ကဗျာ

စံညိမ်းဦး ● မင့်အင်္ကျီပေါ်က ကြယ်သီးတွေအကြောင်း

စံညိမ်းဦး ● မင့်အင်္ကျီပေါ်က ကြယ်သီးတွေအကြောင်း
(အမျိုးသားရေး လှုံ့ဆော်ကဗျာ)
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၁၉

ဧဒင် ဂါးဒင်းထဲ ဧဝ ဝင်လာတော့
ကြယ်သီးတွေ ပါခဲ့လို့လား။

တနေ့လုံး
ကြယ်သီးစက်ရုံကို ဖုန်းခေါ်ပေမယ့်
ဘယ်သကောင့်သားမှ မကိုင်ဘူး။

တလုံးချင်း
မင်း သိလား
ဒါဟာ ဗုံးသီး စနက်တံဖြုတ်ရတာထက် ရှုတ်ထွေးတယ်ဆိုတာ။

ကြယ်သီးတွေဟာ
ပေါတိပေါချာ ဗာဟီရတွေနဲ့ ကမ္ဘာကြီးလို
ငါတို့ရဲ့ ဗြုတ်စဗျင်းတောင်းများလို
မလိုအပ်ဘဲ များနေတဲ့ သော့ခလောက်တွေလို။

တောင်စဉ်ခုနှစ်သွယ် သီတာခုနှစ်တန်
ကြယ်သီးတွေအကြောင်း ပြန်ပြောရင်
ကြယ်သီးတွေဟာ မလွယ်သီးတွေပဲလို့ လွယ်လွယ်မှတ်ချက်ပေးကြမယ်။

လက်ဗွေရာ ဆင်ဆာစနစ်နဲ့
ကြယ်သီးသစ်တွေ ထွက်မလာသေးဘူးလား။

တီရှပ်တွေဟာ
၁၉ရာစု ရိုခေတ်ကို ရယ်မောခဲ့ကြတယ်။

အချစ်နဲ့ ကြယ်သီးဟာ ဘာဆိုင်လို့လဲဆိုတော့
နှလုံးသားကြမ်းပြင်ထိဆင်းနေတဲ့ ရေငုပ်သင်္ဘောမှာ
ဘာအဖြေမှ မရှိပါဘူး။

အပိုဆာဒါးတွေနဲ့
ကိုကိုလည်း ဗျာများ မနေချင်ဘူးလေ။

စံညိမ်းဦး
ဇန်နဝါရီ ၂၄၊ ၂၀၁၉

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts