တင်အေး (၈၈ မျိုးဆက်၊ ဗကသ) – ဗမာပြည်နိုင်ငံရေး ပကတိအခြေအနေ နဲ့ တတိယနည်းပရိယာယ်လမ်းစဉ် (၁)

(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၉

ပြေးကြည့်ရင် တွေးကြည့်တာထက် မောတယ်လို့ ငယ်ငယ်က နောက်ပြောင်ပြီး ပြောကြတာ သတိ ရမိပါတယ်။ ဗမာပြည်နိုင်ငံရေးကတော့ ပြေးမကြည့်ဘဲ၊ တွေးကြည့်တာနဲ့လည်း မောပါတယ်။ မောပေမယ့် အမောပြေ စရာလေးလည်း ရှိတယ်လို့ ပြောရမှာပါ။ အမောပြေစရာက တခြားမဟုတ်ပါဘူး၊ အမှန်တရားဟာ တနေ့ အောင်ပွဲရမှာပဲ ဆိုတဲ့ အနာဂတ်တရားကို ယုံကြည်မှုပါ။ ဒါပေမယ့် … အမှားများရင် အောင်ပွဲ ကြာမယ်၊ အမှားနည်းရင် အောင်ပွဲ မြန်မယ်။

ဒီနေ့ဖြတ်သန်းနေရတဲ့သမိုင်းခေတ်ရဲ့အောင်ပွဲဆိုတဲ့အဓိပ္ပါယ်မှာ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ဗမာ့လူ့အဖွဲ့အစည်းဟာ စစ်အာဏာရှင်စနစ် ကင်းမဲ့ဇုံ ဖြစ်လာဖို့ပါဘဲ။

အမှားဖြစ်ရခြင်းရဲ့ ဇစ်မြစ်အစုံစုံ ရှိနိုင်ပါတယ်။ အဲဒီ့ထဲမှာ အရေးကြီးဆုံး နဲ့ အဓိကအကျဆုံး အမှားဇစ်မြစ် တခုကတော့ ကိုယ်လှုပ်ရှားဆောင်ရွက်နေရတဲ့ အချိန်ကာလအတိုင်းအတာတခုမှာ ရှိနေတဲ့ ပကတိအခြေအနေကို ပကတိအရှိအတိုင်း မသုံးသပ်နိုင် အကဲမဖြတ်နိုင်ခြင်းပါဘဲ။

ပကတိအခြေအနေဆိုတာ …
ပကတိအခြေအနေကို သုံးသပ်တာနဲ့ပတ်သက်ပြီး ပြောရရင် “အခိုင်အမာအခြေအနေကို အခိုင်အမာ ခွဲခြမ်းစိတ် ဖြာရမယ်” ဆိုတာ အခိုင်အမာမှန်ကန်တဲ့အဆိုပါ။

တကယ်တော့ အခိုင်အမာအခြေအနေဆိုတာ ပကတိအခြေအနေပါဘဲ။ ပကတိအခြေအနေကို အရှိအတိုင်း မသိ ဘဲ၊ အတိအကျ မဆန်းစစ်နိုင်ဘဲ၊ အခိုင်အမာ ခွဲခြမ်းစိတ်ဖြာမှုမလုပ်ဘဲ မှန်ကန်တဲ့ နည်းပရိယာယ်တွေ၊ လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်လို့ မရနိုင်ပါဘူး။

ပကတိအခြေအနေဆိုတာနဲ့ပတ်သက်လို့ စစ်တုရင်ပညာရပ်မှာ လေ့လာခဲ့ရတာလေးနဲ့ အရင် ဆွေးနွေးချင်ပါ တယ်။ စစ်တုရင်ပွဲတပွဲ ကစားရင် အမြဲ မဖြစ်မနေလုပ်ရတာက positional assessment (နေထား သုံးသပ်ချက်)ပါ။ ပကတိအခြေအနေကို သုံးသပ်ရတာပါ။ နေထားသုံးသပ်ချက်လုပ်ပြီးမှ plan(အစီအစဉ်) ချရပါတယ်၊ နေထား သုံးသပ်ချက် အပေါ်မှာ နည်းပရိယာယ် (tactic)၊ ကိုယ်ကိုင်တဲ့အရောင်ရဲ့အနိုင်ရနိုင်မယ့်အစီအစဉ် (winning plan for white၊ winning plan for black) စတဲ့အစီအစဉ်တွေ ချမှတ်ရပါတယ်။ အဲဒီ့အစီအစဉ်တွေ ချမှတ်ပြီးမှ ဘယ်အကွက်တွေ ရွှေ့မလဲဆိုတဲ့ ရွှေ့ကွက်တွေကို စဉ်းစားရပါတယ်။ အဲဒီ့မှာ အရေးကြီးတာက စစ်တုရင်ခုံပေါ်မှာ တယောက်တလှည့် ရွှေ့လို့ဖြစ်ပေါ်လာတဲ့ အသစ်ဖြစ်ထွန်းမှုတွေဟာ မူလ သုံးသပ်ထားတဲ့ နေထားသုံးသပ်ချက်နဲ့ မလွှမ်းခြုံနိုင်တော့ရင် နေထားသုံးသပ်ချက် (positional assessment) အသစ် ထပ်လုပ်ရပါတယ်။ အဲဒီ့အပေါ်မှာ နေထားသုံးသပ်ချက်အသစ်နဲ့ ကိုက်ညီတဲ့ နည်းပရိယာယ် အပြောင်းအလဲ လုပ်နိုင်ရပါတယ်။

သက်ရှိလူနှစ်ယောက်နဲ့ သက်မဲ့အရုပ်တွေနဲ့ ကစားရတဲ့ စစ်တုရင်ခုံပေါ်မှာတောင် ရှုတ်ထွေးလှတဲ့ နေထားသုံးသပ်ချက်(Positional Assessment)၊ သေနင်္ဂဗျူဟာ(Strategy)၊ နည်းပရိယာယ်(Tatics)၊ အစီအစဉ်(Plan) တွေ ချမှတ်ကစားရတယ်ဆိုရင် သက်ရှိလူသားတွေချည်းပါဝင်တဲ့ နိုင်ငံရေးခုံပေါ်မှာ အဆရာထောင်မက ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာပါ။

လူမှုလက်တွေ့နယ်ပယ်ဖြစ်တဲ့ နိုင်ငံရေးခုံပေါ်မှာ မူအရ ခိုင်မာပြီး၊ နည်းပရိယာယ်အရ ပျော့ပျောင်းရမယ်ဆိုတဲ့ အရေးကြီးတဲ့သင်ကြားချက်တခု ရှိပါတယ်။ ခိုင်မာတဲ့မူကို သေချာဆုပ်ကိုင်ထားပြီး အခြေအနေ အပြောင်းအလဲအပေါ်မှာ လိုအပ်သလို နည်းပရိယာယ် အပြောင်းအလဲလုပ်နိုင်ရမယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ နည်းပရိယာယ်အခင်းအကျင်းတွေကို အခြေအနေနဲ့ ကိုက်ညီဖို့၊ အောင်မြင်တဲ့အစီအစဉ်တွေ ချမှတ် နိုင်ဖို့အတွက် အရေးကြီးဆုံးနဲ့ ပထမဆုံးလုပ်ရမယ့်အချက်ကတော့ ပကတိအခြေအနေကို အမှန်ကန်ဆုံး အတိကျဆုံး သုံးသပ်နိုင်ဖို့ပါဘဲ။ အဲသလို သုံးသပ်ပြီးရင် ပကတိအခြေအနေနဲ့အညီ ခိုင်မာတဲ့မူပေါ်မှာ နည်းပရိယာယ် အခင်းအကျင်း လုပ်ရပါတယ်။

ပကတိအခြေအနေကို သုံးသပ်တဲ့အခါ ဆန္ဒစွဲကင်းဖို့၊ စိတ်ခံစားမှုနဲ့မကြည့်မိဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီ့မှာ ထပ်ဖြည့်ပြောရရင် အထူးသဖြင့် ပညာတတ်များ၊ ဥာဏ်ထက်သူများ မှားလေ့ရှိတဲ့သုံးသပ်ပုံက ပကတိအခြေအနေထဲမှာ ရှိနေတဲ့ တစိတ်တပိုင်းအချက်အလက်တွေထဲကို ကိုယ့်စိတ်အခံ၊ ကိုယ့်ထင်မြင်ချက်တွေ ပေါင်းထည့်ပြီး၊ အဲဒါကို ပကတိ အခြေအနေ လုပ်ပစ်တတ်ကြတာပါဘဲ။

ပကတိအခြေအနေဆိုတာ ကိုယ့်စိတ်အခြေအနေနဲ့ကွင်းလွတ်ပြီးတည်ရှိနေတဲ့ အခြေအနေ၊ မြင်ရ ကြားရတဲ့ အတိုင်းရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။

ထပ်ပြည့်စုံအောင် ပြောရရင် ပကတိအခြေအနေဆိုတာ အချိန်တကွက်တည်းမှာ အသေရှိနေတာမဟုတ်ဘဲ ဖြစ်စဉ်အရ ရှိနေတာပါ။ ပကတိအကြောင်းအချက်တွေဟာ ဖြစ်စဉ်အရရှိနေတယ်ဆိုတာ မြင်ရပါမယ်။

ပကတိအခြေအနေဆိုတာ အပေါ်ယံဖော်ပြချက်သာ ရှိတာမဟုတ်ဘဲ၊ အတွင်းပိုင်းအကြောင်းတွေလည်း ရှိနေပါတယ်။

ပကတိအခြေအနေဆိုတာ ဘက်တဘက်တည်း ရှိနေတာမဟုတ်ဘဲ၊ ဘက်အသီးသီးအခြေအနေတွေလည်း ပါဝင်နေပါတယ်။

ဒါကြောင့် ပကတိအခြေအနေဆိုတာ ဖြစ်စဉ်အရရှိနေတဲ့၊ အတွင်းပိုင်းအကြောင်းတွေရှိနေတဲ့၊ ဘက်အသီးသီး အကြောင်းတွေပါဝင်နေတဲ့ အခြေအနေတရပ်ပါ။ အဲဒီအခြေအနေတွေကို ဆန္ဒစွဲကင်းကင်းနဲ့ မြင်ရ ကြားရတဲ့ အခိုင်အမာ အချက်အလက်တွေအပေါ်မှာ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှသာ ပကတိအခြေအနေကို တိတိကျကျ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

ပြောင်းတယ်၊ မပြောင်းဘူးနဲ့ ဗမာပြည်နိုင်ငံရေး ပကတိအခြေအနေ
ဒီနေ့ ဗမာပြည်နိုင်ငံရေးပကတိအခြေအနေနဲ့ပတ်သက်လို့ မြင်တွေ့ ကြားသိနေရတဲ့ အယူအဆ နှစ်ခုရှိပါတယ်။

တခုက ဗမာပြည်နိုင်ငံရေးဟာ ပြောင်းလဲသွားပြီ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ရောက်သွားပြီ၊ ဘယ်လောက် ပြောင်းလဲသွားလဲဆိုရင် ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်တည်ဆောက်ရေးသာ လုပ်ရတော့မယ်… စသဖြင့် ပြောင်းလဲပြီလို့ ယူဆကြသူတွေမှာ အဲသလိုအမြင်အမျိုးမျိုးနဲ့ ပြောင်းလဲမှုကို နားလည်ခံယူကြပါတယ်။

နောက်တမျိုးကတော့ ဘာမှ မပြောင်းလဲသေးဘူး၊ ဘာဒီမိုကရေစီမှ မရှိသေးဘူး၊ ဘာအခွင့်အရေးမှ မရှိသေးဘူး၊ စစ်အာဏာရှင်စနစ်ဘဲ ရှိသေးတယ်… စသဖြင့် ပကတိအခြေအနေကို ဘာပြောင်းလဲမှုမှ မရှိဘူးလို့ နားလည် ခံယူကြပါ တယ်။ မကြာခင်က အလုပ်ရုံဆွေးနွေးပွဲတခုမှာ ဒီနေ့အခြေအနေက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စကိုမစသေးဘူး ဆိုတဲ့ ဆွေးနွေးချက်တခုကို ကြားလိုက်ရပါတယ်။ မပြောင်းလဲသေးဘူးမြင်သူတွေထဲက ဖေါ်ပြချက်တခုပါဘဲ။

ပြောင်းလဲသလား၊ မပြောင်းလဲဘူးလားဆိုတာနဲ့ပတ်သက်လို့ ပြောရရင် ဒီနေ့အခြေအနေဟာ ပြောင်းလဲတာ လည်း မဟုတ်၊ မပြောင်းလဲတာလည်း မဟုတ် ဆိုတဲ့အခြေအနေ ဖြစ်ပါတယ်။ (ပြောင်းလဲတာလည်း မဟုတ်လို့ ပြောမယ့် အစား မပြောင်းလဲတာလို့ အတည့်မပြောတာ၊ မပြောင်းလဲတာလည်း မဟုတ်ကို ပြောင်းလဲတာလို့ တိုက်ရိုက် မပြောတာ တွေဟာ လက်ရှိပြောဆိုနေကြတဲ့အယူအဆတွေအပေါ်မှာ အငြင်းပြုပြီး ပြောချင်တာ ထင်ရှားစေချင်လို့ပါ။)

ပြောင်းလဲတာလည်း မဟုတ်ဆိုတာက စစ်အာဏာရှင်စနစ်ရဲ့ အနှစ်သာရတွေဟာ ဘာမှမပြောင်းလဲသေးတာပါ ဘဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို အကာအကွယ်ယူထားရုံတင်မကပါဘူး။ လွှတ်တော်အသီးသီးမှာ လူထုဆန္ဒမဲ မပါဘဲ ဝင်ရောက်နေရာယူထားတဲ့ ၂၅%၊ လူဟောင်း၊ အတွေးအခေါ်ဟောင်း၊ စရိုက်ဟောင်းတွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံတော်ယန္တရား၊ စစ်ဘေးဒုက္ခသည်၊ စစ်ရှောင်ဒုက္ခသည်တွေ စတဲ့အချက်တွေကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ဟာ အနှစ်သာရအရ ရှိနေဆဲ၊ နိုင်ငံတော်ကို ချုပ်ကိုင်ထားဆဲ၊ အပြောင်းအလဲ မရှိသေးဆိုတဲ့ အခြေအနေကို သိသာမြင်သာစေပါတယ်။

မကြာခင်က Facebook မှာတွေ့လိုက်ရတဲ့ လွှတ်တော်ထဲမှာ ၂၅% သာမက နိုင်ငံယန္တရားရဲ့ကဏ္ဍအသီးသီးမှာ စစ်အာဏာရှင်စနစ်ဘက်က လူတွေက ဆက်လက်နေရာယူထားကြောင်းကို ရာခိုင်နှုန်းတွေနဲ့ တွက်ပြထားတဲ့ post တခုကို တွေ့လိုက်ရပါတယ်၊ အဲဒီ့ post ကလည်း မပြောင်းလဲသေးကြောင်း တော်တော်ထင်ထင်ရှားရှား ဖေါ်ပြနေပါတယ်။ အတိအကျပြောရရင် စစ်အာဏာရှင်စနစ်ဟာ အတွင်းအနှစ်သာရအရ အပြောင်းအလဲ မရှိသေးဘူး ဆိုတာပါဘဲ။ အဲဒါဟာ ပြောင်းလဲတာလည်း မဟုတ် လို့ဆိုရတဲ့အခြေအနေပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ နိုင်ငံရဲ့အခြေအနေဟာ မပြောင်းလဲတာလည်း မဟုတ် ဆိုတဲ့အခြေအနေပါ။ မပြောင်းလဲတာလည်း မဟုတ်ဆိုတဲ့အတွက် ပြောင်းလဲတာလည်း ရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

ဟုတ်ပါတယ်၊ ပြောင်းလဲတာလည်း အမှန်တကယ်ကို ရှိပါတယ်။ ဒါဆို ဘာတွေ ပြောင်းလဲသွားသလဲ။

အထင်အရှားဆုံးအပြောင်းအလဲကတော့ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ရေးရည်မှန်းချက်အတွက် အနှစ်သာရ မပြောင်းလဲသော်လည်း စစ်အာဏာရှင်စနစ်ဘက်က နည်းပရိယာယ်အခင်းအကျင်း ပြောင်းလဲသွားတာပါဘဲ။ စစ်အာဏာရှင်စနစ်ရဲ့ ပြောင်းလဲသွားတဲ့နည်းပရိယာယ်မှာ အဓိကအကျဆုံးအပြောင်းအလဲကတော့ တစ်ပါတီနိုင်ငံရေး စနစ် ပုံစံကနေ ပါတီစုံနိုင်ငံရေးစနစ် ပုံစံ ပြောင်းလဲလိုက်တာပါဘဲ။ အဲသလို စစ်အာဏာရှင်စနစ်ဘက်က မဖြစ်မနေ နည်းပရိယာယ် အပြောင်းအလဲ လုပ်လာရတဲ့အကြောင်းခံတွေ ရှိပါတယ်။(အခုဆွေးနွေးချက်ရဲ့ အဓိကဆိုလိုရင်းအတွက် မလိုအပ်လို့ ဒီမှာ မဆွေးနွေးတော့ပါဘူး။)

နိုင်ငံရေးစနစ်ပုံစံ ပြောင်းလဲလိုက်တဲ့အတွက် ပါတီစုံနိုင်ငံရေးစနစ်ပုံစံကို ထင်ဟပ်တဲ့အပြောင်းအလဲတွေ၊ ပါတီစုံနိုင်ငံရေးစနစ်ပုံစံအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့်အခင်းအကျင်းတွေကို လုပ်ဆောင်ရပါတယ်။ ဒါကြောင့် ဒီနေ့ ဗမာပြည်နိုင်ငံရေးအခြေအနေရဲ့ အပြောင်းအလဲတွေဆိုတာ စစ်အာဏာရှင်စနစ် ရေရှည်ဆက်သွားဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရတဲ့ စစ်အာဏာရှင်တွေဘက်က နည်းပရိယာယ်အပြောင်းအလဲနဲ့၊ အဲဒီ့နည်းပရိယာယ် အပြောင်းအလဲ နဲ့အတူပေါ်လာရတဲ့ လွှတ်တော်နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အတိုင်းအတာတခုအထိ လက်ပိုက်ကြည့်နေတဲ့ အခြေခံဒီမိုကရေစီရေးလှုပ်ရှားမှုတွေ၊ ဘီဘီစီ၊ ဗွီအိုအေ ခိုးနားထောင်ရာကနေ ဗြောင်ပြောလာကြတဲ့ မီဒီယာ အခန်းကဏ္ဍ အခြေအနေ … စတဲ့အပြောင်းအလဲတွေ ပေါ်ပေါက်လာရပါတယ်။ အဲဒီ့စစ်အာဏာရှင်စနစ်ရဲ့ နည်းပရိယာယ် အပြောင်း အလဲနဲ့၊ အဲဒီ့အပြောင်းအလဲကနေ ပေါ်ပေါက်လာတဲ့ အခင်းအကျင်းတွေဟာ လက်ရှိ ဗမာပြည်နိုင်ငံရေးရဲ့ ပကတိ အခြေအနေပါဘဲ။ (အဲဒီ့အပြောင်းအလဲနဲ့ပတ်သက်လို့ ‘အပြောင်းအလဲဆုံချက်’ ဆိုတဲ့ ဆောင်းပါးနဲ့ ၂၀၁၃၊ ဇူလိုင်လ၊ ၂၄ ရက်နေ့ထုတ် မြနန္ဒာဂျာနယ် အတွဲ ၂၊ အမှတ် ၂၇ မှာ ရေးခဲ့ပါတယ်။)

ဒါကြောင့် ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ပကတိအခြေအနေကို တိတိကျကျ သုံးသပ်ပြောရရင် စစ်အာဏာရှင်စနစ် အနှစ်သာရ မပြောင်းလဲသေးဘဲ၊ နည်းပရိယာယ်အရ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲသွားပြီ လို့ အခိုင်အမာ ဆိုရပါမယ်။ မပြောင်းလဲမှု နဲ့ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပကတိအခြေအနေအချက်အလက်တွေကို အခိုင်အမာ ဆုပ်ကိုင်၊ စိန်ခေါ်ချက်နဲ့ အခွင့်အလမ်းတွေကို ကြည့်မြင်ပြီး၊ မှန်ကန်တဲ့နည်းပရိယာယ်လမ်းစဉ် ချမှတ်ရမှာဖြစ်ပါတယ်။

နည်းပရိယာယ်လမ်းစဉ် ၂ မျိုး
ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ နည်းပရိယာယ်လမ်းစဉ် (၂) မျိုးဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါလည်း မဆန်းပါဘူး၊ ပကတိအခြေအနေကို သုံးသပ်ပုံ မတူကြရာကနေ မတူတဲ့နည်းပရိယာယ်လမ်းစဉ် (၂) မျိုး ထွက်လာတာပါဘဲ။

ပထမတမျိုးကတော့ ၂၀၁၀ လွှတ်တော်နိုင်ငံရေးအခင်းအကျင်း မပေါ်ခင်ကအတိုင်း ကိုင်စွဲခဲ့တဲ့ နည်းပရိယာယ် လမ်းစဉ်ပါ။ လူထုလူတန်းစား အလွှာပေါင်းစုံရဲ့တိုက်ပွဲတွေကနေ အထွေထွေသပိတ်တိုက်ပွဲကို ဦးတည်တဲ့လမ်းစဉ်ပါ။ လူထုတိုက်ပွဲနဲ့အထွေထွေသပိတ် ဆိုတဲ့အယူအဆနဲ့ယုံကြည်မှုဟာ အခြေခံအားဖြင့် စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုရှိတဲ့ နိုင်ငံတွေမှာ ဆုပ်ကိုင်ထားရမှာပါ။ ဒီလမ်းစဉ်ကို စွန့်လွှတ်စရာ မလိုအပ်ပါဘူး၊ ဒါပေမယ့် … အဲဒီ့လမ်းစဉ်ကို နည်းနာ ကြွယ်ကြွယ်နဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်စီရင်မှု(modify)လုပ်ဖို့တော့ လိုအပ်ပါတယ်။

ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုတွေ နဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ နိုင်ငံရေး အနှစ်သာရ ပန်းတိုင်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီအရောက်သွားဖို့အတွက် လက်ရှိနိုင်ငံတကာ အခင်းအကျင်း နဲ့ ဗမာပြည် ရဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်ပေါ်မှုအသစ်တွေကနေ ပေါ်ထွက်လာတာကတော့ ပေါင်းစပ်လှုပ်ရှားရမယ့် ဒီမိုကရေစီရေး တိုက်ပွဲ မျက်နှာစာအသစ်တွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။

လူထုဟာ အဲသလို အသစ်ပေါ်လာတဲ့ ဒီမိုကရေစီရေးတိုက်ပွဲမျက်နှာစာအသစ်တွေမှာ ပါဝင်ဆင်နွှဲနေတယ် ဆိုတာလည်း မျက်ခြေပြတ်လို့ မရပါဘူး၊ လက်တွေ့မြင်နေရပါတယ်။ မကြာခင်က တွေ့လိုက်ရတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကို သောင်ပြိုကမ်းပြို ထောက်ခံခဲ့ကြတယ်ဆိုတာ အထွေထွေ သပိတ်လမ်းကြောင်းတခုတည်းသာ မဟုတ်၊ အသစ်ပေါ်ထွက်လာတဲ့ ဒီမိုကရေစီရေးတိုက်ပွဲ မျက်နှာစာအသစ် တွေကိုလည်း အသုံးချဖို့လိုအပ်ကြောင်း ပြည်သူလူထုက နားလည်သဘောပေါက်တယ်ဆိုတာ လက်တွေ့ဖေါ်ပြနေတာ ပါဘဲ။ လူထုဆိုတာ နိုင်ငံရေးစကားလုံးတွေနဲ့မပြောတဲ့ နိုင်ငံရေးသမားတွေပါ။ လူထုဆီက အမှန်တကယ် သင်ယူချင်တယ် ဆိုရင် လက်တွေ့ထဲက၊ လူထုထဲက နိုင်ငံရေးသဘောတရားကို လေ့လာရပါလိမ့်မယ်။

အဲဒါကိုလေ့လာရင် လူထုရဲ့ဒီမိုကရေစီရေးတိုက်ပွဲပုံစံဟာ လမ်းပေါ်ထွက်ဆန္ဒပြ၊ ကြွေးကြော်သံအော်ဆိုတဲ့ သပိတ်တိုက်ပွဲပုံစံတမျိုးထဲနဲ့ သွားနေတဲ့ နည်းပရိယာယ်လမ်းစဉ် မဟုတ်ဘူးဆိုတာကို အထင်အရှား သိနိုင်ပါတယ်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာ မဲရုံတွေထဲဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီဘက်သား တိုင်းရင်းသား အင်အားစု တွေကို ကွင်းလုံးကျွတ်ထောက်ခံ ဆန္ဒမဲပေးခဲ့ကြတာနဲ့ပတ်သက်လို့ ဒါဟာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ဒုတိယ အကြိမ် အသံတိတ်လူထုဆန္ဒပြပွဲကြီးလို့ သုံးနှုန်းခဲ့ပုံကို ပြန်ပြောင်းလေ့လာကြည့်ရင်လည်း လူထုဆန္ဒပြပွဲဆိုတာ သဏ္ဍာန်အမျိုးမျိုး ရှိတာကို သိနိုင်ပါတယ်။ (လူထုရဲ့တိုက်ပွဲနည်းနာကြွယ်မှုအကြောင်းနဲ့ ပတ်သက်လို့ ‘နည်းနာ ၂ မျိုး၊ ပြည်သူ ၁ မျိုး’ ဆိုတဲ့ဆောင်းပါးကို ၂၀၁၆ ခုနှစ်၊ ဇွန်လထုတ် Mon Youth Progressive Journal မှာ ရေးခဲ့ပါတယ်။)

နောက် နည်းပရိယာယ်လမ်းစဉ်တခုကတော့ လွှတ်တော်နိုင်ငံရေးနည်းလမ်းတခုတည်းနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဖြစ်အောင် လုပ်ယူမယ်ဆိုတဲ့လမ်းစဉ်ပါဘဲ။ တဆက်တည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဖို့မှတပါး တခြားမရှိ ဆိုတဲ့အယူအဆအထိ ဖြစ်လာပါတယ်။ စစ်အာဏာရှင်စနစ်အနှစ်သာရတွေ ပြည့်နှက်နေတဲ့ နိုင်ငံ တနိုင်ငံရဲ့ အခြေအနေမှာ လွှတ်တော်နိုင်ငံရေးတခုတည်းနဲ့ ဒီမိုကရေစီရဖို့ရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းဖို့ရော ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အခု ၃ နှစ်တာကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအသံ နောက်ဆုတ် ထားလိုက်ရတာက သက်သေပြပြီး ဖြစ်နေပါတယ်။ ရှေ့မှာလည်း ဆက်ပြီး သက်သေပြနေဦးမှာပါ။

ဒီနည်းပရိယာယ်လမ်းစဉ် နှစ်ခုကို ပြန်ချုပ်ပြောရရင် လမ်းမပေါ်တိုက်ပွဲနည်းနာတမျိုးတည်းကို ကျင့်သုံးတာ နဲ့ လွှတ်တော်တွင်း ပြုပြင်ရေးနည်းနာတမျိုးတည်းကို ကျင့်သုံးတာဟာ ဗမာပြည်နိုင်ငံရေးလက်တွေ့ ပကတိအခြေအနေနဲ့ မကိုက်ညီတဲ့ လမ်းစဉ်တွေဖြစ်လို့ အဆုံးသတ်အောင်ပွဲရဖို့ စိတ်ကူးယဉ်ကြည့်လို့ မရပါဘူး။

ဒါဆိုရင် ဒီနေ့ ဗမာပြည်နိုင်ငံရေးပကတိအခြေအနေနဲ့အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ဖို့ နည်းပရိယာယ်လမ်းစဉ်က ဘာလဲ။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ