အဲတာကိုတော့ ကျော်ဖြတ်နိုင်ရမယ်။ ဘွဲ့အကြောင်းစဉ်းစားမိတော့ အော်ဟစ်ရယ်မောလိုက်ချင်ပြန်ရော။ ဖြူဖြူ့သူငယ်ချင်းတွေထဲမှာ ဘွဲ့ရပြီးပေမဲ့ သတင်းစာတစ်စောင်မှမဖတ်ဖူးသူတွေအများကြီးပဲ။
ခြေထောက်တွေထဲမှာ အားအပြည့်ထည့်ပြီး လှေကားထစ်တွေကို နင်းတက်လိုက်တယ်။
ဖြူဖြူဟာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဘီအေ(ဂျာမန်)ဘွဲ့ကိုရရှိထားတာဖြစ်တယ်။ ကျောင်းပြီးတော့ ဖြဖြူအပါအဝင် သူငယ်ချင်း အတော်များများဟာ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်လုပ်ဖို့ စဉ်းစားကြတယ်။ ဖြူဖြူကတော့ ပုဂံဒေသ ဧည့်လမ်းညွှန်သင်တန်းကို သွားတက်ထားလိုက်ပါတယ်။ အဲဒီကနေ ဒေသဆိုင်ရာဧည့်လမ်းညွှန်အဖြစ် အသိအမှတ်ပြုပေးတဲ့ ကတ်ပြား လေးတခုရခဲ့တယ်။
လိုင်စင်ရဧည့်လမ်းညွှန်တစ်ယောက်ဖြစ်လာဖို့တော့ ဝမ်းစာဗဟုသုတနဲ့ဘာသာစကားကျွမ်းကျင်မှုကို ဖြည့်တင်းရအုံးမှာပါ။
ပညာဆက်ဆည်းပူးလိုတဲ့စိတ်ရယ်၊ စိတ်ပါဝင်စားတဲ့လုပ်ငန်းခွင်တခုမှာ အတွေ့အကြုံရှာလိုစိတ်ရယ်ကြောင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့လကပဲ ဖြူဖြူရောက်လာခဲ့တယ်။ ဖြူဖြူတို့သင်ခဲ့ရတာက ဘာသာစကားရယ်၊ အခြေခံဧည့်လမ်းညွှန်ပညာရပ်ရယ်ပါ။ ရန်ကုန်မြို့ကြီးက ခရီးသွား လုပ်ငန်းတွေအားလုံးနီးပါးဟာ ရေခဲတုံးကြီးတွေလိုအေးစက်နေကြတယ်။ ဖြူဖြူ့သူငယ်ချင်းတယောက်ကတော့ အစိုးရရုံးတရုံးမှာ အလုပ်ဝင် သွားတယ်။ သူငယ်ချင်းက ပြောတယ်။ “ဖြူဖြူရေ ငါလဲကြာလာရင် ဂျာမန်စာတွေရောစေကားတွေပါ မေ့သွားတော့မယ်ထင်ပါတယ်” တဲ့။
သူငယ်ချင်းရဲ့စကားဟာ ဖြူဖြူအတွက် အများကြီးကိုစဉ်းစားစရာဖြစ်လာခဲ့တယ်။
ဖြူဖြူစဉ်းစားမိတာက ဒီလိုပါ။ အခုလို ဘာသာစကားနဲ့ပတ်သက်တဲ့ဘွဲ့တခုကိုရဖို့ လေးနှစ်လုံးလုံး ကြိုးစားခဲ့ကြရတယ်။ ဖြူဖြူတို့နေစရာ အဖြစ် အစိုးရကျောင်းဆောင်မရခဲ့ပါဘူး။ မန္တလေးမြို့ရဲ့နန်းရှေ့တဝိုက်မှာပဲ အပြင်ဆောင်ငှားနေကြရတယ်။ အစိုးရက အဆောင်တောင် မပေးမှတော့ ထမင်းကျွေးဖို့ဆိုတာ အဝေးကြီးပေါ့။ အပြင်မှာပဲ အဆင်ပြေသလို ဝယ်စားခဲ့ကြရတယ်။ ဖေဖေနဲ့မေမေက ဖြူဖြူအဆင်ပြေ ပြေနဲ့ စာကျက်နိုင်ဖို့ အတန်းတက်နိုင်ဖို့ ပိုပြီးအလုပ်လုပ်ပေးခဲ့ကြရတယ်။
ဖြူဖြူတို့ကျောင်းတက်စဉ်ကာလ တစ်လကုန်ကျစရိတ်ဟာ နည်းမှမနည်းပဲ။
အဲဒီနောက်တော့ သင်ထားတဲ့ပညာလေးကို လုပ်ငန်းခွင်မှာအသုံးပြုဖို့ ဧည့်လမ်းညွှန်သင်တန်းဆက်တက်ခဲ့တယ်။
ဖြူဖြူသင်ကြားခဲ့ရတဲ့ပညာနဲ့တော့ အနည်းနဲ့အများ ဆက်စပ်ပတ်သက်နေရ မယ်လို့ယူဆမိပါတယ်။ ဖြူဖြူရပ်မနေချင်ပါဘူး။
လေယာဉ်တစင်းဟာ အပေါ်လည်းမတက်၊ ရှေ့လည်းခရီးမဆက်နိုင်ပဲရပ်နေရင် ကြောက်စရာကောင်းနေတဲ့အကြောင်း ဖြူဖြူဖတ်ခဲ့ဖူးတယ်။ ဖြူဖြူက အဲဒီလေယာဉ်ကြီးလို အောက်ကိုပြုတ်မကျသွားချင်ပါဘူး။ နောက်ပြီးတော့ လူရောစိတ်ပါအပင်ပန်းခံပြီး တက္ကသိုလ်ပညာရေး အတွက် ထောက်ပံ့ပေးခဲ့ကြတဲ့ ဖေဖေနဲ့မေမေကိုအားနားတဲ့စိတ်ဟာ ဖြူဖြူ့ကိုအနှိပ်စက်ဆုံးလို့ ဖြူဖြူကယုံကြည်နေပါတယ်။
စာအုပ်တွေက တဝက်ထည့်ပြီး ခရီးတခုကိုဆက်လှမ်းဖို့ ဖြူဖြူ ထွက်လာခဲ့တာပါ။ ဖြူဖြူက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ မိန်းကလေး တယောက်။ သာမန်အားဖြင့်တော့ အလှအပနဲ့ ကျောင်းပညာရေးကလွဲရင် ပြင်ပလောက၊ လူနေမှုဘဝတွေကို စိတ်ဝင်စားလိမ့်မယ် မထင်ရပါဘူး။
အဲဒီနေ့ကတော့ ဖြူဖြူ့ဖေဖေနဲ့ဖုန်းဆက်အပြီးမှာ အိပ်ရာဘေးက ဂျာနယ်တွေကို လျှောက်ဖတ်နေမိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပါတဲ့ဂျာနယ်ထဲမှာလည်း ဖြူ ဖြူနဲ့အဆင်ပြေမယ့်အလုပ်လိုအပ်ချက်မျိုး ပါမလာပါဘူး။
အဲဒီအချိန်မှာ မီဒီယာတခုက သတင်းစာတစောင်မှာ အလုပ်သင်သတင်းထောက်ခေါ်တဲ့သတင်းကိုတွေ့မိလိုက်တယ်။ အိပ်ရာထဲပြန်လဲပြီး နဖူးပေါ်လက်တင်ရင်း သတင်းထောက်တွေအကြောင်းကို စဉ်းစားနေမိပါတယ်။ မြန်မာပြည်ကသတင်းထောက်တွေအကြောင်းရော ကမ္ဘာ ပေါ်ကသတင်းထောက်တွေ အကြောင်းရောပါပါတယ်။
ဗီဒီယိုဇာတ်ကားတွေထဲက စစ်မြေပြင်သတင်းထောက်တွေအကြောင်းကိုပါ တမျှော်တခေါ်ကြီး တွေးနေမိတော့တယ်။ ဖေဖေရဲ့ “သိက္ခာရှိတဲ့ အလုပ်” ဆိုတဲ့အသံကိုလည်း ပြန်ပြန်ကြားနေမိတော့တယ်။
ဖေဖေက စာရေးတယ်။ မဂ္ဂဇင်းတိုက်တွေကို ပို့တယ်။ အဲဒီတုန်းကလည်း ဖေဖေ့မျက်လုံးတွေ စာအကြာကြီးကြည့်ရင် ဝါးတတ်တာမို့ ဖြူဖြူ ပဲ အချောပြန်ကူးပေးရတယ်။ အဲဒီအချိန်တွေတုန်းကတော့ ကျောင်းစာတွေကတဖက်နဲ့မို့ ဖေဖေ့ကို စိတ်ခုခဲ့ဖူးတယ်။ အခုအချိန်ကျတော့လည်း အဲတာတွေကို ကျေးဇူးတင်မိပါတယ်။ ဖြူဖြူနဲ့ဝေးတဲ့ဗဟုသုတ၊ ကျောင်းသင်ခန်းစာတွေထဲမှမပါတဲ့ သတင်း ထောက်တွေအကြောင်းကို ဖေဖေ့စာတွေထဲမှာ ဖတ်ခဲ့ရတယ်။ ဖတ်ခဲ့ရတာမှ ကူးဖတ်,ဖတ်ခဲ့ရတာပါ။
မုံရွာမြို့မှာအလုပ်ကြံခံလိုက်
သတင်းထောက်ကိုပါကြီးအကြောင်း၊ သတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံးအကြောင်းတွေကို ဖြူဖြူသိခဲ့ရဖူးတယ်။ မလိုသူတွေက လုပ်ကြံတာ၊ ဖမ်းဆီးနှိပ်စက်တာတွေကိုခံကြရတဲ့ နိုင်ငံရပ်ခြားက သတင်းထောက်တွေအကြောင်းကိုလည်း ရုပ်မြင်သံကြားမှာ ဖြူဖြူ ကြည့် ခဲ့ဖူးပါပြီ။ သူတို့ဟာ ဘာဖြစ်လို့များအဲဒီလိုဖြစ်ခဲ့ကြရပါလိမ့်လို့ ဖြူဖြူတွေးမိပါတယ်။ ဖြူဖြူ့အတွေးထဲမှာ သတ်ဖြတ်တဲ့လူဟာ လူဆိုးတွေ ပါပဲ။ အသတ်ခံရသူက သူတို့ဆိုးတဲ့အကြောင်းပြောလို့ဖြစ်မှာေ
ဖြူဖြူ့ဘေးနားကအိပ်ရာလေးကို ကုမ္ပဏီတခုမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းပြန်ရောက်လာချိန်မှာ အတွေးတွေ ပြတ်သွားခဲ့ရတယ်။ သူတို့ကို မြင်မိတော့လည်း အလုပ်ကိုလုပ်ချင်လာပါတယ်။ ဘေးကသူငယ်ချင်းက ဥပဒေနဲ့ကျောင်းပြီးထားပြီး မျက်မှန်ကုမ္ပဏီတခုမှာ
အလုပ်ဝင်လုပ်နေတာပါ။
သူငယ်ချင်းဟာ အခုတော့လည်း ဥပဒေတွေ၊ နည်းဥပဒေတွေကိုမေ့ထားပြီး အစင်းပါတဲ့မှန်နဲ့ အစင်းမပါတဲ့မှန် ခွဲခြားရတဲ့အလုပ်ကို လုပ်နေရပါတယ်။ ဖြူဖြူလည်း အလုပ်တခုကိုလုပ်ချင်လာမိတယ်။
“သိက္ခာရှိတဲ့အလုပ်” တခုပေါ့။
အလုပ်သင်သတင်းထောက်တွေခေါ်တဲ့ကြော်ငြာလေးကို နောက်တခေါက် ပြန်ဖတ်မိတယ်။
အကြာကြီးတွေပြီးကြည့်နေမိတယ်။ ကြော်ငြာကွက်ကွက်လေးနေရာမှာ အဖမ်းအဆီးအနှိပ်စက်အသတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက်တွေရဲ့ ပုံရိပ်တွေ။ ပုံရိပ်တွေက သိက္ခာတွေနဲ့လင်းလင်းချင်းချင်းကြီးပေါ်လာကြတယ်။ ဒါပေမဲ့ ဖြူဖြူကြောက်နေမိပါတယ်။ အဲဒီအလုပ်ကို ဖြူဖြူ စိတ်ဝင်စားမိတယ်။ ဖြူဖြူကြောက်တယ်။
ကမ္ဘာလှည့်ခရီးသွားတွေကို လမ်းညွှန်ပေးနိုင်ဖို့ ဧည့်လမ်းညွှန်သင်တန်းကို ဖြူဖြူတက်ခဲ့ပါတယ်။ နိုင်ငံတော်ထဲကိုဝင်လာတဲ့ခရီးသည်တွေ ကို ဖြူဖြူလမ်းညွှန်ဖို့ အခွင့်မသာသေးပါဘူး။ ဖြူဖြူဟာ ဘယ်သူ့တွေကိုများ ဘယ်လိုလမ်းညွှန်ပေးရပါ့လို့ တွေးမိပါတယ်။ ပြီးတော့
အလုပ်လုပ်ချင် စိတ်တွေပေါ်လာတယ်။ ဖေဖေ့ဆီကို ဖုန်းဆက်လိုက်တယ်။
အသံကတော့ ဂုဏ်ယူနေသလိုအသံကြီး။ နောက်ထပ်တစ်နာရီကျော်ကျော်လောက်ကြာတဲ့အခါမှာ ဖေဖေ့ဆီကနေ လင့်ခ်တခု ရောက်လာတယ်။ ဖြူဖြူ ချက်ချင်းပဲဖွင့်ဖတ်မိပါတယ်။
“SEA Food from SLAVES” ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်ရယ် မြန်မာသတင်းထောက် အက်စ်စတာထုဆန်ရယ်ဟာ ဖြူဖြူ့ကို စိတ်ကူး သစ်တွေရွက်ဖွင့်စေခဲ့တယ်။ အင်ဒိုနီးရှားကျွန်းတွေပေါ်မှာရှိတဲ့ ရေလုပ်ငန်းဆိုင်ရာလုပ်ငန်းခွင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရ တာတွေ၊ ကျွန်ပြုစေခိုင်းခံနေရတဲ့ရေလုပ်သားတွေအကြောင်းကို စုံစမ်းဖော်ထုတ်ပြီးရေးသားထားတဲ့ မြန်မာသတင်းထောက်အမျိုးသမီး တယောက်ရဲ့ ပူလစ်ဇာဆုရဆောင်းပါးပါ။ သူ့ရဲ့ရေးသားမှုကြောင့် သူများနိုင်ငံမှာသောင်တင်နေတဲ့ ရေလုပ်သားတွေကို ကယ်တင်နိုင် ခဲ့ကြတယ်။
သတင်းထောက်လုပ်ငန်းဆိုတာ လူတွေကိုအသိပညာပေးရုံ၊ သတင်းပေးရုံတင်မကပဲ လွတ်မြောက်မှုကိုပါပေးနိုင်တဲ့လုပ်ငန်းပါလားလို့
ဖြူဖြူသိလိုက်ရပါတယ်။
ဖြူဖြူ မကြောက်တော့ပါ။ လှေကားထစ်တွေကိုရဲရဲနင်းပြီး ဖြူဖြူဆက်တက်ခဲ့တယ်။ အခုတော့ ဘာကိုမှဖြူဖြူမကြောက်တော့ပါဘူး။
အိမ့်ကြည်ဖြူ