ဝတ္ထုတို

မေသနပ်ခါး ● ကြေးမုံပြင်ပေါ်ဖတ်တဲ့စာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မေသနပ်ခါး ● ကြေးမုံပြင်ပေါ်ဖတ်တဲ့စာ
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၁၉


(၁)
ညနေခင်း နေရောင်တောက်သော အချိန်တိုင်း ထိုမိန်းကလေးနှစ်ယောက် အမွှေးပွပွ ခွေးလှလှလေးနှစ်ကောင်ကို ကျောင်းလာသည်ကို မြင်ရမြဲဖြစ်သည်။ ပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်သည်က ကလျာ့ဝါသနာမို့ မိမိထိုင်နေသည့် မိုဘိုင်းဖုန်းဆိုင်လေးထဲမှ လူပါးချိန်တိုင်း ပြင်ပကို လေ့လာမြဲ။ သူတို့ကို တွေ့ရတတ်မြဲပင်။ သည်ရပ်ကွက်လေးထဲ မိုဘိုင်းအရောင်းဆိုင်လေး စ,ဖွင့်သည့် တစ်လကျော်ကျော်ကာလအတွင်း သူတို့ကို နေ့စဉ်လိုလို မြင်တွေ့နေခဲ့ရ၍လည်း အမြင်အားဖြင့် သံယောဇဉ်ဖြစ်လာခဲ့သည်။

မိန်းကလေးနှစ်ဦးမှာ အလွန်ဆုံးရှိလှ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်များသာ။ သုံးဆယ်ကျော်အရွယ် ကလျာနှင့် ယှဉ်လျှင် ကလေးသာသာအရွယ်များသာဖြစ်၏။ သူတို့နှစ်ဦးသည် တစ်ခါတစ်ရံ ဘောင်းဘီတိုနှင့်၊ ရံဖန်ရံခါတော့ ဂါဝန်လှလှလေးများဝတ်ကာ စကတ်အတိုအရှည်များ ဝတ်သည့် အခါလည်းဝတ်သည်။ ဆံပင်အရှည်ကို ခပ်ပွပွလေး ကောက်ထားကြပြီး ဖားလျားဖြန့်ချထားသည့်အခါ ရှိသလို ဖဲကြိုးအမျိုးမျိုးနှင့် ပုံစံမျိုးစုံ လှပစွာ စည်းနှောင်ထားတတ်သည့်အခါလည်း စည်းနှောင် ထားလေ့ရှိသည်။ ထူးခြားသည်က နှစ်ယောက်စလုံး ဒေါက်ဖိနပ်လှလှလေးများ စီးထားတတ်ခြင်းပင်။ ကလျာ့စိတ်ထဲတွင်မူ ခွေးသွားရာနောက် ပြေးလိုက်ရသော ခွေးကျောင်းသည့်အလုပ်တွင် ထိုအလှစီးဒေါက်ဖိနပ်မြင့်မြင့်များက မလိုက်ဖက် မကိုက်ညီလှဟုထင်သည်။ သို့သော်လည်း သူတို့ဝတ်ဆင်ထားသော အဝတ်အစားများနှင့်မူ ထိုဖိနပ်များက ဆီလျော်လှပပါသည်။

သူတို့သည် ခွေးလည်ပင်းတွင် စွပ်ထားသည့် လည်ပတ်ကြိုးကို ဆွဲထားရင်း ခွေးသွားရာနောက်သို့ လိုက်ပါထိန်းကျောင်းရသည်လည်းရှိသလို တစ်ခါတစ်ရံတော့လည်း လည်ပတ်ကြိုးကို တင်းတင်းကိုင်ပြီး တစ်နေရာတည်းတွင်ရပ်ကာ အချင်းချင်း စကားပြောချင်ပြောနေတတ်သေးသည်။ ထိုအခါမျိုးတွင် ကြိုးဆွဲခံထားရသော ခွေးလေးနှစ်ကောင်မှာ ချာလည်ရိုက်အောင် တစ်ကောင်နှင့်တစ်ကောင် ပွတ်သပ်ဆော့ကစားနေတတ်ကြ၏။

မိန်းကလေးနှစ်ဦးမှာ ရုပ်ချင်းလည်းမဆင် တစ်ဘာသာစီဖြစ်၍ ညီအစ်မများတော့ မဟုတ်တန်ရာဟု ထင်ရသည်။ သူတို့ချင်း ရပ်စကားပြောလေ့ရှိသောနေရာမှာလည်း ကလျာ့ဆိုင်နှင့် အတန်ငယ်လှမ်းသဖြင့် သူတို့ချင်း ဘာတွေပြောနေတတ်သည်ကို မကြားရ။ စပ်စုတတ်သော ကလျာ့အဖို့ သူတို့ချင်း ဘာတွေပြောသည်ကို သိချင်လှသော်လည်း သူတို့နှစ်ဦးကား လူရှုပ်လေ့ရှိတတ်သော မိုဘိုင်းဖုန်းဆိုင်ရှေ့တွင်လည်း ရပ်၍ စကားပြောလေ့မရှိပါ။ မည်သို့ပင်ဆိုစေကာမူ တစ်နေကုန် မိုဘိုင်းဖုန်းဆိုင်လေးထဲတွင် ငြီးငွေ့ဖွယ် အချိန်ဖြုန်းနေရသူ ကလျာ့အဖို့ ညနေခင်းများသည် သူတို့နှစ်ဦးနှင့် သူတို့၏ခွေးလေးနှစ်ကောင်ကြောင့် စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ရသည်။

(၂)
“အမလေး၊ ဒီလိုပဲ သူများအိမ်ရှေ့တွေ ခွေးချေးလျှောက်တည်ရသလား။ ခုနလေးတင် ပြောင်နေအောင် တံမျက်စည်းလှည်းထားတယ်။ အခု ခွေးချေးပုံနဲ့။ ပက်ပင်းတိုးမိပေလို့။ နို့မို့ လမ်းဘေး ခွေးလေခွေးလွင့်တွေပါသွားတယ် ထင်မှာ။ ပိုင်ရှင်ရှိနေမှတော့ ခွေးချေးကို ဒီလိုပဲ သူများအိမ်တွေရှေ့ လျှောက်တည်ရလား။ ကိုယ့်အိမ်မှာကိုယ်တည်ခဲ့ရောပေါ့။ မတော်လို့ထွက်သွားရင်လည်း ပြန်ကျူံးမှပေါ့။ ပိုင်ရှင်ဆိုရင် တာဝန်ယူတတ်ရမယ်ကလေးတို့ရဲ့။ အခုတော့ ညည်းတို့ဟာက ခွေးအညောင်းမိမှာစိုးလို့ ထွက်ကျောင်းတာမှ မဟုတ်ပဲ။ ကိုယ့်အိမ်ထဲ ပါချမှာစိုးလို့ အပြင်မှာ ခွေးချေးထွက်တည်တာပဲ”

ဆူဆူညံညံအသံကြား၍ ကလျာတစ်ယောက် ကမန်းကတန်း ဆိုင်ရှေ့ထွက်ကြည့်မိသည်။ မျက်စောင်းထိုး အိမ်မှ အငြိမ်းစားပါမောက္ခ ဆရာမကြီးနှင့် ခွေးကျောင်းသူနှစ်ယောက် ပြဿနာတက်နေပုံရ၏။ မကြာသေးခင်ကမှ ထိုဆရာမကြီး သူ့အိမ်ရှေ့မျက်နှာစာကို တံမျက်လှည်းသည်ကို ကလျာလည်းမြင်သည်။ ယခုမူ သူမပြောင်နေအောင် လှည်းကျင်းသွားသော သံမံတလင်းပေါ်တွင် မစင်တုံးလေးများကို အစီအရီတွေ့နေရ၏။ ပြဿနာကား တက်လေပြီ။

ထိုဆရာမကြီးကား အလှအပအသန့်အပြန့်ကြိုက်သူ ဖြစ်ဟန်တူသည်။ အငြိမ်းစားတက္ကသိုလ် ပါမောက္ခကြီးဟု ပြောသံကြားဖူးသည်။ နေသာသောနေ့များတွင် သူမသည် အိမ်ရှေ့ဥပစာ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းဖြင့် အချိန်ကုန်နေလေ့ရှိ၏။ အလှအပကြိုက်သလောက် စည်းကမ်းကြီးပုံလည်းရသည်။ သူမအိမ်ရှေ့အနီးပတ်ဝန်းကျင်တွင် သူများတွေ စည်းကမ်းမဲ့စွာ လွှင့်ပစ်သွားသော သံဗူးခွံ၊ပလပ်စတစ်ဗူးခွံ၊အမှိုက်များကို စံနစ်တကျလှည်းကျင်းထုတ်ပိုးပြီး အမှိုက်ပုံးတွင်း သွား၍လွှင့်ပစ်တတ်သလို စည်းမဲ့ကမ်းမဲ့ လမ်းပေါ်ထွေးသွားသော ကွမ်းတံထွေးများ ကိုလည်း နေ့စဉ် ရေလောင်း တိုက်ချွတ်ဆေးတတ်သေး၏။ သူမကိုယ်တိုင်မူ လမ်းမပေါ် အမှိုက်ပစ်ရန်ဝေးစွ၊ တံထွေးထွေးသည်ကိုပင် ကလျာ သတိထားမိသလောက် မမြင်ဖူးခဲ့ပေ။

ထိုမိန်းကလေးများကလည်း မိန်းကလေးများပေပဲ။ ခွေးသာကျောင်းနေသည် ခွေးဘာလုပ်လုပ် သိပ်စိတ်ဝင်စားလှသည်မဟုတ်။ သည်တိုင်း စောင့်ကြည့်နေသည့်သဘော ဖြစ်နေသည်။ ဘာဆက်ဖြစ်မလဲဟု ကလျာ စိတ်ဝင်စားစွာ စောင့်ကြည့်နေမိသော်လည်း ကောင်မလေးနှစ်ယောက်က ဘာမျှခွန်းတုန့်မပြန်။ သူတို့ကို မပြောသလို အရေးပင်မစိုက်။ ဆရာမကြီးအိမ်ရှေ့ရောက်နေသော သူတို့ခွေးနှစ်ကောင်ကို ဆွဲခေါ်ကာ သုတ်ခြေတင်၍ လာလမ်းအတိုင်းပြန်လေသည်။

“ပြောတဲ့သူပဲ အရူးဖြစ်ရသေးတယ်။ ပြောတာမှ နားလည်ကြရဲ့လားမသိ။ ခွေးသာမွေးချင်ကြတယ်။ ခွေးတာဝန်တော့ မယူချင်ကြဘူး။ သူများ ဒုက္ခလိုက်ပေးနေကြတာပါလား”

ဆရာမကြီးက ပွစိပွစိပြောရင်း သူတို့ခွေးများပါချသွားသော မစင်များကို ကျူံးနေပြန်လေ၏။

(၃)
“ကျော်ကျော် နင်ကဒီရပ်ကွက်ထဲကဆိုတော့ ညနေတိုင် ခွေးကျောင်းတဲ့ ကောင်မလေးနှစ်ယောက်ကို သိလား”

ဆိုင်တွင် ဖုန်းပြင်ဖို့အကူခေါ်ထားသော ကျော်ကျော့်ကို မေးကြည့်မိသည်။

“သိသားပဲ။ အမက ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူးဟယ်။ ဘယ်အိမ်ကလဲလို့ စိတ်ဝင်စားလို့”

“ဟိုလမ်းထိပ်က အမိုးချွန်လေးနဲ့ ငါးထပ်တိုက်ကလေ”

“နှစ်ယောက်လုံး အဲ့ဒီ့တိုက်ကလား”

“ဟုတ်တယ်။ တစ်ယောက်က သုံးလွှာက၊ တစ်ယောက်က လေးလွှာက”

“ခွေးကျောင်းထွက်တာ ရှိုးအပြည့်နဲ့နော်”

“ငါ့အစ်မလဲ အတော်စပ်စုလာတာပါလားနော်”

ကောင်မလေးတွေအကြောင်း ကျော်ကျော့်ထံမှ ဘာဆက်ကြားရမည်နည်းဟု စကားစ,မိသော်လည်း နောက်သလိုပြောင်သလို ပြောလိုက်သော ကျော်ကျော့်စကားက ချက်ကောင်းကိုထိသဖြင့် ထိုနေ့က ဆက်မမေးတော့ပဲ ဤမျှဖြင့်သာ ရပ်နားခဲ့ရလေသည်။

(၄)
ကလျာတို့ဆိုင်က မနက်ဆယ်နာရီလောက်မှ စ‚ဖွင့်သည်ဖြစ်၍ မနက်စောစောအချိန်များတွင် ထိုလမ်းလေး၏မြင်ကွင်း မည်သို့ရှိသည်ကို ကလျာမသိနိုင်ခဲ့။ ယနေ့တော့ ပစ္စည်းအသစ်များ ရောက်မည်ဆို၍ ရောင်းပြီးပစ္စည်းစာရင်းစစ်ရန် ကလျာ ဆိုင်သို့ စောစောရောက်လာခဲ့ရ၏။ မနက်စောစောဖြစ်ရာ အလုပ်သွားသူများနှင့် ထိုလမ်းကလေးမှာ စည်ကားနေလေသည်။ ရောင်စုံယူနီဖောင်းလေးများကို ကြည့်ကောင်းကောင်းနှင့် ငေးကြည့်နေမိစဉ်မှာပင် လေးဆယ်ကျော် ငါးဆယ်နီးပါးအရွယ် အားကစားဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ခွေးသေးသေးလေးတစ်ကောင်ကို ဆွဲကာ လမ်းလျှောက် လာသည်ကို တွေ့လိုက်ရသည်။ ဪ မနက်ခင်းတွင်လည်း ခွေးကျောင်းသူတွေရှိတာပါပဲလား။ ထိုသို့ကြည့်နေမိစဉ်မှာပင် ထိုအမျိုးသမီး၏ ခွေးပုလေးသည် ပြေးရင်းလွှားရင်းဖြင့် သူ့လည်ပတ်ကြိုးကို ကိုင်ထားသော သူ့သခင်မအား ဆရာမကြီးအိမ်ရှေ့သို့ အတင်းဆွဲခေါ်သွားလေ၏။ ထို့နောက် ထိုအိမ်ရှေ့အရောက်တွင် ခွေးလေးက အလေးသွားချ လိုက်လေတော့သည်။ ထိုအန်တီမမက သူမခွေးကိုဆွဲခေါ်မသွားပဲ ကိစ္စပြီးသည်အထိ ရပ်၍များပင်စောင့်နေသေး၏။ ကလျာ မျက်လုံးပြူးသွားသည်။ ပြဿနာပဲ။ ဆရာမကြီး အိမ်ရှေ့တွင်ရှိမနေလျှင်တော့ သိမည်မဟုတ်သော်လည်း ရှိနေလျှင်တော့ ကွိုင်ပြီဟု တွေးလိုက်မိသည်။

“ဒီမှာ ညီမရေ။ ခွေးချေးတွေ သူများအိမ်ရှေ့မတည်ပါနဲ့ကွယ်။ အစ်မတို့လည်း ခွေးချစ်တတ်ပါတယ်။ ဒါပေမယ့် ကရိကထမခံနိုင်လို့ မမွေးဘူး။ အခုတော့ ကိုယ်မမွေးပဲ နေ့တိုင်း ခွေးချေးကျူံးနေရတယ်။ ကိုယ့်ခွေးက မတော်တဆ ပါချလိုက်တယ်ဆိုရင်လည်း ကိုယ့်ဘာသာကျူံးမှပေါ့ကွယ်”

ဆရာမကြီးရှိနေသည်ကိုး။ လေအေးအေးလေးဖြင့် ဆရာမကြီးက ထိုအမျိုးသမီးကို လှမ်းပြော၏။ ဘာပဲပြောပြော ကလျာကတော့ ဆရာမကြီးပြောသည်က တရားမျှတသည်ဟု ထင်သည်။ ကလျာဆိုလျှင်လည်း ကိုယ်မွေးထားတာမဟုတ်ပဲ ခွေးချေးနေ့တိုင်းမကျူံးချင်။ ကိုယ့်အိမ်ရှေ့ ခွေးချေးပုံနှင့်ဆိုလျှင်တော့ မကျူံးမဖြစ်ကျူံးရမည်ကိုလည်း သဘောပေါက်ပါသည်။ ခွေးကို မွေးချင်လို့မွေးထားပြီး တာဝန်ယူချင်စိတ်မရှိပဲ သူများကို ဒုက္ခပေးနေတာတော့ မဟုတ်သေးဘူးဟု တွေးမိသည်။ လောလောဆယ်တော့ သူတို့နှစ်ဦး ဘာဆက်ဖြစ်မည်ကို အသေအချာမြင်ရကြားရဖို့ အပေါက်ဝကို ခပ်ကွယ်ကွယ်ရပ်၍ ချောင်းကြည့်လိုက်မိ၏။

“ဒါစည်ပင်ပိုင်မြေပေါ်မှာပါတာပါ။ အစ်မကြီးပိုင်မြေပေါ်မှာ မဟုတ်ဘူး။ လမ်းပေါ်မှာ ခွေးချေးပါတာ ဘယ်သူက ကျူံးရမလဲ။ ဒါတွေ လိုက်ကျူံးနေရလောက်အောင် ဘယ်သူမှ ဒီလောက်အားမနေဘူး”

ခွေးပိုင်ရှင် အန်တီမမက ကောင်မလေးတွေလို မဟုတ်။ ဆရာမကြီးကို ဆတ်ဆတ်ခါ ပြန်ပြောလေ၏။ သူမ စကားကို ကြားလိုက်ရသောအခါ ကလျာ အလွန်အံ့ဩသွားသည်။ စည်ပင်မြေမို့ ကျူံးစရာမလိုဆိုပဲ။

“ဒီခွေးချေးတွေ ဒီလိုသာလိုက်တည်နေကြပြီး စည်ပင်မြေမို့ မကျူံးနိုင်ကြရင် တစ်လမ်းလုံး ခွေးချေးတွေနဲ့ဖြစ်နေမှာပေါ့။ အနံ့မသက်ကလည်း မကောင်း။ ယင်ကောင်တွေနား။ ကျန်းမာရေးနဲ့လည်း မညီညွတ်။ တက်နင်းတဲ့သူလည်း တက်နင်းမိ ဘယ်လောက်ဒုက္ခရောက်ကြရလဲ။  စည်းကမ်းရှိကြဖို့ ပြောတာပါ။ ကိုယ်လုပ်တဲ့အလုပ် ကိုယ်တာဝန်ယူချင်စိတ်ရှိရမှာပေါ့။ ကိုယ့်ကြောင့် သူများဝန်ထုတ်ဝန်ပိုး ဖြစ်တယ်ဆိုရင် ကောင်းပါ့လားညီမရယ်။ နိုင်ငံခြားမှာဆို ခွေးကျောင်းရင် ခွေးချေးကျူံးဖို့အိတ်ကိုတောင် အဆင်သင့်ဆောင်ထားကြရတာ။ ကိုယ်လုပ်တဲ့အလုပ် ကိုယ်တာဝန်ယူချင်တဲ့စိတ်ရှိကြတယ်။ အဲဒါ နိုင်ငံကြီးသားစိတ်ဓာတ်ပဲ”

ဆရာမကြီးက လေအေးအေးဖြင့် နားချရန် ကြိုးစားနေသော်လည်း ထိုအမျိုးသမီးမှာ သူမခွေး၏မစင်ကို ကျူံးဖို့မဆိုထားနှင့် တောင်းပန်စကားပင် မဆိုပဲ မကျေမနပ်အမူအယာဖြင့် သူ့ခွေးကို ဆောင့်ဆွဲပြီး ထွက်ခွာသွားလေသည်။ နည်းနည်းလှမ်းလှမ်း ရောက်သွားသောအခါမှ ပါးစပ်က ပွစိပွစိပြောသွား၏။

“တဆိတ်ရှိ နိုင်ငံခြား နိုင်ငံခြားနဲ့။ ပုဆိန်ရိုးတွေ။ သူများနိုင်ငံကို ဒီလောက် အထင်ကြီးနေလည်း ဟိုမှာသွားနေပေါ့။ ဒီမှာ မြန်မာလို မနေနိုင်ရင် မနေနဲ့”

သူမစကားအရ သူမဘက်က ဘာမျှမမှားဟု သေချာပေါက် ထင်မြင်ထားဟန်တူလေသည်။ ကလျာကား သက်ပြင်း အသာအယာချလိုက်မိ၏။ ထို့နောက် ဆရာမကြီး ခွေးချေးကျူံးရပြန်သည်ကိုလည်း မကြည့်ရက်လေသောကြောင့် ဆိုင်ထဲ သို့သာ ပြန်ဝင်လာခဲ့ရတော့သည်။

(၅)
ယခုတလော ခွေးကျောင်းသူ မိန်းကလေးနှစ်ယောက် မတွေ့ရသည်က သုံး လေးရက်ပင်ရှိလာလေပြီ။ ခွေးပဲ နေမကောင်း လေသလားဟု သတိတရ တွေးနေမိသည်။ ထူးထူးခြားခြား ယခုညနေတွင်တော့ အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးကြီးနှစ်ဦး ခွေးကိုယ်စီဆွဲလျက် လမ်းလျှောက်ထွက်လာကြသည်ကို တွေ့လိုက်ရ၏။ အသက်အရွယ်ထက် ပိုမိုနုပျိုသော အပြင်အဆင်တို့နှင့် ထိုအမျိုးသမီးများမှာလည်း ဖက်ရှင်ကျလှသည်။ လက်ထဲမှာဆွဲလာသောခွေးများကို ကြည့်မိတော့မှ ဟိုကောင်မလေးနှစ်ယောက်၏ ခွေးများနှင့် အတူတူပင်ဖြစ်ကြောင်း သတိထားမိလေသည်။ ထိုအမျိုး သမီးနှစ်ဦးသည်လည်း ကောင်မလေး နှစ်ယောက်ကဲ့သို့ပင် ဟိုအိမ်ရှေ့ သည်အိမ်ရှေ့များတွင် ရပ်ကာ ခွေးများကို အပေါ့အလေးတည်နေလေ၏။

“ကျော်ကျော် ဟိုမှာကြည့်စမ်း။ ဟိုအန်တီနှစ်ယောက်က ခွေးကျောင်းတဲ့ ကောင်မလေးနှစ်ယောက်နဲ့ ဘာတော်လဲ။ နင်သိ လား”

စပ်စုချင်ဇောဖြင့် ကျော်ကျော့်ကို အလျင်စလို မေးမိသည်။

“အဲ့ဒါ ကောင်မလေးတွေရဲ့ အမေတွေလေ အစ်မရဲ့”

“ဩ ငါထင်သားပဲ။ ကောင်မလေးနှစ်ယောက် ဟိုနေ့က ဆရာမကြီးဆီမှာ အဆူခံလိုက်ရလို့ ခွေးမကျောင်းကြတော့ဘူး ထင်တယ်”

ကျော်ကျော့်ကို ပြန်ပြောပြရင်း ပိုအာရုံစိုက်ကြည့်မိတော့ ထိုအမေနှစ်ဦးရော ခွေးနှစ်ကောင်ပါ ဆရာမကြီး၏အိမ်ရှေ့သို့ ယောင်လို့ပင် ခြေဦးမလှည့်ကြ။ သို့သော် အခြားအိမ်များရှေ့တွင်တော့ တည်မြဲ၊ ပါမြဲပင်။

“မမ နေကောင်းလား။ မတွေ့တာတောင် အတော်ကြာပြီပဲ။ နီနီလည်း အလုပ်များလို့။ ခွေးနဲ့တောင် လမ်းမလျှောက်ဖြစ်တာ ကြာပြီလေ”

ထိုအမျိုးသမီးနှစ်ဦးအနက်မှ တစ်ဦးက အိမ်ရှေ့ထွက်လာသော ဆရာမကြီးကို နှုတ်ဆက်လိုက်သည်ကို တွေ့ရသဖြင့် ကလျာအံ့ဩသွားသည်။ သူတို့ချင်းလည်း ရင်းနှီးသားဟု။

“ဟုတ်ပါ့နီနီရေ။ မမလည်း ပင်စင်သာ ယူတယ် တစ်နေ့တစ်နေ့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာနဲ့ အပြင်တောင် သိပ်မသွားဖြစ်ဘူး။ မတွေ့ကြတာလည်း မပြောနဲ့”

“မမကတော့ အမြဲနုပျိုလှပနေတာပဲ။ နီနီတို့သာ အသက်တွေကြီးလာတာ။ မမက မပြောင်းလဲဘူး”

“မဖြစ်နိုင်တာပဲ နီနီရယ်။ မမမျက်စိထဲမှာတော့ နီနီတို့က အရင်ရုပ်အတိုင်းပဲ။ ကလေးလို့ထင်နေတုန်းလေ”

ဟု အစချီကာ တစ်ဦးနှင့်တစ်ဦး အပေးအယူမျှစွာ လေပေးဖြောင့်နေလေ၏။

ဆရာမကြီးသည် ကောင်မလေးနှစ်ယောက်နှင့် ထိုအမျိုးသမီးနှစ်ဦးကို ဆက်စပ်၍သိပါရဲ့လား။ သိလျက်နှင့် မသိချင်ယောင်ဆောင်လိုက်လေသည်လား။ တကယ်ကို မသိခြင်းပဲလား မပြောတတ်။ ခွေးချေးကိစ္စကိုမူ တစ်လုံးတစ်ပါဒမျှ ပြောသံမကြားရပေ။ သာကြောင်းမာကြောင်း၊ ရပ်အကြောင်းရွာအကြောင်း ဘာညာဘာညာ အချိန်အတော်ကြာ ရပ်ပြောအပြီး နှုတ်ဆက်လမ်းခွဲကြလေသည်။

(၆)
အမျိုးသမီးကြီးနှစ်ဦးက ကောင်မလေးနှစ်ယောက်အစား ခွေးကျောင်းထွက်သည်မှာ တစ်ပတ်ခန့်ပင် ရှိလာခဲ့လေပြီ။ ကြာတော့လည်း ရိုးသွားပြီဆိုသလို ကလျာ့အဖို့ သိပ်စိတ်ဝင်စားစရာမကောင်းတော့။ ထိုအမျိုးသမီးတို့မှာ ထုံးစံအတိုင်း သူများအိမ်ရှေ့များတွင် ခွေးကို အပေါ့အလေးတည်သော်လည်း ဆရာမကြီးအိမ်ရှေ့ကိုမူ အထူးသတိထားရှောင်ရှားသွားကြသည်။ ခွေးက သွားချင်လျှင်ပင် အတင်းကြိုးဆွဲ ခေါ်သွားကြ၏။ ကလျာကား သူမတို့နှစ်ဦးကို ကြည့်ရင်း ဆရာမကြီးနှင့် ပြဿနာဖြစ်ခဲ့သည့် နံနက်ခင်းခွေးကျောင်းထွက်သူ အန်တီမမကို သတိရနေမိသည်။

သည်နေ့တော့ တိုက်တိုက်ဆိုင်ဆိုင် ကလျာတို့ဆိုင်လည်း လူရှင်းနေသည်မို့ ကောင်မလေးတွေ၏မိခင် အမျိုးသမီးနှစ်ဦး ဆိုင်ရှေ့တွင် ရပ်စကားပြောနေကြသည်ကို ထိုင်ငေးနေမိသည်။ သူတို့စကားပြောနေခိုက် ခွေးလေးနှစ်ကောင်သည်လည်း လိုက်တမ်းပြေးတမ်း ကစားနေကြ၏။ ထိုစဉ် လမ်းတစ်ဖက်မှ နံနက်ခင်းခွေးကျောင်းထွက်သူ အန်တီမမက တိုက်တိုက်ဆိုင်ဆိုင် လျှောက်လာလေသည်။ အန်တီမမက အမျိုးသမီးကြီးနှစ်ဦးကို လှမ်းနှုတ်ဆက်၏။

“ဟယ် သမီးတွေ ဘယ်သွားလို့လဲ။ အမေနှစ်ယောက် ခွေးကျောင်းထွက်လာတာ”

“သမီးတွေက ခွေးကျောင်းမထွက်ချင်ဘူးဆိုလို့ ညီမရေ။ အစ်မတို့လည်း ချက်ရင်းပြုတ်ရင်း ကမန်းကတန်း ထွက်လာရတာ။ ခွေးကလည်း အချိန်ကျလာရင် လမ်းမထွက်ရမနေနိုင်တော့လေ။ သူ့မှာလည်း တစ်နေကုန် အခန်းထဲမှာ နေရတာမို့လား”

“သမီးတွေက ဘာလို့ မထွက်ချင်တာတဲ့တုန်း။ ကြည့်ရတာ သမီးချောတွေကို လမ်းထဲကကောင်လေးတွေ လိုက်စ,ကြတယ်ထင်တယ်”

“မဟုတ်ရပါဘူးညီမရယ်။ ဟိုအိမ်ကဆရာမကြီးက ပြီးခဲ့တဲ့အပတ်က သူ့အိမ်ရှေ့ ခွေးချေးပါလို့ဆိုပြီး လူကြားမကောင်းအောင် အရှက်ရအောင် ပြောလိုက်ဆိုလိုက်လို့ ရှက်တယ်တဲ့။ ခွေးမကျောင်း နိုင်တော့ပါဘူးဆိုလို့ ညီမရေ”

“အမလေး ဟုတ်ပါ့။ ညီမလည်း ကြုံပြီးပါပြီကော။ ညီမကိုများဆို ကိုယ့်ခွေးရဲ့ချေး ကိုယ်ကျူံးဆိုပြီး ခွေးချေးကျူံးခိုင်းနေလို့။ ညီမကတော့ မဟုတ်ရင်မခံတတ်တဲ့သူပဲ။ ဘာရမလဲ ဒါစည်ပင်မြေ ကျူံးစရာမလိုလို့ မကျူံးနိုင်ဘူးလို့ ပြန်ပြောလိုက်တယ်။ မကျူံးဘူးဆိုတော့လည်း ဘာတတ်နိုင်လဲ သူ့ဘာသာ ကျူံးလိုက်ရတာပဲ”

“အေးအေ။ ကလေးတွေဆိုတော့ ဘယ်ပြန်ပြောရဲပါ့မလဲ။ ဒီလိုပဲ ခေါင်းငုံ့ခံလာခဲ့ရတာပေါ့။ ပြန်လာတော့ အမေတို့ဘာသာပဲ ခွေးကျောင်းတော့။ အရှက်ကွဲခံပြီး မကျောင်းနိုင်တော့ဘူး လုပ်တော့တာပဲ။ ဒီလိုနဲ့ တို့နှစ်ယောက် ညနေတိုင် အိမ်အလုပ်တွေထားပြီး ခွေးကျောင်းရတော့တာ။ ခါတိုင်းဆို သူတို့ ကျောင်းကပြန်လာရင် သူတို့ဘာသာ ကျောင်းနေကျဟာကို။ တို့တွေကတော့ အဖွားကြီးနဲ့ ပြဿနာကင်းအောင် သူ့အိမ်ရှေ့လုံးဝမသွားပါဘူး”

“လမ်းမခွေးချေးပါတာ ဆန်းလို့လားအစ်မတို့ရယ်။ သူ့လက်ထက်ရောက်မှ ပြဿနာလာလုပ်နေတယ်။ တဆိတ်ရှိလဲ နိုင်ငံခြားနဲ့ကိုင်ပေါက်လိုက်ရတာ။ သူ နိုင်ငံခြားသွားဖူးတာ လူသိအောင်လို့လေ။ အဲ့ဒါလောက် အထင်ကြီးနေလည်း ဟိုမှာပဲနေလိုက်ပေါ့။ မြန်မာပြည်လာနေရင်တော့ မြန်မာ့နည်း မြန်မာ့ဟန်ပဲရမယ်”

“ဟုတ်ပါ့ ဟုတ်ပါ့။ ငါ့ညီမက ပြောတတ်လိုက်တာအေ။ အစ်မတို့က အဲ့သလို မဟုတ်မခံစိတ်မျိုး အရမ်းကြိုက်။ ကိုယ်တိုင်သာ သတ္တိမရှိတာ”

သုံးယောက်သား အတိုင်အဖောက်ညီစွာ ပြောအပြီး သဘောကျစွာရယ်မောလိုက်ကြသည်။

“စိတ်ချ အစ်မတို့ရေ။ နောက်တစ်ခါ ကျွန်မကို ထပ်ပြောရင် သူဒီ့ထက် အရှက်ကွဲစေရမယ်”

အများက အားပေးသဖြင့် အန်တီမမက အားပိုတက်လာပုံဖြင့် ကြုံးဝါးရင်း နှုတ်ဆက် ထွက်ခွာသွားလေသည်။

(၇)
သည်နေ့တော့ သူတို့ပြောသမျှ လုံးစေ့ပတ်စေ့ အကုန်ကြားခဲ့ရသည်မို့ ကလျာ စိတ်ပျက်လက်ပျက်ကြီး ထိုင်ငိုင်နေမိသည်။ ဤပွဲတွင် မည်သူက အောင်နိုင်သူနည်း။ မည်သူက မှန်ကန်သူနည်း။ မည်သူက အရှက်ရသူနည်း။ ကိုယ်လုပ်ထားသော အလုပ်တစ်ခုကို တာဝန်ယူလိုစိတ် တာဝန်ခံလိုစိတ်မရှိခြင်းကသာ ရှက်စဖွယ် မှားယွင်းနေခြင်းဟု ကလျာကတော့ ထင်မြင်မိပါသည်။ အားလုံးကို ပြောင်းပြန်တွေးမြင်ကာ သူတို့သာအမှန်ဟု ထင်မြင်နေသူများကိုလည်း အံ့ဩမဆုံးဖြစ်ခဲ့ ရသည်။ မှားနေသူတွေ အင်အားကြီးလေသောအခါ အင်းအားနည်းသော မှန်ကန်သူသည်ပင် မှားယွင်းနေသူ ဖြစ်ရပြန်ချေ သေးသည်။ ထို့ကြောင့်လည်း လူညီလျှင် “ဤ”ကလည်း “ကျွဲ” ဖြစ်နေတတ်သည်ဟု ဆိုကြပေသည်ကိုး။

 

မေသနပ်ခါး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts