ကဗျာ မြန်မာပြည်တွင်း

စံညိမ်းဦး – ပြည်တော်ဝင်

KT#

ပြည်တော်ဝင်
စံညိမ်းဦး
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈

ပြအိုး ပစ္စင် တုန်ရင်လို့
သူရဲခိုနဲ့ကားဆွဲပေါက်များဟာလည်း
လွတ်လပ်ရေးကို ချောင်းကြည့်နေခဲ့ရရှာမယ်။
စစ်ကြီးပြီးတော့
လမ်းတွေပေါ်အပြေးအလွှား
ပထမဆုံးကျလာတဲ့နေရောင်ခြည်ကို
အငမ်းမရ ထွက်ရက်(လျှက်)မိကြမှာပဲ။

အချစ်တွေ ပြန်လာပြီ
မြို့ကို အနမ်းနဲ့နှစ်သိမ့်ဖို့
တပြည်လုံးရဲ့မျက်ရည်ကို သုတ်ပေးဖို့
နုတ်စ်တွေ ကခုန်ကြ။

မျှော်စင်ကို ဒဏ်ရာနဲ့ပြန်ဆောက်
ဝမ်းခေါင်းထဲကမှုတ်ထုတ်လိုက်တဲ့ ထရမ်းပက်သံမှာ
ကြွက်သားအားလုံး ပြည့်တင်းခဲ့ကြရ
အားကျရင်း ငါ့မှာ ပြိုကျလို့။

ဒီမှာဖြင့်
အပျက်ကြီးထဲ အက်ကွဲ
ပျော်အောင်နေ နေကြရတဲ့
မျိုးဆက်တွေ။

အညစ်ကြီးထဲ နှစ်မြုပ်
သစ်ယောင်ဆောင်ထားရတဲ့နှစ်သစ်တွေ။

ကလိယုဂ်မှာ
အမှန်တရားဟာ မစွံ
အရောင်းထိုင်း ပုပ်သိုးကုန်စည်တွေ။

ဒေါ်ဒေါ် မမ နှမတို့တတွေ
အသည်းစွဲချစ်မိတ်ဆွေ …. ဟာ
ဘယ်တော့များမှ ငါတို့ ပြန်ဆိုခွင့်ရကြမယ်။
ဒါနဲ့
စစ်ကြီးပြီးခဲ့တယ်ဆိုတာကရော
တကယ်ပဲလားဗျာ။

စံညိမ်းဦး
၁၅၁၂၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts