မောင်စွမ်းရည်

Maung Swan Yi – Essay

မိခင်ဧရာဝတီကို ကာကွယ်ကြလော့
မောင်စွမ်းရည်
စက်တင်ဘာ ၂၄၊ ၂၀၁၃


အမိမြန်မာပြည်အကြောင်းကို ပြောကြမယ်ဆိုရင် ဧရာဝတီမြစ်ကြီးအကြောင်း မပါလို့ မပြီး။
မြန်မာပြည်တွင်းမှာ လူသားတွေ ဖြစ်ပေါ်လာခြင်း သို့မဟုတ် မြန်မာပြည်တွင်းကို မြန်မာလူမျိုး တိုင်းရင်းသားတွေ ၀င်ရောက်လာခြင်းဆိုတဲ့ သမိုင်းဟာ ဧရာဝတီမြစ်ရိုးကို အခြေတည်ခဲ့ပါတယ်။ ဧရာဝတီကို ဗဟိုပြုခဲ့ပါတယ်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေး၊ ရန်ကုန် …။ သမိုင်းဝင်မြို့တော်ကြီးတွေဟာ ဧရာဝတီမြစ်မဟီကို ခေါင်းအုံးကြ၊ မေးတင်ကြ၊ ခိုလှုံခဲ့ကြပါတယ်။
ဧရာဝတီမြစ်ရေကို မြန်မာပြည်သားတွေ သောက်ချိုးခဲ့ကြတယ်။ ဧရာဝတီက နှစ်စဉ်ပို့ချ ဖန်တီးပေးတဲ့ မြေဆီလွှာတွေပေါ်မှာ စိုက်ပျိုးတဲ့ ကောက်ပဲသီးနှံတွေက အဖူးအပွင့် အသီးအနှံတွေကို မြန်မာပြည်သားတွေ နှစ်ပေါင်း ရာထောင်ချီပြီး စားသုံးခဲ့ကြတယ်။ ဧရာဝတီမြစ်ဝှမ်းမှာ တည်ဆောက်တဲ့ တဲအိမ်ထီးနန်းတွေမှာ မြန်မာပြည်သားတွေ နေထိုင်အိပ်စက်ခဲ့ကြတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာတွေလည်း ဧရာဝတီမြစ်ဝှမ်းရဲ့ ရေမြေတောတောင်တွေကြားမှာပဲ တည်ဆောက်ခဲ့ကြတယ်။ မြန်မာလူမျိုး၊ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဧရာဝတီလူမျိုး၊ ဧရာဝတီယဉ်ကျေးမှုပဲ မဟုတ်ပါလား။
ဧရာဝတီမြစ်မဟီဟာ ငါတို့မြန်မာပြည်သားတွေရဲ့ မိခင်၊ ငါတို့ဟာ ဧရာဝတီမြစ်မဟီရဲ့ သားသမီး၊ ဧရာဝတီဒဏ်ရာရတယ်ဆိုရင် ငါတို့မိခင် ဒဏ်ရာရတာပဲ။ ဧရာဝတီနာကြင်ရင် ငါတို့မိခင် နာကြင်တာပဲ။ ဧရာဝတီမရှိရင် ငါတို့မိခင် မရှိတော့ဘူး။ ငါတို့တတွေ မိဘမဲ့ ဖြစ်ပြီပေါ့။ ငါတို့ ဘ၀ပျက်ပြီ။ ငါတို့အားထား ခိုလှုံရာ ကင်းမဲ့ပြီ။ ငါတို့ စပါးကျီ ပေါက်ပြီ။ ငါတို့လယ်ယာကိုင်းကျွန်းတွေ အကုန်ကောပြီး၊ တောကြီးကန္တာရ ဖြစ်ပြီ။
ငါတို့တတွေ ဘ၀မပျက်အောင် ငါတို့မိခင်ကို ကာကွယ်ကြရမယ်။ ‘တို့မြေကြီးမို့ ကာကွယ်မလေ’ ဆိုတဲ့ ကြွေးကြော်သံသီချင်းကို ငါတို့ငယ်ငယ်တုန်းက နားလျှံအောင် ကြားလာခဲ့ရတယ်’။ ‘ကုန်းတပ်၊ ရေတပ်၊ လေတပ်တွေ’ က ‘စည်းလုံးပေါင်းစုပြီး ကာကွယ်ကြမယ်’ လို့ ကျုးရင့်တယ်။ ဟုတ်တယ်။ ကုန်းတပ်၊ ရေတပ်၊ လေတပ်တွေရော၊ တောင်သူလယ်သမား၊ အလုပ်သမားတွေရော၊ ၀တ္ထုရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေရော၊ ပန်းချီဆရာ၊ ဂီတဆရာတွေရော၊ ကချေသည်တွေ၊ သဘင်သည်တွေရော၊ လှည်းနေ လှေအောင်း၊ ဂူကျောင်း၊ ဇရပ်၊ ထီးနန်း၊ မဏ္ဍပ်ပါမကျန် အားလုံး ပြည်သူတွေမှာ တာဝန်ရှိတယ်။ မိခင်ဧရာဝတီကို မြန်မာပြည်သားအားလုံး စုပေါင်း ကာကွယ်ကြရပေမယ်။
“ငါတို့တိုင်းပြည်၊ ငါတို့ဧရာဝတီကို ငါတို့ကာကွယ်ရမယ်”
ဆိုတဲ့ အသိတရားဟာ ဘယ်ကလာသလဲ။ ဒီတိုင်းပြည်၊ ဒီရေ၊ ဒီမြေဟာ ငါတို့မွေးဖွားရာနေရာ၊ ငါတို့စားသောက်ရာအရပ်၊ ငါတို့ပိုင်ဆိုင်ရာဒေသဖြစ်တယ်ဆိုတဲ့ အသိတရားက ဆင်းသက်လာပါတယ်။ ဒါကြောင့် ‘ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့ပြေ’ လို့ အားနဲ့ မာန်နဲ့ ကြွေးကြော်ဝင့်ကြွားနိုင်ခဲ့ကြတယ်။
‘ဒီမြေ ဒီရေဟာ ငါတို့ပိုင်တာပဲ” ဆိုပြီး ငါတို့က မဲ့ရွဲ့၊ ဖြတ်တောက်၊ ထိုးဖောက်၊ ဖြိုဖျက် ရောင်းချ၊ ငှားရမ်း၊ ပေါင်နှံ၊ စားသောက်ပစ်လို့ မရပေဘူး။ မသိအောင်တမျိုး၊ တိုးတိုးတဖုံ၊ ကျယ်ကျယ်တနည်း လက်လွှဲ ဖြုန်းတီးပစ်လို့ မဖြစ်စကောင်းပေဘူး။
ရေမြေနဲ့တကွ ပြည်သူတွေကို အုပ်ချုပ်ဖို့၊ ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ဆိုတဲ့ အာဏာ(မဟာတာဝန်) ဟာ ပြည်သူတွေဆီက ဆင်း သက်လာရမှာ ဖြစ်သလို၊ ပြည်သူတွေရဲ့ ရေမြေတောတောင် ဘဏ္ဍာတွေကို ငှားယမ်း၊ ရောင်းချ၊ ပေါင်နှံတယ်ဆိုတဲ့ အခွင့်အရေးဟာ လည်း ပြည်သူတွေဆီက လာရပါတယ်။ ဘယ်သူတွေဆီက ဘယ်လိုအကျိုးအမြတ်တွေ ရပြီး၊ ပြည်သူတွေက ဘယ်လိုအကျိုးအမြတ် ခံစားရမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း ရှိရပါမယ်။ ပြည်သူတွေလည်း ရှင်းရှင်းလင်းလင်း ဘာမှ မသိရ၊ ဘာအကျိုးအမြတ်မှလည်း မခံစားရဘူး ဆိုရင် ဒီကိစ္စဟာ သဘာဝကျတဲ့ကိစ္စ၊ တရားမျှတတဲ့ လုပ်ရပ်မဟုတ်နိုင်တော့ပါဘူး။ တခုခုတော့ မှားနေပြီ။ ဒါမှမဟုတ် အားလုံး မှားနေပြီလား။ ဒီလိုအန္တရာယ်ကကြုံနေပြီ ဆိုရင် တာဝန်ရှိသူတွေက ကာကွယ်ရပါမယ်။
မိခင်ဧရာဝတီ အန္တရာယ် ရှိနေပြီ။
မိခင်ဧရာဝတီကို ကာကွယ်ရေးဆိုတဲ့ အရေးတော်ပုံကြီး ကြုံတွေ့နေရပါပြီ။ ‘ကာကွယ်ရေး’ ဆိုတာ စစ်ဗိုလ်၊ စစ်သား၊ ရဲဗိုလ်၊ ရဲသားတွေမှာ တာဝန်ရှိသလို၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ရဟန်းရှင်လူ၊ ကျောင်းသားကျောင်းသူ၊ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။ အနုပညာရှင်အပေါင်းနဲ့တကွ ကဗျာဆရာတွေမှာလည်း တာဝန်ရှိပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ ဒဂုန်တာရာ၊ ဒေါင်းနွယ်ဆွေအလယ် တင်မိုး၊ ကြည်အောင်အဆုံး ကဗျာဆရာတွေဟာ သူ့ခေတ်နဲ့သူ တာဝန်ကျေခဲ့ကြပေတယ်။ မျက်မှောက်ကဗျာဆရာ ကြီး ငယ် ရွယ် လတ်တို့ကလည်း ကဗျာလက်နက်ကို စွဲကိုင်ပြီး မိခင်ဧရာဝတီရဲ့ အန္တရာယ်ကို ကာကွယ်ကြရမယ်။
‘မိခင်ဧရာဝတီကို ငါတို့ ကာကွယ်ကြစို့’

မောင်စွမ်းရည်၊ စက်တင်ဘာ ၂၀၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts