မေငြိမ်း – ပုဂံအကြောင်း ပြောရအောင်ဆိုရင်..
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၈
(စာရေးသူဖေ့စ်ဘွတ်က ယူပါတယ်)
ပုဂံအကြောင်းရေးမယ်ဆို ဆရာကျောင်း(မျိုးဆွေသန်း)လို စနစ်တကျ လှလှပပ မရေးနိုင်တာကြောင့် ရေးဖို့ ဘယ်တော့မှ မကြိုးစားဖြစ်ခဲ့ဘူး။ ပုဂံအကြောင်း စဉ်းစားလိုက်ရင် ပုဂံရဲ့ အနုပညာကိုပဲ သတိရချင်တယ်.. သဗ္ဗညု ရင်ပြင်ပေါ်က လှမ်းကြည့်ရတဲ့ နေဝင်ချိန်ကိုပဲ သတိရချင်တယ်.. မနက်ခင်းတွေမှာ မြူတွေဆိုင်း နေတဲ့ကြားက ဟိုဟိုဒီဒီ သွားနေတဲ့ မြင်းလှည်း နွားလှည်း တွေ သိုးတွေ ဆိတ်တွေ နဲ့ လူသူလေးပါး နဲ့.. မီးခိုးငွေ့ တအူအူတွေ… သဘာဝ မြက်ရိုင်းလွင်ပြင်တွေ .. သစ်ပင် ထန်းပင် ထနောင်းပင်တွေ ဝေဝေဆာဆာနဲ့ ၁၉၈၈ မတိုင်ခင်က ပုဂံကိုပဲ သတိရချင်တယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းဘုရားပုထိုးတွေနဲ့ ကပ်လျက်မှာ အခန့်သားနေရာယူလာတဲ့ တိုက်တာ အဆောက်အဦးတွေ၊ ဟိုတယ်တွေနဲ့ တန်ဖိုးကျလာတဲ့ ဒီဘက်ခေတ်ပုဂံကိုတော့ သတိမရချင်။ ဘုရားတွေ ပုထိုးတွေကိုပဲ ကွက်ကွက်ကလေး ငေးပြီး အတွေးထဲမှာ ပွေ့ထား ဝှက်ထားလိုက်ချင်တာပဲ။ ပုဂံရဲ့ နာကျင် နေရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို မသိချင် မကြားချင်တော့။ ကိုယ်ကျတော့ တစ်ပြည်တစ်ရွာသွားနေပြီး ပုဂံကို နှမျောတယ် ပြောနေသေးတယ်လို့ စကားတင်းဆိုချင်သူတွေကိုတော့ ပုဂံဆိုတာ မြန်မာပြည်ကပဲ ပိုင်တယ်.. မန္တလေးတိုင်းကပဲ ပိုင်တယ်.. မကွေးတိုင်းကပဲ ပိုင်တယ် လို့ ခံစားနေတာလောက်နဲ့ကို သနားပါရဲ့။ ပုဂံဆိုတာ လူ့သမိုင်းတစ်ခု .. ယဉ်ကျေးမှုသမိုင်းတစ်ခု .. ဗိသုကာအနုပညာသမိုင်းတစ်ခု.. လူမှုအဆင့်အတန်း သမိုင်းတစ်ခု .. ဒါကြောင့် လူသားအားလုံးနဲ့ ဆိုင်ပြီး လူသားအားလုံးက လေးစားဦးညွတ်ရမယ့်နေရာ ဆိုတာလောက်မှ မသိသူတွေအတွက် တုံ့ပြန်စရာ စကားမရှိပါ။
++++++
ပုဂံအကြောင်းပြောလည်း ကျမအဖေအကြောင်းက ပါရဦးမှာပါပဲ။ ငယ်ငယ်ကတည်းက အဖေနဲ့ ပုဂံသွားတဲ့အခါ ပြောဖူးသမျှမှာ ပုဂံသမိုင်း နဲ့အတူ ပါလေ့ရှိတာက ပုဂံကို လူလိုနားလည်ရင် ဘယ်လို တန်ဖိုးထားကြတယ် ဆိုတာပါ။ အဖေပြောတဲ့အထဲမှာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ် တပ်တွေ မြန်မာပြည်ကို ဗုံးကျဲမယ် ဆိုတာမှာ အဲဒီတုန်းက အရှေ့တောင်အာရှဆိုင်ရာ စစ်ရေးချုပ် Lord Mountbatten က မန္တလေး နဲ့ ပုဂံဟာတော့ဖြင့် ယဉ်ကျေးမှုအမွေအနှစ်တွေရှိတာကြောင့် မဖျက်ဆီးသင့်ကြောင်း ဗြိတိန်ဘုရင်မကို တင်ပြခဲ့လို့ ဗုံးဒဏ်က လွတ်ခဲ့တယ်ဆိုတာလည်း ပါပါတယ်။ ဒါက ဆရာကြီး ဒေါက်တာသန်းထွန်းရေးခဲ့တဲ့အထဲမှာ ပါတဲ့ အချက်အလက်လို့ သိရပါတယ်။ လူမျိုးခြားတောင်မှ ဒါဟာ လူသားမျိုးနွယ်တစ်ခုရဲ့ ဂုဏ်ယူထိန်းသိမ်းစရာ အရေးကြီးတဲ့ သမိုင်းကြောင်းတစ်ခုလို့ နားလည်ခဲ့လို့ အထင်ကရအဖြစ် ကျန်ခဲ့ရတဲ့ ပုဂံပါ။ ခုတော့ ပုဂံကို ဘယ်သူတွေ ဖျက်နေသလဲဆိုရင်…။
ပုဂံကို ကိုယ့်ကိုယ်ပိုင်မြေလို လက်ညှိုးထိုးရောင်းနေတာတွေ.. သမိုင်းတန်ဖိုးကို နားမလည်သမျှ မျက်မွှေးတစ်ဆုံးပဲ ကြည့်ပြီး လက်လွတ်စပယ်ဆုံးဖြတ်နေတာတွေဟာ ကျမတို့ရဲ့ သွေးသားရင်းချာတွေပါပဲ.. ကျမတို့ ပြည်သူတွေ ယုံကြည်လို့ အာဏာလွှဲအပ်ခဲ့တဲ့ အုပ်ချုပ်သူတွေပါ ပါနေပါပြီ။ အရင်ကတော့ စစ်အစိုးရမို့ ယဉ်ကျေးမှုတန်ဖိုး အနုပညာ တန်ဖိုး နားမလည်နိုင်သူတွေလို့ အပြစ်တင်ခဲ့သမျှ .. ခုတော့ ဘယ်လို ပြောကြမလဲ။ စစ်အစိုးရ လက်ထက်တုန်း ကတောင် ဟိုတယ်နဲ့ခရီး စစ်ဝန်ကြီးတစ်ယောက်ကတောင် ပုဂံမှာ ဟိုတယ်တွေ ဥဒဟို မဆောက်ဖို့ နဲ့ ဘုရား ပုထိုး နဲ့ အနီးဆုံးနေရာတွေကို မထိပါးရ လို့ ကာကွယ်ခဲ့သေးတာပါ။ ခုတော့ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ UNESCO က ပုဂံကို ကမ္ဘာသိ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စောင့်ရှောက်ချင်တာတောင် သူတို့ ကြိုက်သလို ချယ်လှယ်ခွင့်မရမှာ ပူတဲ့သူတွေက မလိုမလားဖြစ်နေကြတာ တွေ့နေရတာ။ ဒါတင်ပဲလား.. အနု အာနန္ဒာ – ထု ဓမ္မရံ – အမြင့်မှာ သဗ္ဗညု လို့ ကျမတို့ ဂုဏ်လုပ်လုပ်ပြီး ပြောနေ ကြွားနေရတဲ့ သဗ္ဗညု ဘုရားကိုလည်း တရုတ်က ပြင်မယ်လို့ဆိုပြီး ဝင်းတွေခတ် ပိတ်ပစ်လိုက်တာ.. သူတို့ ဘာလုပ်မယ်ဆိုတာလည်း ဘယ်သူမှ သိခွင့်မရ။ ကျမတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝသယံဇာတ တွေအပြင် သမိုင်းအမွေအနှစ်ကိုပါ တရုတ်က တစတစ သိမ်းပိုက်နေခဲ့တာ.. ခု ပုဂံပါ ပါပြီ။ ဒါကို တားဖို့ရယ်လို့ ဘယ်သူမှ မတတ်နိုင်ပါဘူး… တဲ့။
+++++
ပုဂံလို့ ပြောလိုက်ရင် .. ပုဂံလို့ ဓာတ်ပုံတွေ ပြလိုက်ရင်.. ပုဂံဆိုတာ အေဒီ ၁၁ ရာစုကတည်းက စာပေ ယဉ်ကျေးမှု ကိုးကွယ်ယုံကြည်မှု နဲ့ အနုပညာအဆင့်အတန်းတွေ မြင့်နေပြီ လို့ ပြောလိုက်ရင်.. ကြားသူတိုင်း လေးစားရတဲ့ သမိုင်းပါ။ အင်တာနက်မှာ Google ခေါက်လိုက်ရင် ပုဂံနဲ့ ပတ်သက်တဲ့ Database ကောင်းကောင်းမရှိသေးပေမဲ့ ဓာတ်ပုံတွေပြပြီး Wikipedia မှာ ပါတဲ့ အချက်လောက်လေးနဲ့တောင် ပုဂံကို နိုင်ငံခြားသားတွေက လေးစားရကောင်းမှန်း သိပြီ။ မြန်မာနဲ့အနီးဆုံး ထိုင်းနိုင်ငံက သူတို့ အယုဒ္ဓယမှာ အေဒီ၁၆ ရာစုလောက်က အနုပညာ လက်ရာလေး အနည်းအကျဉ်းကို တရိုတသေနဲ့ တသသ ပြပြီး ခရီးသွား ဧည့်သည် တွေကို ဆွဲဆောင်နေရချိန်မှာ အေဒီ ၁၁ ရာစုလောက်က အနုပညာလက်ရာတွေကို တနင့်တပိုးပိုင်ဆိုင်ထားတဲ့ ပုဂံ ခမျာတော့ နည်းမျိုးစုံနဲ့အဖျက်ဆီးခံနေရတာ။ ခုတော့ ကိုယ့်လူတွေလက်ထက်မှာတောင် ပုဂံဟာ အနာကျင်ဆုံး ဝေဒနာ နဲ့ဆိုတော့ ဂျူလိယက်ဆီဇာပြောသလို “သြ .. ဘရုတပ်စ် .. မင်းလည်းပါသကိုး..” လို့သာ ညည်းတွားရတော့မှာပါ။ ပုဂံဟာ တကယ်ပဲ ပျက်သုဉ်းတော့မှာလား…
+++++
အနည်းဆုံးတော့ ပုဂံ လုံးလုံး မပျက်သေးခင်.. ကျမတတ်နိုင်တာလေး လုပ်ချင်တယ်။ ပုဂံ ဟာ ဒီလို ဂုဏ်လုပ် စရာ သမိုင်းရှိခဲ့တယ်။ ပုဂံကို ပိုင်ဆိုင်ခဲ့တဲ့ ယဉ်ကျေးမှုတန်ဖိုးမြင့်မားတဲ့ လူသားမျိုးနွယ်လည်း ဒီမြေမှာ ရှိခဲ့ တယ်။ လောလောဆယ် တို့မှာ သက်သေအထောက်အထားပြစရာ ဓာတ်ပုံတွေ.. မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်လို့ ကမ္ဘာသိအောင် ပြောပြချင်တယ်။ ဒါနဲ့ပဲ ပုဂံကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ပုဂံပြပွဲလေးလုပ်မယ်။ ကမ္ဘာ့နံပါတ်တစ်လို့ လူတွေ သတ်မှတ်လေ့ရှိတဲ့ အမေရိကန်ပြည် ရဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာမှ မြို့လယ်ခေါင် က အင်မတန်ခမ်းနားထည်ဝါတဲ့ Library Of Congress မှာ နိုင်ငံတကာက သံအမတ်တွေ သံတမန်တွေ သတင်းသမားတွေကို ဖိတ်ပြီးပြမယ်.. ပြောမယ်။ မဖြစ်ဖြစ်အောင် ကြိုးစားမယ်..။ ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့ငွေမှ မပါဘဲ ပုဂံရဲ့ တန်ဖိုးကို သိနားလည်သူတွေ ပုဂံကို ချစ်မြတ်နိုးသူတွေရဲ့ ပိုက်ဆံကို သုံးပြီး ခမ်းနားတဲ့ ပုဂံအကြောင်းကို တခမ်းတနား ပြောကြမယ်။ ဒါဟာ ပုဂံ ရဲ့ တန်ဖိုးကို တတ်နိုင်သလောက် ဦးညွှတ် ဂုဏ်ပြုတာပါပဲ။ ပုဂံရဲ့ အနာကျင်ဆုံး အချိန်မှာ ပုဂံကို တတ်နိုင်သလောက် ကူကယ်ချင်တာပါပဲ။
+++++
တကယ်တော့ ပြပွဲစီစဉ်တာ အချိန်သိပ်နည်းနေလို့ ပြပွဲအတွက် ကြိုးစားရတဲ့ ကျမ နဲ့ မစမ်းစမ်းတင် (ကဗျာဆရာမ) တို့ စိတ်ပူခဲ့ကြရတယ်။ ဝါရှင်တန်ဒီစီက ပြတိုက်ပြခန်းတွေဆိုတာ အနည်းဆုံး တစ်နှစ် ခြောက်လ ကြို ငှားမှ ရတာမျိုးမဟုတ်လား။ ခုက အချိန် ၄ လလောက်ပဲ ရှိတော့တာလေ။ ဒါပေမဲ့ မယုံနိုင်လောက်အောင်ဘဲ ပထမအဆင့်မှာကို ချောမွေ့ခဲ့ပါတယ်။ ပုဂံဟာ သူ့ဘုန်းသူ့ကံနဲ့လည်း ကူညီ ရုန်းထတယ်လို့ ကျမ နဲ့ ဆရာကျောင်းက ခံစားပါတယ်။ အဲလိုပဲ ပုဂံမှာ ကြီးမားတဲ့ သမိုင်းနဲ့အတူ သစ္စာတွေ ကျိန်စာတွေဟာလည်း အားကောင်းတယ်လို့ ကျမက ယုံသေးတာ။ ဒါကြောင့်ပဲ ပုဂံကို တမြတ်တနိုးထိန်းသူတွေရဲ့ စေတနာအား နဲ့ ပုဂံ ပြန်လည် ထူမတ်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
မေငြိမ်း
ဓာတ်ပုံ – မျိုးဆွေသန်း