပ်ရေးသားထားသော စာအုပ်ဖြစ်သည်။
မတရားမှုတွေ များပြားလှသောအခုလိုအချိန်မျိုးမှာ မှော်ဘီဆရာသိန်းကြီးသာ သက်ရှိထင်ရှားရှိနေလို့ကတော့ ကလောင် တံအစား ကြိမ်လုံးခပ်တုတ်တုတ်တစ်ချောင်းကိုသာ ကိုင်ထားလိမ့်မည်ဟု ထင်ပါသည်။
ဥက္ကံကျော်၍ သုံးဆယ်၊ သာယာဝတီဘက်သို့ရောက်သောအခါ ရွှေဝါရောင်ဝင်းလက်တောက်ပနေသော လယ်ကွင်းပြင် များကို မျက်စိတစ်ဆုံးမြင်လာရသည်။ တချို့လယ်တွေထဲမှာဆို ရိုးပြတ်တွေကို မီးရှို့ထားလို့နှင့်တူသည်။ မီးခိုးငွေ့ပြာ အမျှင်အတန်းတွေကိုမြင်နေရသည်။ တဖျစ်ဖျစ်လောင်ကျွမ်းနေဆဲဖြစ်သော မီးတောက်လေးတွေကိုလည်း မြင်တွေ့နေရ သည်။ တချို့နေရာတွေမှာတော့လေပြည်ထဲကို ရုန်းထအုံကြွနေသော ဖုန်လုံးကြီးများကို အဆုပ်လိုက်အမြွာလိုက် မြင်နေရ လေသည်။
ကျွန်တော်သတိပြုမိသလောက်တော့ လယ်သမား၊ ယာသမားတို့၏ ဘဝများမှာ မည်သည့်ခေတ်၊ မည်သည့်အခါကမှ ကောင်းမွန်လှပသည်ဟူ၍ မရှိခဲ့ပါ။ ခေတ်အဆက်ဆက် မွဲပြီးရင်းမွဲ ဆင်းရဲတွင်းနက်ပြီးရင်း နက်ခဲ့သည်သာဖြစ်သည်။
သည်ဘက်ခေတ်ကို ရောက်သောအခါမှာတော့ ဆင်းရဲသားနင်းပြား တောင်သူလယ်သမားတို့၏ဘဝမှာ အဆိုးတကာအဆိုး ဆုံးသို့ ရောက်ရှိသွားလေတော့သည်။
ခါးသီးကြမ်းရှဖွယ်ကောင်းသော မြေသိမ်းခံ၊ လယ်သိမ်းခံ ဘဝဆိုးများ … ….
သိမ်းဆည်းခံမြေယာများကို ပြန်လည်ရရှိဖို့ တရားမျှတမှုကို ရှာဖွေရင်းနှင့် ထောင်တွေတန်းတွေကျ၊ အချုပ်တွေကျ၊ အမှု အခင်းတွေနှင့် ရင်ဆိုင်နေကြရရှာသော ခါးသီးဖွယ်ရာဘဝဆိုးများ…….
စင်စစ်ဘိုးဘွားစဉ်ဆက် ဓားမဦးချလုပ်ကိုင်စားသောက်ခဲ့ကြသော သူတို့ချစ်မက်သည့် လယ်မြေတွေကပဲ သူတို့အတွက် ကျိန်စာတစ်ခုလိုများ ဖြစ်နေလေရော့သလားဟု နာကျင်စွာ ကျွန်တော်တွေးမိသေးသည်။
ကျောင်သားများ မော်ကွန်းသစ်ရေးထိုးနိုင်ခဲ့သော လက်ပံတန်းတာဆုံကို ကျွန်တော်တို့ကားဖြတ်တော့ ညနေငါးနာရီထိုးပြီးစပဲ ရှိသေးသည်။
ဇီးကုန်းကို ရောက်လာချိန်မှာတော့ဝန်းကျင်တစ်ခွင်လုံး အမှောင်များဖြင့် လေးလံအိကျလာလေပြီ။ မှုန်မှုန်ဝေဝေဖြစ်နေသောဟိုးခပ်လှမ်းလှမ်းမှာတော့ နှင်းတွေလား၊မြူရိပ်တွေလား။ မသဲကွဲလှပါ။
အင်းမကိုရောက်တော့ ရဲအောင်လံတစ်ထောက်နားပါသည်။
ခရီးသည်တွေ ညစာစားပြီး အင်းမကပြန်ထွက်လာတော့ ညရှစ်နာရီထိုးနေပြီဖြစ်သည်။
ရဲအောင်လံသည် ဖြည်းဖြည်းနှင့်မှန်မှန်ပဲ ပြေးလွှားလျက်ရှိသည်။ ညရှစ်နာရီ ငါးဆယ်မှာတော့ ပြည်နဝဒေးတံတားကို ရဲအောင်လံဖြတ်ပါသည်။
ထိုညက မီးပျက်လို့နှင့်တူသည်။ ပြည်သည် အမှောင်ထဲမှာ ငြိမ်ဆိတ်နေလေသည်။ဧရာဝတီသည်လည်း စိမ်းပြာရောင်ည ထဲမှာ တိုးရီနွမ်းလျလျက်။
အမှောင်ထဲမှာ တိတ်ဆိတ်စွာစီးဆင်းနေသော ဧရာဝတီကိုငေးကြည့်ရင်းနှင့် လေထန်ကုန်းညနေခင်းတွေထဲကို အေးစက် လေးကန်စွာ ရောက်ရောက်လာတတ်သော ကိုဆွေ့ကို ဖျပ်ကနဲသတိရလိုက်သေးသည်။
ဥသျှစ်ပင် လဝကစစ်ဆေးရေးဂိတ်ကိုကျော်လွန်လာသောအခါ ကားလမ်းသည်တောင်တက်လမ်းဖြစ်လာသလို အကွေ့အ ကောက်တွေလည်း များပြားလာပါသည်။ ကြီးမားသောပင်စည်လုံးပတ်နှင့် သစ်ပင်ကြီးတွေကိုလည်း လမ်းဘေးမှာ မြင်တွေ့ လာရသည်။
ကားပေါ်မှ ခရီးသည်တော်တော်များများက ရိုးမဖြတ်ခရီးစဉ်ကို ယဉ်ပါးနေကြပုံရသည်။ အိပ်သည့်လူကအိပ်၊ ဖုန်းပွတ်သည့် လူကပွတ်နှင့် ရဲအောင်လံ တဂျီးဂျီးနှင့်အော်ဟစ်ပြီး ရိုးမအပေါ်တိုးတက်နေတာကို ဘယ်သူကမှ စိတ်ဝင်စားပုံမရကြပါ။
ကားမီးရောင်အောက်မှာ မြင်တွေ့နေရသော တောင်တက်လမ်းကတော့အကောက်အကွေ့တွေ၊ အခွေအရစ် တွေများပြား လွန်းလှသည်။
ညောင်ကျိုးရွာ လဝကဂိတ်ကို ကျော်လွန်လာချိန်မှာတော့ ကားလမ်းသည် သိသိသာသာကို မြင့်တက်သွားပါသည်။ တောင် ကြားတွေ၊ တောင်နံရံတွေမှာ ကပ်ပြီးဖောက်ထားသော လမ်းဖြစ်သောကြောင့် နံဘေးမှာတောင်နံရံတွေကို မြင်နေရပါသည်။ လျှိုတွေ၊ချောက်တွေ၊တောင်ကမ်းပါးတွေကိုလည်းကားမီးရောင်အောက်မှာ အသည်းတယားယားနှင့် မြင်တွေ့နေရသည်။ ဝန်းကျင်တစ်ခွင်လုံး စိမ်းမှောင်နေသောကြောင့် မီးရောင်အောက်က မြင်ကွင်းတွေကလွဲပြီး ရိုးမတောင်စဉ်အထပ်ထပ်ကို သဲသဲကွဲကွဲတော့ မမြင်ရပါ။
ကျွန်တော့်ဘေးမှ ကိုဇူးကျော်ကတော့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သည်။ တစ်ဖက်ခုံမှ ဆရာအောင်ဇင်မင်းနှင့် ကိုဆောင်းဝင်းလတ်တို့ဆီကလည်း ဘာစကားသံမှ ထွက်မလာတော့။ နောက်ခုံမှ ဆရာငယ်လေးမောင်ဆီသည်လည်း အိပ်မောကျနေလေပြီ။
ရဲအောင်လံကတော့ ကြယ်ရောင်မှုန်မှုန်အောက်မှာ ရခိုင်ရိုးမကို တဂျီးဂျီးနှင့်အော်ဟစ်ပြီး ကုတ်ခြစ်တွားတက်နေဆဲ။
တအောင့်နေတော့ ကျွန်တော်လည်းမှေးကနဲဖြစ်ပြီးအိပ်ပျော်သွားပါသည်။ ကျွန်တော်နိုးလာတော့ ရဲအောင်လံသည် ပြေပြစ် ညီညာသော တောင်ဆင်းလမ်းမှ တောင်ကုတ်မြို့ထဲသို့ ဝင်နေပြီဖြစ်သည်။
မီးရောင်လက်လက်ထနေသောတောင်ကုတ်သည် အိပ်မှုန်စုံမွှားဖြင့် ကျွန်တော်တို့ငါးယောက်ကို ကြိုနေလေသည်။ နာရီကို ကြည့်လိုက်တော့ နံနက်သုံးနာရီခွဲတိတိ။
(သုံး)
“အောင်ဇင်မင်း”
ကျွန်တော်တို့အတွက်တော့ သူဟာ အမြဲတစေ ရှင်းသန့်စင်ကြယ်နေလေ့ရှိတဲ့ နံနက်ခင်းတစ်ခုပေါ့။ ဘယ်အချိန်ကြည့် လိုက်ကြည့်လိုက် သူ့ရဲ့မျက်နှာသွင်ပြင်ဟာ အမြဲတမ်းစင်ကြယ်နေလေ့ရှိတယ်။ အငြိမ်းဓာတ်တစ်ခုခုဟာ သူ့ရဲ့အသွေး အသားတွေထဲမှာ စိမ့်ဝင်ပျံ့နှံ့နေခဲ့ပြီလား။
သူ့ရဲ့ဖြတ်သန်းမှုဟာ ရှည်လျားလှသလို ဆိတ်ဖလူးပန်းရနံ့ မွှေးရီတဲ့နေရာတစ်ခုမှာလည်း ဆယ်စုနှစ်တစ်နှစ်လောက်ကြာအောင်နေခဲ့ရလေတယ်။
ကဗျာဆရာအောင်ဇင်မင်းဟာ ကျွန်တော်တို့အတွက်တော့ ဖတ်လက်စ ကဗျာတစ်ပုဒ်ပင်ဖြစ်သည်။
ကျွန်တော် အစွဲအလမ်းကြီးမားခဲ့တဲ့ပင်လယ်ကို ဆရာအောင်ဇင်မင်းနှင့် အတူတကွသွားရတာဟာ ကျွန်တော့်အတွက်တော့ ကောင်းမြတ်မှုတစ်ခုပါပဲ။
“ဆောင်းဝင်းလတ်”
ကိုဆောင်းဝင်းလတ်နဲ့ ခရီးအတူသွားရတာကတော့ ကျွန်တော့်အတွက်အလွမ်းပြဇာတ်လေးတစ်ပုဒ်ကို ကြေကွဲမူးရီပြီးငေး ကြည့် နေရသလိုပါပဲ။
သူနဲ့ကျွန်န်တော်နဲ့အခြားတစ်ယောက်နဲ့ဆိုတာ တဖျပ်ဖျပ်မြူးလွင့်နေတဲ့ တစ်ခုသောအလံတော်အောက်မှာ အတူတူရှိခဲ့ဖူး သူတွေပေါ့။
သူနဲ့ကျွန်တော်နဲ့ အဲဒီအခြားသောလူတစ်ယောက်ဆိုတာ တစ်ခုတည်းသောအရက်ခွက်ကို တစ်ယောက်တစ်လှည့်စီ ချစ် မက်စွာနှင့် မော့သောက်ခဲ့ဖူးတဲ့ လူတွေပေါ့။
ဒါပေမယ့် ကိုဆောင်းဝင်းလတ်ဟာအဲဒီအခြားသော လူတစ်ယောက်ဆိုသူရဲ့လုပ်ပိုင်ခွင့်နဲ့ ရမ္မက်ဆန္ဒတွေ ဆာလောင်ယား ယံလာမှုကြောင့် ဆိပ်ဖလူးပန်းရနံ့ မျောလွင့်နေတဲ့ရပ်ဝန်းတစ်ခုဆီကို တစ်နှစ်လောက်ကြာမြင့်အောင် သွားနေခဲ့ရလေတယ်။
ဘဝ ဘဝတွေမှာ ဒီ့ထက်ထိခိုက်ကြေကွဲစရာကောင်းတဲ့ ပြဇာတ်တွေ ရှိနိုင်ပါ့ဦးမလား။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ ချွန်မြနေတဲ့ဓားမြောင်တစ်ချောင်းဟာ ကျွန်တော်တို့ရဲ့နံကြားတွေထဲကို အချိန်အခါမရွေး စိုက်ဝင်တုန်ခါသွားနိုင်ပါသလား။သိခွင့်ရှိက ကျွန်တော်သိလိုလှပါသည်။
“ဇူးကျော်”
ကိုဇူးကျော်တဲ့။
ကိုဇူးကျော်ဟုဆိုလိုက်သည်နှင့် ရိုးဖြောင့်ခြင်း၊ အမျက်အအီမရှိခြင်း၊ သစ္စာတရားကြီးမားခြင်းတို့ကို ပေါင်းစပ်ပြီး ကျွန်တော်တို့ မြင်ရလေ့ရှိသည်။
အဲသည်လိုအမှတ်သင်္ကေတများနှင့် တောက်ပရှင်သန်ဖို့ရာအတွက် ရာဇဝင်ထဲက သူ့ရဲ့မြို့ကလေးကို သူနဲ့ မိုင်ပေါင်းများစွာ ကွာဝေးသောနေရာတစ်ခုမှာ သူထားရစ်ခဲ့ရသည်။
နောက် …. သူ့ရဲ့ချစ်ခြင်းမေတ္တာ။ ဒါဟာလည်း သူ့ဘဝအတွက် ဘယ်သောအခါမှ ပြီးဆုံးသွားမှာမဟုတ်သော အလွမ်းပြဇာတ် တစ်ပုဒ်ပါပဲ။
ဆရာငယ်လေးမောင်ကိုတော့ အနုပညာကို ချစ်ခင်မြတ်နိုးခြင်း၊ အနုပညာသမားများအပေါ် လေးစားညွတ်နူးခြင်းတို့ဖြင့် ဒွန်တွဲပြီး ကျွန်တော်တို့ ကျွမ်းဝင်ခဲ့ရသည်။ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်မှ သူ၏ သောကြာစာပေဝိုင်းသည် နယ်မှလာသော စာပေသမားများအတွက် ကွန်းခိုရာအိုအေစစ်လေးသဖွယ် ဖြစ်ခဲ့ဖူးပါသည်။
နံနက်ရှစ်နာရီခွဲတိတိအချိန်မှာတော့ကျွန်ုပ်တို့၏ “ပန်းချီမြင့်ဆွေ” သည် ကျွန်တော်တို့တည်းခိုရာ “နန်းတော်ဦးဧည့်ရိပ်မွန်” သို့ရောက်ရှိလာခဲ့သည်။
ညက သူပဲ တောင်ကုတ်အေးရိပ်ငြိမ်အဝေးပြေးကားဂိတ်ဝင်းမှာ ကျွန်တော်တို့ကိုလာရောက်ကြိုဆိုခဲ့သည်။
ညက သူပဲ အေးရိပ်ငြိမ်အနီးမှ လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ချိုမြသော လက်ဘက်ရည်ပူပူတစ်ခွက်စီ တိုက်ခဲ့သည်။
ညက သူပဲ ကားဂိတ်နှင့် မနီးမဝေးမှာရှိသော နန်းတော်ဦးဧည့်ရိပ်မွန်မှာ တည်းခိုစေခဲ့သည်။
ပန်းချီဆရာရောက်လာတော့ ရန်ကုန်မှ ကျွန်တော်တို့ သယ်ဆောင်လာသော စာအုပ်တွေကို ပန်းချီဆရာ၏ “ဓမ္မအဓိပတိ “စာကြည့်တိုက်သို့ လှူဒါန်းရပါသည်။ နောက် သူ့ဝိုင်းတော်သားတွေနှင့်ပဲ ဟောပြောပွဲကျင်းပမည့် အထက်တန်းကျောင်းခွဲရှိရာ သို့ ကျွန်တော်တို့အဖွဲ့ လမ်းလျှောက်သွားခဲ့ကြသည်။
ဝေးလံခေါင်ဖျားအရပ်ဒေသဆီမှဟောပြောပွဲဖြစ်သော်လည်း ကလေးတွေကဟောပြောပွဲကို ရှိန်မနေကြ။စင်စစ် ကျွန်တော် တို့သည် သည်လိုကလေးငယ်လေးတွေကို နှစ်ပေါင်းများစွာ မေ့လျော့ထားခဲ့ကြသည်။ ကျွန်တော်သတိပြုမိသလောက် ရ သဘက် နှီးနွယ်သော စာပေဟောပြောပွဲဆိုတာမျိုးကကလေးငယ်လေးတွေအတွက် မရှိသလောက်ကို ရှားပါးခဲ့ပါသည်။
မျိုးဆက်သစ်ကလေးငယ်လေးတွေကို ရသစာပေနှင့် ထိတွေ့ချိတ်ဆက်ပေးသော ကျွန်ုပ်တို့၏ပန်းချီဆရာကိုလည်း ကျေးဇူးအထူးတင်ရပါသည်။
နှင်းမြူတွေဝေ့ဆိုင်းနေသော ထိုနေ့မွန်းလွဲပိုင်းက အရုဏ်ဦး စာကြည့်တိုက်ကိုလည်း ကျွန်တော်တို့ရောက်ခဲ့သေးသည်။ ရွှေ ရ (တောင်ကုတ်) ၊ မောင်နေပူ (တောင်ကုတ်)၊ မောင်နှစ်သိမ့် (တောင်ကုတ်)၊ လင်းသဏ်ညီတို့ကို မွေးထုတ်သန့်စင်ပေးခဲ့သည့် တောင်ကုတ်ကား တောင်တွေကြားမှာ ကုပ်ကုပ်ရုပ်ရုပ်ဖွဲ့တည်နေသော ရိုးမတောင်ခြေက မြို့တစ်မြို့ဖြစ်လေသည်။
ထိုညက တောင်ကုတ်က စာရေးဆရာ၊ ကဗျာဆရာတို့၏ ရဲရင့်ထက်ရှသောခေတ်ပြိုင်သွေးခုန်သံများကို ပကတိအရှိအတိုင်း ကျွန်တော်တို့ ကြားခွင့်ရခဲ့သည်။
ထိုဝိုင်းက လူစုခွဲပြီးပြန်လာတော့ ပြာမှိုင်းသော တောင်ကုတ်ညသည် ကြယ်များဖြင့် စုဖွဲ့အုံခဲလျက်။ အေးရှစိမ့်မြသော ရိုးမ ဖြတ်လေသည်ကျွန်တော်တို့ကို ထိစမ်းပွတ်သပ်လျက်။
(လေး)
နောက်တစ်နေ့ နံနက်စောစောမှာတော့ ပန်းချီဆရာက ကျွန်တော်တို့ကိုတောင်ကုတ်မှ သံတွဲ ငပလီသို့ ခေါ်ဆောင်သွားပါ လေတော့သည်။
ပင်လယ်…..ကျွန်တော်အစွဲအလမ်းကြီးမားခဲ့သောပင်လယ်။ ကျွန်တော်ချစ်မက်ခဲ့ရပါလေသောပင်လယ်။
တဝေါဝေါမြည်အော်ပြီး သဲသောင်ပြင်ပေါ်သို့ အတန်းလိုက်လိမ့်စီးပြေးတက်လာသော လှိုင်းခေါင်းဖြူများ။ ကျောက်ဆောင် ကျောက်ဆွယ်များနှင့် ပင်လယ်ရေလှိုင်းများထိခတ်မိရာက ဖွားကနဲ ပြန့်ကြဲလွင့်စဉ်သွားသော ရေမှုန်ရေစက်လေးများ။ အိ နွဲ့ လှုပ်ယိမ်းနေသောရေလှိုင်းပြာများ။ တရွှီရွှီအော်ဟစ်နေသော ပင်လယ်လေရိုင်းများ။ ထုံအီနေသော ပုန်းညက်ပန်းရနံ့များ။
စင်စစ် ပင်လယ်သည် ကျွန်တော်နှင့် သူစိမ်းပြင်ပြင်ဖြစ်နေသောနေရာတော့မဟုတ်။ သည်နေရာလေးကို လွန်ခဲ့သော ၃၅ နှစ်ခန့်က အားကစားအဖွဲ့တစ်ဖွဲ့နှင့် ကျွန်တော်လိုက်လာခဲ့ဖူးသည်။ သည်နေရာ သည်ကမ်းခြေလေးမှာတစ်လနီးပါး ကျွန် တော်နေသွားခဲ့သည်။ အဲသည်တုန်းက ပါလာသည့်လူတွေအနက် တချို့မှာ တိမ်းပါးသွားကြလေပြီ။ တချို့မှာ ဘယ်ရောက် လို့ ရောက်မှန်းမသိအောင် အဆက်အသွယ်တွေ စိမ်းကားပြတ်တောက်လျက်။ တချို့ကတော့ ဘဝကို ခက်ခဲပင်ပန်းကြီးစွာ အံတုရင်ဆိုင်နေကြရဆဲ။ တချို့ကတော့ ရောဂါဘယများ၏ပူးကပ်ဖိစီးမှုများအောက်မှာ သေအံ့မူးမူး အခြေအနေများ။
ခေတ်ကြီးနှစ်ခေတ်ကို ပါးနပ်လိမ္မာစွာကူးခတ်လွန်မြောက်ခဲ့သော လူတချို့ကတော့ လှပကောင်းမွန်သောဘဝများကို ပိုင် ဆိုင်ကြလျက်။
နှစ်ပေါင်းသုံးဆယ်ဟူသော အချိန်ပမာဏသည် လူတစ်ယောက်၏ အနိုင်အရှုံးကို ကြည်လင်ပြတ်သားစွာ ရှုမြင်ရလေ့ရှိ သောအချိန်မျိုးမဟုတ်သော်လည်း ထိုလူတွေရောက်ရှိနေသော အဝန်းအဝိုင်းကိုတော့ မှန်ကန်စွာ ညွှန်းပြပေးနိုင်ပါသည်။
သို့ဆိုလျင် …. … …. …… .
သို့ဆိုလျှင် သည်လူတွေ သည်အစုအဖွဲ့တွေထဲမှာ ဘယ်သူက အလင်းဘက်ကလဲ။ ဘယ်သူက အမှောင်ထုထဲကလဲ။ ဘယ်သူက ဓမ္မဘက်ကလဲ။ ဘယ်သူက အဓမ္မဘက်က များပါလဲ။
ပင်လယ်သည် ရင့်ကျက်တည်ငြိမ်ပြီး ဣနြေ္ဒကြီးမားသည့် မိန်းမတစ်ယောက်လိုလွန်ခဲ့သော ၃၅ နှစ်ခန့်က သူ့ထံမှာဆိုက် ကပ်ခဲ့ဖူးသော သင်္ဘောတစ်စီးကို နွေးထွေးစွာဆီးကြိုနေလေသည်။
ပင်လယ်နှင့်ထိတွေ့ခွင့်ရသည့် ရက်များအတွင်း အလုံးစုံသော ဖိစီးမှုအမျိုးမျိုးအောက်က အခိုက်အတန့်အားဖြင့် ကျွန်တော် တို့ လွတ်မြောက်ခဲ့ရသည်။
ပင်လယ်၏ အမြှူအညှို့အောက်မှာနေ နေရသည့် ရက်များအတွင်း ပျောက်ဆုံးနေသော ကျွန်တော့်ကိုယ်ကျွန်တော်ပြန်တွေ့လာရသည်ဟု ခံစားလာရသည်။
ထိုရက်တွေထဲမှာပဲ ပန်းချီဆရာ၏လူသားဆန်မှုများ၊ သူ၏နွဲ့ပျောင်းမှုများ၊ သူ၏ဒဿနအပိုင်းအစများသည် ရေလှိုင်းပြာများ နှင့်အတူ ကျွန်တော်တို့၏ ကမ်းခြေညထဲသို့စီးဝင်လာခဲ့သည်။
ပင်လယ်မှာ သုံးညအိပ်ပြီး ရန်ကုန်ကိုပြန်တော့ ပန်းချီဆရာကပဲ သံတွဲအဝေးပြေးကားဂိတ်ဝင်းကို လိုက်ပို့ပေးပါသည်။
တောင်ကုတ်ကို အလာတုန်းကရဲအောင်လံသည် ရခိုင်ရိုးမကို ကုတ်ခြစ်တွားတက်ခဲ့တာဖြစ်သည်။ အပြန်ခရီးစဉ်မှာတော့ ရဲအောင်လံသည် ဂွ၊ ကျိန္တလီကိုဖြတ်ပြီး အနောက်ရိုးမကို ခွကျော်သွားမှာဖြစ်သည်။
ယာဉ်ထွက်မည့် အချိန်မှာ နံနက်ရှစ်နာရီဖြစ်သည်။ ရန်ကုန်ပြန်မည့်ခရီးသည်များက ခုနှစ်နာရီခွဲလောက်ကတည်းက ကား ပေါ်သို့ အလျှိုအလျှို တက်ကုန်ကြသည်။
မိုးရနံ့ပါသောလေက ငွေ့ငွေ့ကလေးဖြတ်တိုက်သွားသည်။
ပန်းချီဆရာကို တစ်ယောက်တစ်လှည့်စီ လက်ဆွဲနှုတ်ဆက်ပြီး ရဲအောင်လံပေါ်သို့ ကျွန်တော်တို့ တက်လာခဲ့ကြသည်။ ပန်းချီဆရာ၏ မျက်ညိုဝန်းတွေက မှုန်မှိုင်းလို့နေသည်။ နောက်တစ်ကြိမ်သူနှင့် တွေ့ဆုံနိုင်ပါဦးမည်လား။ မသေချာလှပါ။
ကျွန်တော်တို့ အပါးမှာ ဘာတွေများသေချာခဲ့ပါသလဲ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ၄၃၆၊ ၅၉ (စ)၊ လီဟန်နီ၊ ချစ်ခြင်း
မေတ္တာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။ အရေးကြီးပြီ သွေးစည်းကြစို့။ ဘာတစ်ခုမှ မသေချာခဲ့ပါ။ သည်ဘက်နှစ် တွေထဲကိုရောက်တော့ ၆၆ (ဃ) ဆိုသော အသံတွေတောင် ကျယ်လောင်စွာ မြည်ဟီးလာခဲ့သေးသည်။
ရှစ်နာရီငါးမိနစ်မှာ ရဲအောင်လံဘီးစလှိမ့်ပါသည်။ အလုံပိတ်ပြတင်းတံခါးထဲမှ ပန်းချီဆရာကို ကျွန်တော်တို့ လက်ဝှေ့ယမ်း ပြကြသည်။
ပန်းချီဆရာကလည်း တရွေ့ရွေ့ထွက်ခွာနေသော ရဲအောင်လံကို ငေးငေးရီရီကြည့်နေရင်း သူ့လက်အစုံကို ဝှေ့ယမ်းပြသ လျက်။
တူရှုဆီမှာတော့ မြူနှင်းတွေကြားမှာအမြှောင်းလိုက်သွယ်တန်းနေသော စိမ်းမြမြရိုးမ။ အနောက်ဖက်ဆီမှာတော့ ကမ်းခြေ ပေါ်သို့ တဝေါဝေါပြေးတက်လာသော ရေလှိုင်းပြာများ။
တအောင့်ပဲမောင်းလိုက်ရသည်။ ပန်းချီဆရာရော ပင်လယ်ပါ နောက်မှာ ကျန်ရစ်ခဲ့လေသည်။
နိုင်ဝင်းသီ