သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

မိုက်ခဲစိန် – အစိုးရမရှိတဲ့တိုင်းပြည် အမေရိကန်ပြည် တဲ့လား ဟိတ်

မိုက်ခဲစိန် – အစိုးရမရှိတဲ့တိုင်းပြည် အမေရိကန်ပြည် တဲ့လား ဟိတ်

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၉

ဟုတ်ပါတယ်ခင်ဗျ။ ကျူပ်တို့ အမေရိကန်ပြည်မှာ အစိုးရမရှိတော့ပါဘူး။ အစိုးရ မရှိတော့ဘူးဆိုတာက အစိုးရရုံးတွေ ပိတ်ထားရတာ၊ အစိုးရမှာ ဘတ်ဂျက်မရှိတော့လို့ ၀န်ထမ်းတွေကို အိမ်ပြန်လွှတ်လိုက်ရတာ။ နှစ်စဉ် ချမှတ်ရတဲ့ ဘတ်ဂျက်မှာ သမ္မတကြီး ထရန့်က မက္ကစီကိုနယ်စပ် စည်းရိုးကာဖို့ ဒေါ်လာ ၅ ဘီလျံ ကျော်တောင်းတာ လွှတ်တော်က ချမပေးလို့ အစိုးရယန္တယားကြီး ရပ်ဆိုင်းသွားတာ ၂ ပတ် ကျော်ပါပြီ ခင်ဗျ။ အရေးကြီးတဲ့ တပ်မတော်တို့ လုံခြုံရေးတွေတော့ ဆက်လည်ပတ်နေပါတယ်။ သာမန်အရေးမကြီးတဲ့ ၀န်ထမ်းတွေ ရုံးဌာနတွေကို ရပ်ဆိုင်းထားပါတယ်။ ဥပမာ – ပြည်ထဲရေး၊ စိုက်ပျိုးရေး၊ စည်ပင်သာယာ၊ တရားရုံးများ၊ သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနတွေက ၀န်ထမ်းတွေ အိမ်ပြန်တဲ့ဗျ။ တချို့တွေကိုတော့ အရေးပေါ်အဖြစ် လစာမဲ့ အလုပ်ဆင်းခိုင်းလို့ ဆင်းနေကြရပါတယ်။

အစိုးရလည်ပတ်ဖို့ ဘတ်ဂျက်ကို လွှတ်တော်ကနေ နှစ်စဉ်တောင်းရပါတယ်။ လွှတ်တော်က မပေးရင် အစိုးရလည်ပတ်လို့ မရပါဘူး။ ပြည်သူ့လွှတ်တော်အမတ်တွေနဲ့ အစိုးရခေါင်းဆောင်ဖြစ်တဲ့ သမ္မတက ညှိရပါတယ်။ ဒီတခါမှာ သမ္မတကြီးထရန့်က သူ့စိတ်ရူးပေါက်ပရိုဂျက် (pet project) မက္ကစီကိုနယ်စပ်တလျောက် စည်းရိုးကာဖို့ ပိုက်ဆံထည့်တောင်းတာ မပေးလို့ ထရန့်ကလည်း မပေးရင် အစိုးရမလုပ်ဘူးဆိုပြီး ခေါင်းမာနေတာနဲ့ အစိုးရကြီး ရပ်ဆိုင်းကုန်တယ် ဆိုကြပါစို့။

မနေ့ကတော့ ထရန့်က နိုင်ငံတော်ကို ရုပ်သံကနေ တိုက်ရိုက် မိန့်ခွန်းခြွေပါတယ်။ နိုင်ငံတော်ဟာ မက္ကစီကိုဘော်ဒါမှာ အရေးပေါ်အခြေအနေ ဆိုက်နေတယ်။ စည်းရိုးထိုးဖို့ လိုနေတယ်။ ဒါကို ပြည်သူတွေဆီ တိုက်ရိုက် တင်ပြ လှုံဆော်တာပါ။ သူပြောတာတွေ အားလုံးက ပေါက်ကရလေးဆယ်တွေ အမှားအယွင်းလုပ်ဇာတ်တွေချည်းဆိုတော့ လူတွေရှေ့ကော လွှတ်တော်ခေါင်းဆောင်တွေ ရှေ့မှာ ထပ်ပြီး အရှက်ကွဲပြန်ပါတယ်။ တီဗီလူရွှင်တော်တွေကလည်း ချက်ခြင်း ညဘက်အစီအစဉ်တွေကနေ ဟားတိုက်ကြတယ်။

သူက နယ်စပ်ကခိုးဝင်တွေဟာ နေ့စဉ် ထောင်နဲ့ ချီတယ်။ ထိန်းလို့မရဘူး၊ မင်းမဲ့စရိုက်ဖြစ်လို့ စစ်တပ်လွှတ် နှိမ်နင်းနေရတယ်။ လူမှောင်ခိုဂုဏ်းတွေက ကလေးတွေကို ထောင်နဲ့ချီပြီး ပို့ဆောင်ပေးနေတယ်၊ ကလေးတွေ သနားစရာကောင်းလှတယ်လို့လည်း မျက်ရည်ခံထိုးပါတယ်။ နယ်စပ်က မူးယစ်ဆေးတွေကြောင့် အမေရိကန်တွေ နေ့စဉ် ရာချီပြီး သေနေရတယ်လို့လည်း ပြစ်တင်ပါတယ်။ ဒါ့အပြင် ခိုးဝင်တွေ သတ်လို့ အမေရိကန်တွေ နေ့စဉ် သေလိုက်ကြတာ သောက်သောက်လဲ ပါတဲ့။ ဒါကြောင့် နယ်စပ်မှာ စည်းရိုးကာရမယ်။ ငွေ ၅ ဘီလျံလိုတယ်။ ဒါကို အရေးမကြီးဘူးထင်တဲ့ လွှတ်တော်အမတ်တွေကြောင့် အစိုးရယန္တယားကို ရပ်ဆိုင်းလိုက်တယ်လို့ သူက ဖြေရှင်းပါတယ်။

သည်တော့ လွှတ်တော်အမတ်တွေ သတင်းသမားတွေ နိုင်ငံရေးစိတ်ဝင်စားသူတွေက ထရန့်အချက်အလက်တွေဟာ လုပ်ကြံထားတာ မှားယွင်းနေတာတွေချည်းပဲလို့ ပြန်လှန် ကန့်ကွက်ကြပါတယ်။

နယ်စပ်က လူတွေ ခိုးဝင်တာဟာ ကျဆင်းလာနေတယ်၊ ခိုးဝင်တွေကိုလည်း တဖက်နိုင်ငံမှာ စခန်းဖွင့် စစ်ဆေးနေတယ်၊ ထရန့်၏ လူဝင်မှုကြည့်ကြပ်ရေးပေါ်လစီအမှားကြောင့် ဇာတ်တွေ ပိုရှုပ်နေတာလို့ ပြန်ထောက်ပြပါတယ်။ လုပ်ရမှာက immigration reform လုပ်ဖို့ပဲ။ လူတွေကို ဖမ်းပြီး နှိပ်ကွပ်နေတာနဲ့ ပြီးတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ခိုးဝင်တွေ ဆိုတဲ့အခါ နယ်စပ်ဖြတ်ကျော်ခိုးဝင်တွေထက် လေယျာဉ်ပျံနဲ့ ၀င်လာပြီး ဗီဇာသက်တမ်းကျော်လွန် နေထိုင်တဲ့ ခိုးဝင်တွေက ပိုများတယ်လို့ စာရင်းတွေက ဆိုပါတယ်။ လူမှောင်ခိုပို့နေတဲ့ ကလေးတွေဆိုတာကလည်း လူချင်းစာနာစိတ်နဲ့ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကလေးတွေကို ဖမ်းပြီး ချုပ်ထားလို့ ကလေးတွေထဲက ဆုံးတဲ့သူ ဆုံးကုန်ပါပြီ။

နယ်စပ်က မူးယစ်ဆေးထက် အခြားလမ်းကြောင်းတွေက ခိုးဝင်နေတဲ့ မူးယစ်ဆေးက ပိုများပါတယ်။ မူးယစ်ဆေးကြောင့် အမေရိကန်တွေ သေကြတယ်ဆိုရာမယ် အမေရိကန်တွေအတွက် ကျန်းမာရေး စီးပွားရေး လူမှုရေးစောင့်ရှောက်မှု အားနည်းတာကြောင့် လူငယ်တွေ လူရွယ်တွေ ပျက်စီးတာကို အစိုးရက အလေးထား ပြုပြင်ရမှာ ဖြစ်ပါတယ်။ health care and social reform မလုပ်ဘဲ blame game လုပ်နေတဲ့ ထရန့်ကိုသာ ပြစ်တင်ဖို့ ရှိပါတယ်။

ခိုးဝင်တွေ သတ်လို့ သေတဲ့ အမေရိကန်ထက် အမေရိကန်တွေအချင်းချင်း စိတ်ရူးပေါက် အစွန်းရောက်ပြီး သတ်ကြတဲ့ ဦးရေက ပိုများပါတယ်။ gun control မရှိလို့ ကျောင်းတွေ ဈေးတွေ လူမြင်ကွင်းတွေမှာ အမေရိကန် စိတ္တဇသမားတွေက အမေရိကန်တွေကို သတ်နေတာ နှစ်စဉ် မြင်လို့တောင် မကောင်းပါ။ ဒါကြောင့် gun control reform လုပ်ဖို့ပဲ အာရုံစိုက်ရမှာပါလို့ လူများစုက တုန့်ပြန်ကြပါတယ်။

အစိုးရယန္တယားရပ်ဆိုင်းထားလို့ အခြားလမ်းကြောင်းတွေကနေ မူးယစ်ဆေးတွေ၊ ခိုးဝင်တွေ၊ အကြမ်းဖက်တွေ ပိုပြီးလို့တောင် ၀င်ရောက်လာနိုင်ပါသေးတယ်။ တရားရုံးတွေ ရပ်ဆိုင်းထားလို့ တရားမျှတမှုကို လူတွေက ထိုင်စောင့်နေရပါတယ်။ တရားရုံးက အမိန့်မချလို့ အပြစ်မဲ့တွေ ဒုက္ခရောက်သလို အပြစ်ရှိတွေလည်း လွတ်လပ်သက်ဇိုးရှည်နေကြပါတယ်။ အလုပ်လက်မဲ့တွေအတွက် သက်ကြီးတွေ လူနာတွေအတွက် စောင့်ရှောက်မှုတွေလည်း ကြန့်ကြာကုန်နေပါတယ်။ လူတွေ အများအပြား ဒုက္ခရောက်နေကြတာဟာ အစိုးရရပ်ဆိုင်းထားလို့ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်တုန်းက ကလင်တန်လက်ထက်မှာ ရီပတ်ဘလစ်ကန် အစွန်းရောက် လွှတ်တော်ခေါင်းဆောင် ဂရင်းဂစ်လက်ချက်နဲ့ အစိုးရရပ်ဆိုင်းခဲ့ရတာ ၂၁ ရက် ရှိခဲ့တယ်။ ဒီတခေါက် ရီပတ်ဘလစ်ကန် အစွန်းရောက် သမ္မတခေါင်းဆောင် ထရန့်လက်ထက်မှာ ဒီစံချိန်ကို ချိုးတော့မှာလားလို့ စိုးရိမ်စရာပါ။

ဘယ်လိုသမ္မတမျိုးကို အမေရိကန်တွေက တင်မြှောက်လိုက်ပါလိမ့်လို့ အံ့သြမင်သက်ချင်စရာပါ။ သူတို့မဲဆန္ဒရှင်တွေ အများစုဆန္ဒနဲ့ တင်ခဲ့ကြတာဆိုတော့ မင်းဒုက္ခနဲ့ မင်းလို့သာ ဆိုရမှာပေါ့။ ကမ္ဘာကြီးက အခြားနိုင်ငံတွေ ပြိုင်ဘက်တွေကတော့ အမေရိကန်ကို လေးစားခြင်းတ၀က်၊ ဟားတိုက်ခြင်းတ၀က်နဲ့ စောင့်ကြည့်ကြပါလိမ့်မယ်။ လေးစားခြင်းတ၀က်ဆိုတာက အမေရိကန်တွေရဲ့ ဒီမိုကရေစီနည်းနဲ့အညီ သီးခံမှု စည်းကမ်းရှိမှုပါ။ သည်လို ခေးအော့စ် (CHAOS) ကို ဘောင်အတွင်းက တုန့်ပြန်နေမှုကို လေးစားခြင်းပါ။ ဟားတိုက်ခြင်းတ၀က်ဆိုတာကတော့ – အရူးဘုံမြောက်တော့ ဘာတွေ ကောက်စားတယ်ဆိုလား စကားလို … အမေရိကန်တွေဟာ ထိပ်သီးထိပ်သီးဆိုပြီး ကမ္ဘာကို ဆရာကြီးလုပ်လာခဲ့ကြတာ ကြာပြီ၊ ဒီတခေါက် သူတို့တင်လိုက်တဲ့ ဆရာကြီးနဲ့ကျမှ ကွဲကြတာ၊ ဘယ်လောက်တောင် သူတို့ အချိန်ယူပြီး ပြန်အဖတ်ဆယ်ရဦးမယ် မသိဘူး ဆိုပြီးတော့ပါ။

ဒီမိုကရေစီဆိုတာ အစိုးရရှိနေမှန်းတောင် မသိရတဲ့ တိုင်းပြည်ဆိုလား ပြောကြတယ်။ အခုတော့ အစိုးရတကယ်ကို မရှိတဲ့ တိုင်းပြည်ဖြစ်နေပြီပေါ့လေ။ ဒီမိုကရေစီကတော့ ရှိနေသးတယ်။ တော်ကြာ ဒီမိုကရေစီလည်း မြန်မာပြည်ကို ခိုးဝင် ထွက်ပြေးသွားမှ ထရန့်ကြီး ငါးပါးမှောက်နေပါဦးမယ်။ အဟိ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts