သရော်စာ

အမ္ဗနဒီကျော်စွာ – စေတနာဗရပွဖြင့် ကြင်နာတတ်ကြလှသည် 

Art+Plug

 

အမ္ဗနဒီကျော်စွာ – စေတနာဗရပွဖြင့် ကြင်နာတတ်ကြလှသည်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၈
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာနများမှ အစိုးရဝန်ထမ်းများ တွေးခေါ်မျှော်မြင်မှု စေတနာထားကြင်နာသနားတတ်လွန်းမှု နှင့် ကိုယ်ချင်းစာတရားအင်အားကြီးမြတ်လှသည့် အကြောင်းခြင်းရာများကို အများပြည်သူတို့လည်း မုဒိတာပွားများနိုင်စေဖို့ရာ ကိုယ်တွေ့ဖြစ်ရပ်ကလေးများဖြင့် ကုသိုလ်ပွားနိုင်ကြစေရန် ကြံဖန်ကာ အစီရင်ခံတင်ပြ မျှဝေရပေတော့မည်တကား။

ကျွန်ပ်၏ ချစ်ခင်ရင်းနှီးရပါသော သက်ကြီးမိတ်ဆွေကြီးတစ်ဦးသည်ကား ယခင် ပုဂ္ဂလိကပိုင်ပုံနှိပ်တိုက်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့၏။၁၉၆၂တွင် ကြီးမြတ်လှစွာသော ဂရုဏာရှင်များက ပုဂ္ဂလိကပုံနှိပ်တိုက်များအားလုံးကို ပြည်သူပိုင် သိမ်းကာ ပြည်သူများခံစားရရှိစေရန်အလို့ငှာ ပြည်သူပိုင်လုပ်ငန်းများထူထောင်လိုက်သဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် သူ၏ ကိုယ်ပိုင်အချိန်များ ဘဝများ အသိပညာ အတတ်ပညာများ အားလုံးကို အနစ်နာခံပေးဆပ်ကာ လူပျို လူလွတ် ဘဝမှစကာ ပုဂ္ဂလိကဝန်ထမ်းသက် နှစ်ဆယ်ခန့် အစိုးရဝန်ထမ်းသက် နှစ်ဆယ်ကျော်ခန့်ဖြင့် နှစ်ပေါင်း လေးဆယ်ကျော် တာဝန်ထမ်းဆောင်ပြီးသကာလ ပင်စင်ရခဲ့လေသည်။

ပင်စင်ရပြီး ဖြစ်ပါသော်လည်း ပညာရှင်ပိုင်းနေရာဖြစ်သဖြင့် အခြားသော ပညာရှင် လူငယ်မျိုးဆက်သစ်များကို မျိုးဆက်ပွား ချန်ထားရစ်နိုင်စေရန်အလို့ငှာ အစိုးရမင်းများက ဆင့်ခေါ်ကာ ပင်စင်ရပြီးသော်လည်း လခများလည်း ထပ်ရစေရန် လူငယ်ပညာရှင်များကိုလည်း ကူညီပံ့ပိုးထောက်ပံ့ပေးနိုင်စေရန် နိုင်ငံတော်လုပ်ငန်းများလည်း အလွယ်တကူ အောင်မြင်စွာပြီးမြောက်နိုင်စေရန် အကြံကောင်းများဖြင့် ၂နှစ်ကျော်ထပ်မံ တာဝန်ထမ်းဆောင်ခိုင်းခြင်းဖြင့် ဂုဏ်ပြုခံရသူ မဟာလူသားတစ်ဦးပင်ဖြစ်လေသည်။

ထိုကဲ့သို့ ပင်စင်ရပြီး နောက်၂နှစ်မှစကာ ပြန်ကြားရေးဝန်ကြီးဌာန ရန်ကုန်ရုံးချုပ်သို့ ပင်စင်စာအုပ်ထပ်ချိန်တစ်ခါ ပင်စင်ထုတ်ချိန်တစ်ခါ လစဉ်လတိုင်း တစ်လလျှင်၂ကြိမ် သွားရသောတာဝန်ကြီးကို ရရှိလာလေသည်။အစိုးရဝန်ထမ်းများ ၏ လုပ်ရိုးလုပ်စဉ် လုပ်ထုံးလုပ်နည်းများမှာကား အံ့သြစရာကောင်းလောက်အောင် ပညာသားပါလှသည်။ပင်စင်စား သက်ကြီးရွယ်အို အဖိုးအဖွားများမှာ ပင်စင်စားဖြစ်ပြီဆိုကတည်းက အသက်အားဖြင့် ၆၀ဖြစ်ကြပြီး အလုပ်နှင့်လက် မပြတ်အောင် လုပ်နေကိုင်နေတတ်ကြသူများဖြစ်သဖြင့် ပင်စင်ရသွားကြသောအခါ အလုပ်လုပ်ချင်သောစိတ် အလုပ်မရှိ၍ ဟာနေသောကွက်လပ်ကို ဖြည့်စည်းလိုစိတ် အသားမကျသောအခြေအနေ မနေတတ်မထိုင်တတ်သလို ခံစားရခြင်းများ အများအားဖြင့် ဖြစ်တတ်သည်။ထိုပြဿနာကို ပင်စင်စာအုပ်ထပ်ခြင်း ပင်စင်လစာထုတ်ယူစေခြင်းဖြင့် ဖြေရှင်းပြီးသား ဖြစ်သွားလေသည်မှာကား အံ့သြစရာပင်မဟုတ်ပါလား။

လစဉ် လစဉ် ကိုယ်တိုင်ကိုယ်ကျ ပင်စင်စာအုပ်များထပ်ရခြင်း ပင်စင်လစာများ ထုတ်ယူရခြင်းကြောင့် အဘိုးအဘွားများ ကျန်းမာရေးကောင်းသေးသည်ကို မျက်မြင်ကိုယ်တွေ့ သိရှိရခြင်း လူစားလာထုတ်၍ခက်ခဲသောကြောင့် နိုင်ငံတော်ဝန်ထမ်းကောင်းများ၏ ပင်စင်လစာများကို မသမာသူများက လိမ်လည် ထုတ်ယူ၍ မရနိုင်ခြင်း အဘိုးအဘွားများ၏ ပျင်းရိနေသောဘဝကို တစ်လ၂ကြိမ် ရုံးသို့လာစေခြင်းဖြင့် အပျင်းပြေစေသည်။ တစ်လ၂ကြိမ် မဖြစ်မနေ အပြင်ထွက်ရခြင်းကြောင့် နိုင်ငံတော်၏ အပြောင်းအလဲများကို တိုက်ရိုက် ထိတွေ့ခံစားစေခြင်း လမ်းလျှောက်ဖြစ်အောင် တွန်းအားပေးပြီးသားဖြစ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်အောင် လမ်းလျှောက်ဖြစ်ခြင်း လိုင်းကားတိုးစီးခြင်း မြို့ထဲလမ်းထဲ အလည်အပတ်ရောက်ဖြစ်စေခြင်း အစိုးရဝန်ထမ်းအသစ်များဖြင့် ခင်မင်ရင်းနှီးစေခြင်း လေကောင်းလေသန့်ရှုရှိုက်ဖြစ်စေခြင်း ပင်စင်လစာထုတ်ယူစဉ်မှာလည်း အချိန်ကြာကြာဆွဲပေးထားခြင်းဖြင့် မိတ်ဟောင်း ဆွေဟောင်းများနှင့် တွေ့ဆုံကာ အတိတ်အကြောင်းများ လုပ်ငန်းကိုင်ငန်းအကြောင်းများ သာရေးနာရေးအကြောင်းများ သားရေးသမီးရေးကိစ္စများ နိုင်ငံရေးတိုးတက်ပုံအကြောင်းများ စသည်ဖြင့် များစွာတို့ကို မိတ်ဟောင်း မိတ်သစ်များနှင့်အတူ စကားပြောဖြစ်စေပြန်သည်လေ။၂၀၁၆ခုနှစ် ရောက်သောအခါ အဘိုးအဘွားများ လာနေကျရုံးဌာနများမှာ ငြီးငွေ့သွားပြီဖြစ်သဖြင့် နေရာအသစ်အဆန်း ဖြစ်စေရန် မြန်မာ့စီးပွားရေးဘဏ်များသို့ပြောင်းလည်း ထုတ်ယူကြပါရန် ညွှန်ကြားလာပြန်တော့ အဘိုးအဘွားများမှာ ပျော်ရွှင်ကြရပြန်၏။ နေရာအသစ် ဘဏ်ဝန်ထမ်းအသစ် မိတ်ဆွေအသစ်များဖြင့် တွေ့ကြ ဆုံကြရပြန်သည်။ ပတ်စပို့ဓါတ်ပုံ အသစ်များ ရိုက်ကြရ စာရွက်စာတမ်းအသစ်များရေးကြရသောကြောင့် အတွေ့အကြံအသစ်များရရှိသည့်အပြင် သားသမီး မြေးမြစ်များအတွက် အမှတ်တရဓါတ်ပုံများပါ ရိုက်ပေးပြီးဖြစ်နေလေပြန်သည်။အလွန်တော်သော အစိုးရဝန်ထမ်းများ ပါတကား တစ်ချက်ခုတ်ပြီး အချက်ပေါင်းများစွာ ပြတ်သောအကြံအစည်များပါတကား။

ယခု ၂၀၁၈တွင်လည်း အဘိုးအဘွားများကို ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်စေရန် ခေတ်ရေစီးကြောင်းကို အပြေးတစ်ပိုင်းလိုက်စရာမလိုပဲ အေးငြိမ့်ညင်သာစွာ လိုက်ပါစေနိုင်ရန် အီးပင်စင်ကဒ်များ လုပ်ပေးပြန်လေပြီ။ အီးပင်စင်ကဒ် ထုတ်ပေးခြင်းက တစ်ခုတော့မကောင်းပေ။ပင်စင်စာအုပ်ကို တင်စရာမလိုတော့သဖြင့် အဘိုးအဘွားများ အိမ်အပြင်ထွက်ခွင့်ကြီး ဆုံးရှုံးရလေသည်။သို့သော် ကံကောင်းသည်ကတော့ wave moneyများ true moneyများ mobil bankingများ ATM Bank Cardများဖြင့် အလွယ်တကူထုတ်ယူ၍မရခြင်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း မရှိသောကြောင့် အဘိုးအဘွားများသည် အိမ်ကိုလှည့်ပတ်ကာ တစ်လတစ်ကြိမ် အိမ်အပြင်ထွက်ကာ လျှောက်လည်ခွင့် လမ်းလျှောက်ခွင့် ပြည်တွင်းပြည်ပအခြေအနေ နိုင်ငံရေးအခြေအနေ ဈေးကွက်စီးပွားရေးအခြေအနေများကို ဆက်လက် လေ့လာခွင့်ကတော့ဖြင့် ရှိနေသေးသည်။

ထိုမိတ်ဆွေကြီးများ၏ ပင်စင်လစာများထုတ်ယူလျှင် လိုက်လိုက်သွားတတ်သော ကျွန်တော်သည် ဘဏ်များသို့ ရောက်သောအခါတွင် အစိုးရဝန်ထမ်းများကို ပိုမိုကာ အံ့သြခြင်း မှင်သက်ခြင်း လေးစားခြင်း ဂုဏ်ယူခြင်း စသည်ဖြင့် အလွန့်အလွန်ပင် အားကိုးမြတ်နိုးပြီး တန်ဖိုးထား လေးစားအားကျရပြန်လေသည်။ဟော ကြည့် ရှေးဟောင်း အဆောက်အဦများအဖြစ် မှတ်တမ်းဝင်စေရန် ကြိုးပမ်းထားကြပုံများကို မျက်ဝါးထင်ထင် မြင်တွေ့ရပြန်လေသည်။

 ရှေးဟောင်းအဆောက်အဦးမှန်းသိသာစေရန် ဆေးမသုတ်ပဲထားခြင်း သန့်ရှင်းရေးမလုပ်ပဲထားခြင်း ကြပ်ခိုးများ တက်စေရန် အနှစ်နှစ်အလလ သန့်ရှင်းရေးလုပ်ချင်သောစိတ်များကို အောင့်အည်းသည်းခံကာ ညစ်နွမ်း ဟောင်းနွမ်း နေသည့် ဒီဇိုင်းကိုရရှိသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနိုင်ကြသော စိတ်ဓါတ်ပိုင်ရှင်များကိုလည်း လေးစား အားကျမိရပြန်သည်။
ထိုတစ်မျိုးတည်းမဟုတ်သေးပေ အစိုးရဝန်ထမ်းကောင်းများဖြစ်သည့်အားလျော်စွာ အခွင့်အရေး နှင့် တာဝန်ဝတ္တရားတွင် တာဝန်ဝတ္တရားကျေပွန်အောင် အစွမ်းကုန်ဆောင်ရွက်ခဲ့ကြပါသော်လည်း အခွင့်အရေးကိုတော့ လားလားမျှပင် မတောင်းဆိုကြ မယူကြပုံရသည်။မြန့်မာစီးပွားရေးကြီးကို ထိန်းချုပ်လုပ်ကိုင်နေသည့် စီးပွားရေးဘဏ်တိုက် ကြီးပင်ဖြစ်လင့်ကစား ဝန်ထမ်းတိုင်းသည် ကွန်ပြူတာများ အင်တာနက်များ ဝိုင်ဖိုင်အသုံးပြုခွင့်များ တောင်းရမ်းကြပုံမပေါ် ဌာနတစ်ခုလုံးတွင်မှ ကွန်ပြူတာတစ်လုံးလောက်ဖြင့် ဝန်ထမ်းအများစုက အလှည့်ကျဖြင့် နားလည်မှုရှိစွာ တန်းစီ စောင့်ဆိုင်း အသုံးပြုနေကြသည်ကိုတွေ့ရခြင်းအားဖြင့် နိုင်ငံတော်အတွက် ကုန်ကျစရိတ်များမည်စိုးသဖြင့် ခြိုးခြံချွေတာကာ အနစ်နာခံတတ်ကြသော ဝန်ထမ်းကောင်းများကို လေးစားရပြန်လေသည်။ထိုကဲ့သို့ အလိုက်သိသော တော်သော တတ်သော ဝန်ကြီးဌာနများ ဝန်ထမ်းကောင်းများရှိသောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် ကွန်ပြူတာများဝယ်ယူရခြင်း အင်တာနက်အွန်လိုင်းကွန်ယက်ကြိုးများတပ်ဆင်ပေးရခြင်း ဝိုင်ဖိုင် နက်ဝပ် ဆစ်စတန်များ တပ်ဆင်ပေးရခြင်း သန့်ရှင်းရေးလုပ်ရန် ဆပ်ပြာမှုန့်များ တံမြက်စည်း အနု အကြမ်းများ ဂေါ်ပြားများ သန့်ရှင်းရေးဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်လျှင် အသုံးပြုရမည်ဖြစ်သော စရိတ်စကများ စသည်ဖြင့် နိုင်ငံတော်၏ စရိတ်များစွာကို သက်သာစေလေသည်မှာကား အမှန်ပင်ဖြစ်လေသည် ဖြစ်သောကြောင့် တစ်သက်တာ ဝန်ထမ်းကောင်းဆုကြီးများချီးမြှင့်မြှောက်စားပေးသင့်သည်အထိ အမျှော်အမြင် အလွန်အင်မတန်မှ ကြီးမြင့်ပြီး နိုင်ငံတော်အတွက် အဖိုးအဖြတ်နိုင်သော ဝန်ကြီးဌာနများနှင့် ဝန်ထမ်းကောင်းများအဖြစ် မြတ်နိုးတန်ဖိုးထားကာ လေးစား အားကျမိရလေတော့သည်တကား။

အမ္ဗနဒီကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts