စိုးခိုင်းညိန်း ● ကီဘီရာ

February 5, 2019

စိုးခိုင်းညိန်း ● ကီဘီရာ
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၉

ကမ္ဘာကြီးကို မေးလိုက်ချင်တယ်
“အကြမ်းဖက်ဝါဒဟာ ကမ္ဘာလုံးဆိုင်ရာ အရှိတရားဖြစ်လာပြီးလား” လို့။

ငါတို့ဟာ
အစွန့်ပယ်ခံတွေ
ငါတို့ဟာ
ပညာမဲ့တွေ
ငါတို့ဟာ
ဆင်းရဲမွဲတွေမှုတွေ
ငါတို့ဟာ
ဘာမှ တန်ဖိုးမထားခံရတဲ့သူတွေ
ငါတို့ဟာ
မိဘမဲ့တွေ
ငါတို့ရဲ့ ပျမ်းမျှသက်တမ်းဟာ
နှစ်ပေါင်း သုံးဆယ်
ငါတို့ဟာ
မွေးပြီးတာနဲ့ သေဖို့ပဲ။

ဆင်းရဲခြင်းက
ငါတို့ရဲ့ မွေးရာပါ
ငါတို့ လုပ်နိုင်တာ ခိုးဝှက်ဖို့ပဲ
ငါတို့ပြန်ရတာ ကျည်ဆံတွေ
ငါတို့ရဲ့ အသက်ဟာ
မရှိတဲ့ ပေါင်မုန့်ထဲမှာ
ငါတို့ရဲ့ အရေပြားတွေဟာ
မီးလောင်ထားသလို မည်းတူးလို့။

ကံကောင်းလွန်းမှ
အလုပ်ကြမ်းလုပ်ခွင့်ရမဲ့ဘဝမှာ
ငါတို့ ဘာလုပ်ရမလဲ
တနေကုန်အသားကုန်လုပ်မှ
တဒေါ်လာရတဲ့ ဘဝမှာ
ငါတို့ဘာလုပ်ရမလဲ
တိုတောင်းလှတဲ့ ငါတို့ဘဝမှာ
ငါတို့ဘာလုပ်ရမလဲ
ကိုယ်ချင်းစာတရားမရှိတဲ့ လောကကြီးထဲ
ငါတို့ ဘာလုပ်ရမလဲ
တရားမျှတမှု မရှိတဲ့ လောကကြီးမှာ
ငါတို့ ဘာလုပ်ရမလဲ
နေလို့လည်း မထူးခြားတဲ့ဘဝမှာ
နေမထူး သေမထူးပဲ ကောင်းတယ်။

ငါတို့
မနက်ဖြန် ဘာဖြစ်မလဲ မစဉ်းစားနိုင်ဘူး
ဒီနေ့ ဘယ်လိုအသက်ရှင်မလဲဆိုတာပဲ အရေးကြီးတယ်
ငါတို့ဟာ အရွယ်ရောက်တာနဲ့
ရှင်သန်ဖို့ပဲ အကြမ်းဖက်ရ
ငါတို့ဟာ
အကြမ်းဖက်မှုတွေ ကာကွယ်ရင်းနဲ့
အကြမ်းဖက်သမားတွေ ဖြစ်ရ
ငါတို့မှာ
ရွေးချယ်စရာမရှိဘူး
ဘာမှ မသေချာ မရေရာမှုဟာ
ငါတို့ရဲ့ အရှိတရားပဲ။
မြို့ပြရဲ့ ခမ်းနားထည်ဝါမှုဟာ
ငါတို့နဲ့ ဘာမှမဆိုင်တဲ့အရာ။

မေတ္တာတရားတွေ ခေါင်းထောင်လို့ မရတဲ့
ဒီအရပ်မှာ
ရှင်သန်ဖို့ နုနေလို့မရတဲ့ဒီအရပ်မှာ
အကြမ်းပဲ ဖက်ရတော့မယ်။

စိုးခိုင်ညိန်း

မှတ်ချက်
ကီဘီရာ = ကင်ညာနိုင်ငံမှာရှိတဲ့ အာဖရိကတိုက်ရဲ့ အကြီးမားဆုံး ဆင်းရဲသားရပ်ကွက်။ ဒီကဗျာဟာ မောင်ကြွယ်စိုးရဲ့ အကြမ်းဖက်သမားတွေ မွေးဖွားရာဒေသဆိုတဲ့ဆောင်းပါးကနေ မြစ်ဖျားခံပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

Archives