စာစုတို

လွင် (ဘော်တွင်း) ● သားရှင်

လွင် (ဘော်တွင်း) ● သားရှင်
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၁၈


“မမကြီးကလည်းလေ၊ ဘာလို့များ ဒါတွေ ဒုက္ခခံပြီးပို့ရတာလဲ။ ကျေးဇူးတင်ပါတယ် သော်လေးရေ။ အဲဒီနားမှာချ။ ညည်း အကိုကျော်တော့ မြို့ထဲသွားလေရဲ့။ အဆင်ပြေပါစေ ဆုတောင်းရတာပါပဲအေ။ ညည်းတူတွေတော့ ခဏနေပြန်ရောက်လာ ကြတော့မှာ၊ စောင့်ဦးမလား။ ထိုင်အေ။ ငါဒါလေး လက်စသတ်လိုက်ဦးမယ်”

“မမနှင်းရော အလုပ်ဖြစ်ရဲ့လား”

“ဒီလိုပဲပေါ့သော်လေးရယ်။ ခဏနော်။ ဒါလေးပြီးရင် စကားပြောနိုင်ပါပြီ။ စာရင်းက သိတဲ့အတိုင်း တပြားနှစ်ပြား တောင်လွဲလို့ မရတော့  အာရုံစိုက်လိုက်ဦးမယ်။ ပြီးတော့မှာပါ”

“ရတယ် မမနှင်း။ သော့်ဘာသာ အဆင်ပြေသလို နေမယ်။ ဧည့်ခံမနေနဲ့။ လုပ်စရာရှိတာလုပ်”

သော်သော်သည် ကွန်ပြူတာတလုံးနှင့် အလုပ်ရှုပ်နေသော မမနှင်းကို အနှောင့်အယှက်မပေးတော့ပဲ  ဖုန်းကိုထုတ်လိုက်သည်။ ဖေ့စ်ဘုတ်ကိုဖွင့်ကာ မမကြီးပို့ပေးလိုက်သော ဆန်နှင့် ဆီကို အကိုကျော်တို့ အိမ်ကို ပို့ပြီးကြောင်း သတင်းလှမ်းပို့လိုက်သည်။ ပြီးတော့ အခန်းကို မျက်လုံးဝေ့ကြည့်လိုက်သည်။ မဆေးရသေးသော ပန်းကန်တွေက ဘေစင်ထဲမှာ အပြည့်။ အိပ်ရာတွေက မသိမ်းရသေး။ အဝတ်လျော်စက်က တဒီးဒီးမြည်နေသည်။

သော်သော်သည် အခန်းထဲဝင်ကာ အိပ်ရာတွေကို သိမ်းဆည်းလိုက်သည်။ တူတော်မောင် ကျောင်းသားတွေ ဖွထားခဲ့သော စာအုပ်တွေကို စနစ်တကျ စီကာ ထပ်ထားလိုက်သည်။ အင်း၊ ကြည့်ပျော်ရှုပျော်ဖြစ်သွားပြီ။ ပန်းကန်တွေကိုတော့ နောက်မှ ဆေးပေးတော့မည်။ မမနှင်း ကအားနာနေလိမ့်မည်။

အဝတ်တွေကို ခေါက်နေတုန်း မမနှင်း အခန်းထဲဝင်လာသည်။

“ပြီးသွားပြီသော်လေးရေ။ စာရင်းက ဒီနေ့နောက်ဆုံးပေးရမှာမို့ အရေးကြီးနေတာ။ အမှားလည်း မခံနိုင်ဘူးလေ။ ငါတို့ အလွတ်တန်းတွေက နာမည်ပျက်လို့မဖြစ်ဘူးမဟုတ်လား”

“သိပါတယ် မမနှင်းရယ်၊ အားမနာပါနဲ့။ သော်တို့ က မမနှင်းကိုပဲ ကျေးဇူးတင်နေရတာ။ မမကြီးကလည်း ကျေးဇူးတင်လို့တဲ့၊ ဆန်နဲ့ ဆီပို့ပေးလိုက်တာ။ ထန်းလျက်နဲ့ အာလူးကြော်တွေလည်း ပါသေးတယ် မမနှင်း။ ကလေးတွေစားဖို့တဲ့”

“အင်း၊ မမကြီးလာတုန်း က ဧည့်ဝတ်မကျေလိုက်ဘူးကွယ်။ ဘတ်ဂျက်ပိတ်ခါနီး ဆိုတော့ သိတဲ့အတိုင်း အလုပ်တွေက ပုံနေတာ။ အပ်သမျှ လက်ခံထားလိုက်မိတော့ ခေါင်းကိုမဖော်နိုင်ဘူး။ ရတုန်း လုပ်ရတာလေ”

“အကိုကျော်ကပဲ ချက်ကျွေးလိုက်တာဆို။ သော့်ကို မမကြီး ပြောပြတယ်”

“ဟုတ်ပ့ါ။ မမကြီးလည်း သူ့မောင် အိမ်အလုပ်တွေ လုပ်နေရတာကို မကြည်ဘူးထင်ပါရဲ့။ မင်းချည့် လုပ်နေရတာလား လို့ ကပ်ပြီးမေးနေတာ ကြားလိုက်တယ်။ မတတ်နိုင်ဘူးသော်လေးရေ၊ ကိုယ့်ဝမ်းနာ ကိုယ်သာသိမဟုတ်လား။ ငါ့ဝင်ငွေနဲ့ပဲ စားနေရတာ ကြာပြီကော။ ကိုကျော်က အလုပ်မှမဖြစ်တာ။ ဒါတောင် မလောက်လို့ ရှိတာလေး ထုခွဲစားနေတာ ကုန်လုလုဖြစ်နေပြီ။ လ္ဘက်သုပ်လိုက်မယ်။ စားရင်း စကားပြောရအောင်”

မနှင်းက ပြောရင်းဆိုရင်း လ္ဘက်သုပ်ရန်ပြင်ဆင်သည်။ အဲဒီတော့မှ မဆေးရသေးသောပန်းကန်တွေကို သတိရသွားပုံပေါ် သည်။ “အဲလေ၊ ပန်းကန်တွေ ဆေးရဦးမှာပါလား” ဟုဆိုကာ ရယ်သည်။ “အိမ်အလုပ်တွေကိုတော့ ပစ်ချထားသလိုကို ဖြစ်နေတော့တာ သော်လေးရေ” ဟု ရှက်အန်းအန်း ပြောသည်။ သော်သော်က ပြန်ရယ်ပြလိုက်သည်။

“ငါက ငြီးငြူတာ မဟုတ်ပါဘူးအေ၊ ဒီလိုပဲ မောင်တထမ်း မယ်တရွက်လုပ်ရမှာပေါ့။ မြို့မှာတော့ ဒီလိုပဲ လုပ်ကြရတာပါပဲ။ မမကြီးအမြင်မှာတော့ တမျိုးဖြစ်နေမှာပေါ့လေ။ ကိုကျော် ဝင်ငွေမရှိတာကိုလည်း အားနာ၊ ထမင်းချက်၊ ပန်းကန်ဆေး၊ တံမြက်စည်းလှည်း  လုပ်နေရတာလဲ မကြည့်ရက် ဖြစ်တယ် ထင်ပါရဲ့။ အရင်လတုန်းက လည်း ဆန်နဲ့ ဆီ ပို့ပေးသေးတယ်။ ကျေးဇူးတင်ပါတယ်အေ။ အသက်ရှုချောင်တာပေါ့”

မမနှင်းက လ္ဘက်သုပ်ပန်းကန်ကို စားပွဲပေါ်ချလိုက်ပြီး ထိုင်လိုက်သည်။

“မမကြီးလာတုန်းက အလုပ်တွေများလွန်းတာနဲ့ ထမင်းကို မချက်နိုင်တာ။ ကိုကျော်ကပဲ ချက်ပြုတ်၊ ကလေးတွေကို လုပ်ပေး၊ ထမင်းပါခူးကျွေးရတာ။ မမကြီးကို သာကြောင်းမာကြောင်း အပြင် စကားမပြောနိုင်၊ ဘယ်မှလဲ လိုက်မပို့နိုင်ဘူး။ ဘာမှလဲ လုပ်မပေးလိုက်ရဘူး။ ဒီကြားထဲ အမေကရောက်လာသေးတယ်လေ။ အမေက မမကြီးကို ကျုပ်တို့သမီး ငွေရှာနိုင် တဲ့ပညာလေးသင်ထားမိလို့ တော်သေးတာပေါ့လို့ ပြောလိုက်တယ်အေ။ မမကြီးမျက်နှာဆို မည်းသွားတာပဲ။ ငါလည်း အား နာလိုက်တာ။ အမေက သဘောရိုးနဲ့ပြောတာပါ။ မမကြီးကတော့ ဘယ်လိုထင်သွားတယ်မသိဘူး”

ဒီအကြောင်းကို သော်သော်သိသည်။  မမကြီးမှာ တတွတ်တွတ်နှင့် ပြောလို့မဆုံး ဖြစ်နေခဲ့သည်ပဲ။

“ပြောပါ့။ ငါတို့ မောင်ကျော်မှာ မျက်နှာငယ်ရှာတယ်ဆိုပြီး ငိုနေလို့ ခဲအိုက ထငေါက်သေးတယ်။ ငါထမင်းချက်တာတော့ မျက်နှာမငယ်ရ၊ နင့်မောင် မောင်ကျော်ထမင်းချက်တာမှ မျက်နှာ ငယ်ရသလား ဆိုပြီး၊ သော်တို့မှာ ရယ်ရခက် ငိုရခက်”

မနှင်း က ခပ်ယဲ့ယဲ့ပြုံးသည်။ အိပ်ရေးပျက်ထားသည်ထင်ပါရဲ့။ မနှင်း၏ မျက်ကွင်းတွေ ညိုနေသည်။

“ကိုကျော်လည်း ခါတိုင်းဆိုရင်တော့ ဘာမှမပြော၊ မျက်နှာလဲ မပျက်ပဲ လုပ်ပါရဲ့။ သူ့အမရှိနေတုန်း လုပ်ရတော့ မျက်နှာ မကောင်းဘူး။ မင်းစာရင်းတွေက မပြီးသေးဘူးလား လို့ ခဏခဏမေးတယ်။ တတ်နိုင်ဘူးကွယ်။ နောက်တော့ မမကြီးလည်း သူ့ဘာသာမီးဖိုချောင်ဝင်ပြီးချက်ပြုတ်ကျွေးသွားတယ်။ အားနာလိုက်တာဆို”

“အားနာမနေပါနဲ့ မနှင်းရယ်။ ဒီလိုပဲပေါ့”

သော်သော်ပြောစရာ စကားမရှိ။ သော်သော်ကိုယ်တိုင်လည်း သော်သော့်အကို ချက်ပြုတ် နေတာ၊ ပန်းကန်တွေဆေးနေတာကို မြင်ရလျင် စိတ်မချမ်းသာ။ ခေတ်လူငယ်မို့ ယောက်ျားအလုပ် မိန်းမအလုပ် ခွဲခြားတာမျိုး တော်တော်လေး လျော့ပါးခဲ့ပြီဖြစ် သော်လည်း တသက်လုံး စွဲလာသည့် အစွဲကြောင့် အကိုကျော်ကို မနှင်းက လုပ်ကိုင်ပေးနေတာကိုသာ  အသားကျသည်။ မနှင်းမလုပ်နိုင်လျှင် သော်သော်ကသာ ဝင်လုပ်ပေးလိုက်ချင်သည်။  အကိုကျော်ကို စီးပွားရေးလုပ်ငန်းတွေ စီမံနေတာပဲ မြင် ချင်သည်။ ဒါကြောင့် အကိုကျော် စီးပွားပျက်ပြီး အလုပ်မရှိ ဝင်ငွေမရှိ ဖြစ်နေချိန်မှာ သော်သော် ဒီအိမ်ကို အလာကျဲသွားသည်။ အကိုကျော် ကိုကြည့်ပြီး စိတ်မချမ်းသာသောကြောင့်ဖြစ်သည်။

ခဏနေတော့ အကိုကျော်နှင့်မနှင်းတို့ ၏ သားနှစ်ယောက် ကျောင်းက ပြန်ရောက်လာသည်။

“ဟာ၊ လေးလေးသော်ရောက်နေတာလား။ မုန့်ပါလား” ဟု အလုအယက်မေးကြသည်။

မနှင်းက …

“ဟဲ့၊ အဝတ်တွေလဲကြဦး၊ လွယ်အိပ်တွေတခါတည်းသိမ်းလေ။ အဲဒီမှာ ထမင်းနဲ့ ဟင်းရှိတယ်။ ထည့်စားကြ၊ ပြီးမှ ဒီမှာ ကြီးကြီးပို့လိုက်တဲ့မုန့်တွေ စားရမယ်။” ဟု ပြောသည်။ ကလေးနှစ်ယောက်သည် သူတို့အမေကို လှည့်ကြည့်ပြီး “မေမေချက် တာလား” ဟုမေးလေသည်။ မနှင်းက ခေါင်းညိမ့်ပြသည်။
သွက်လက်သော အငယ်ကောင်က …
“ခုမှပဲ ဟင်းကောင်းကောင်းစားရတော့မယ်။  ကြက်ကောင်လုံးကြော် စားစရာမလိုဘူးဟေ့” ဟု အော်ကာ အခန်းထဲပြေးဝင် သွားလေသည်။

“ညည်းတူတွေကိုတော့ ထမင်းအိုးတည်တတ်အောင်၊ ဟင်းလေးနည်းနည်းပါးပါးချက်တတ်အောင် ခုကတည်းက သင်ပေး ထားတယ်။ သူတို့လည်း လုပ်ကြပါတယ်။ ဒါပေမဲ့ ငပျင်းတွေလေ။ ငါမအားရင် ကြက်ဥပဲ ကြော်စားကြတာ။ အိမ်မှာနေတဲ့ သူတိုင်း အိမ်အလုပ်အတွက် တာဝန်ရှိတယ်၊ လုပ်ရမယ်လို့ သင်ထားတယ်။ ငါလည်း သားတွေချည့်မွေးထားတော့ ချွေးမ တွေကို ငါ့လိုပင်ပန်းတာမျိုး မဖြစ်စေချင်ဘူး။ သူတို့ခေတ်ကျ ဘယ်လိုလာမယ်မသိဘူး။ ဒါတောင် ပန်းကန်ဆေး၊ တံမြက် စည်းလှည်းခိုင်းလို့ရပေမဲ့ အဝတ်မီးပူတိုက်ဖို့တော့ ခိုင်းမရဘူးအေ”

အဝတ်လျော်စက်မှ အချက်ပေးသံမြည်လာသည်။ မနှင်းက ထိုင်ရာမှထဖို့ပြင်သည်။ သော်သော်က ဦးအောင်ထပြီး မနှင်း ကလေးတွေကို ထမင်းခူးပေးမလို့မဟုတ်လား။ အဝတ်တွေ သော်လှမ်းလိုက်မယ်ဟုပြောလိုက်ကာ အဝတ်လျော်စက် အဖုံး ကို ဖွင့်လိုက်လေသည်။

လွင် (ဘော်တွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts