နိုင်ငံတကာရေးရာ

Twitter CEO မြန်မာပြည်တွင် ၀ိပဿနာ ၁၀ ရက်စခန်းဝင်ခဲ့

 

Twitter CEO မြန်မာပြည်တွင် ၀ိပဿနာ ၁၀ ရက်စခန်းဝင်ခဲ့
ဆွေဝင်း/Myanmar Now

(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၈နာမည်ကျော် အင်တာနက်လှုမှုကွန်ယက်တစ်ခုဖြစ်တဲ့ Twitter (တွစ်တာ) ကုမ္ဗဏီရဲ. အလုပ်အမှုဆောင်ဖြစ်သူ အမေရိကန်နိုင်ငံသား Jack Dorsey ဟာ လွန်ခဲ့တဲ့လက မြန်မာပြည်ကိုလာရောက်ပြီး ၀ိပဿနာ ၁၀ ရက်တရားပတ်တစ်ခုကို ၀င်ရောက်အားထုတ်ခဲ့တယ်လို့ သူကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ဒီနှစ်မှာကျရောက်တဲ့ ကျွန်တော့်ရဲ.မွေးနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဆိတ်ဆိတ်နေပြီး အားထုတ်ရတဲ့ ၀ိပဿနာ ၁၀ ရက်တရားပတ်တစ်ခုကိုဝင်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ မြန်မာပြည်ပြင်ဦးလွင်မှာပေါ့ဟု” သူက တွစ်တာပေါ်မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

အသက် ၄၂ ရှိပြီဖြစ်တဲ့ ဂျက်ဟာ မြန်မာပြည်ဖွား ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ကာရဲ. အမေရိကန်နိုင်ငံမှာရှိတဲ့ တရားရိပ်သာတစ်ခုမှာ ပြီးခဲ့တဲ့နှစ်က ၁၀ ရက်တရားပတ်တစ်ခုကို သူ့ဘ၀မှာ ပထမဆုံးအကြိမ် ၀င်ရောက်ခဲ့ပြီး၊ ဒုတိယအကြိမ်ကို မြန်မာပြည်မှာ လာရောက်အားထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သူတရားစခန်းထွက်လာချိန်မှာ ဘ၀ဟာအသစ်တစ်ဖန် ပြန်မွေးဖွားလိုက်သလိုပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ ခုတစ်ခါတရားစခန်းက ထွက်လာချိန်မှာတော့ ၀ိပဿနာတရားအားထုတ်ရခြင်းရဲ. အကျိုးကျေးဇူးတွေကို သူဟာတွစ်တာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အဆက်မပြတ်ရေးသားလိုက်ပါတယ်။

“၀ိပဿနာဆိုတာ ကိုယ့်အကြောင်းကိုသိဖို့ ကျင့်ရတဲ့နည်းတစ်ခုဖြစ်ပါတယ်။ အရာအားလုံးကို သိရှိနားလည်ဖို့ အတွင်းအဇ္ဈတ္တသဘောကို နားလည်ခြင်းပါ။ ဒုက္ခကို ငါဘယ်လိုရပ်တန့်ရမလဲဆိုတဲ့ မေးခွန်းရဲ. အဖြေကိုရှာဖို့ ကိုယ်တိုင်အင်မတန်ပြင်းထန်တဲ့ သိပ္ဗံနည်းကျစမ်းသပ်မှုတွေလုပ်ပြီး ဒီနည်းနာနိဿရကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဂေါတမဗုဒ္ဓ စူးစမ်းရာဖွေတွေ.ရှိခဲ့တာဖြစ်ပါတယ်” လို့ ဒီဇင်ဘာ ၉ ရက်နေ့က သူရဲ.တွစ်တာအကောင့်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နောက်ပြီးသူက “၀ိပဿနာရဲ.အဓိကရည်မှန်းချက်ကတော့ စိတ်ရဲ.အနက်ရှိုင်းဆုံးပိုင်းကို ထွင်းဖောက်ပြီး စိတ်ကိုပြုပြင်တာပဲဖြစ်တယ်။ ခံစားရမျှအကောင်းအဆိုး၊ ဝေဒနာတွေအားလုံးကို အဆက်မပြတ် တုံ့ပြန်နေမယ့်အစား ဒုက္ခတွေအားလုံးလဲ အနိစ္စ..မမြဲဘူး၊ သုခတွေအားလုံးလဲ အနိစ္စ…မမြဲဘူး။ ဝေဒနာတွေအားလုံး အဆုံးမှာတော့ ပြိုကွဲပျက်စီးသွားတာကို သတိနဲ့သိနေရုံပါပဲ” လို့လည်း သူ့ရဲ. အတွေ.အကြုံကိုရေးသားခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်ညနေကနေ နိုဝင်ဘာ ၃၀ ရက်မနက်ထိ သူတရားအားထုတ်ခဲ့တဲ့ တရားစခန်းဟာ ဆရာကြီး ဦးဂိုအင်ကာရဲ. ၀ိပဿနာရိပ်သာခွဲတစ်ခုဖြစ်တဲ့ ပြင်ဦးလွင်မြို.မှာရှိတဲ့ ဓမ္မမဟိမာဝိပဿနာရိပ်သာဖြစ်ပါတယ်။

တရားရိပ်သာမှာ မနက် ၄ နာရီအိပ်ရာထရပြီး ည ၉ နာရီထိ အဆက်မပြတ်တရားကို ပြင်းထန်စွာအားထုတ်ရကြောင်း၊ စားချိန်သောက်ချိန်တွေ၊ အနားယူချိန်တွေပေးထားပြီး သူနေထိုင်ရတဲ့ အခန်းလေးဟာ ဘာအဆောင်အယောင်မပါတဲ့ သာမာန်အခန်း ငယ်လေးတစ်ခုဖြစ်ကြောင်း၊ ဦးဂိုအင်ကာရဲ.ကမ္ဘာအနှံ့ရိပ်သာအားလုံးမှာလိုပဲ တရားပတ်စတာနဲ့ ဖုံး၊ကွန်ပြူတာဘာမှသုံးခွင့်မရှိ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ရ၊ စာရေးစာဖတ်မလုပ်ရ၊ သီချင်းနားမထောင်ရ၊ မူးယစ်စေတဲ့ဘာပစ္စည်းမှမသုံးစွဲရ၊ အသားမစားရ၊ စကားမပြောရ၊ ကိုယ်သုံးစွဲစားသုံးရသမျှအားလုံးဟာ သူများဒါနပြုလှုတန်းထားတွေပဲ၊ အားလုံးအခမဲ့ပါပဲ လို့ဂျက်ဒေါ်စီက ဆိုပါတယ်။

တရားပတ်စတဲ့ ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ဟာ သူ့အတွက် အားထုတ်ရတာအဆင်ပြေဆုံးဖြစ်ကြောင်း၊ ဘာအတွေးတစ်မျှင်မှမရှိဘဲ တစ်နာရီကျော်တောင် ၀င်လေထွက်လေကို ရှုမှတ်နိုင်ခဲ့ကြောင်း၊ ခြောက်ရက်မြောက်နေ့မှာတော့ အအေးမိလို့ ထိုင်ရတာ အဆင်မပြေဆုံးနေ့ပဲဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

“တရားအားထုတ်နည်းအများစုက ၀င်လေထွက်လေကိုမှတ်ရှုပြီး သမာဓိထူထောင်ဖို့ပါပဲ။ ဒါဟာဂေါတမရဲ. ပန်းတိုင်တော့မဟုတ်ပါဘူး။ ဂေါတမရဲ. ဆန္ဒကတော့ ဝေဒနာတွေကိုတိုက်ရိုက် ရှုမှတ်ပြီး ဒုက္ခကိုမုန်းတီးခြင်း ဒေါသ၊ သုခကိုတွယ်တာခြင်းလောဘတွေကို အမြစ်ဖြတ်ဖို့ပါပဲ။ သူ့သီအိုရီကတော့ တပ်မက်မှုတဏှာကိုဖြတ်ပြီး ဒုက္ခကိုအမြစ်ဖြတ်သုတ်သင်ခြင်းပါပဲ”လို့လဲ ဂျက်ဒေါ်စီက ဆိုပါတယ်။

ဦးဂိုအင်ကာရဲ. တရားရိပ်သာတွေမှာ စတင်ဝင်ရောက်အားထုတ်သူတိုင်း အနည်းဆုံး ၁၀ ရက်အားထုတ်ရပြီး ပထမရက်သုံးရက်မှာ ၀င်လေထွက်လေကိုရှုမှတ်ပြီး သမာဓိထူထောင်တဲ့ အာနာပါနနည်းကိုအားထုတ်ရပါတယ်။ နောက်ပိုင်း ခုနှစ်ရက်မှာတော့ ရရှိလာတဲ့သမာဓိကိုအသုံးပြုပြီး ခန္ဓာကိုယ်အနှံ့ခံစားရသမျှ ဝေဒနာတွေအားလုံးကို ရှုမှတ်တဲ့ ဝေဒနာဝိပဿနာနည်းကိုအသုံးပြုပါတယ်။

ဝိပဿနာတရားဟာ သူ့အတွက်ရော၊ သူ့အလုပ်အတွက်ရော အလွန်အကျိုးကျေးဇူးများကြောင်း နှစ်စဉ် ၀ိပဿနာ ၁၀ ရက်တရားပတ်ကို ၀င်ရောက်မှာဖြစ်ကြောင်း၊ ရက်ရှည်တရားပတ်တွေကိုလည်း ၀င်ရောက်ဖို့ကြိုးစားသွားမှာဖြစ်ကြောင်း ဂျက်ကဆိုပါတယ်။

ဂျက်တရားအားထုတ်ခဲ့တဲ့ ၀ိပဿနာနည်းဟာ နာမည်ကျော် လယ်တီဆရာတော်ဘုရားကြီးရဲ.နည်းဖြစ်ပြီး၊ ဒီနည်းကို ဆရာတော်ကြီးရဲ.တပည့် ဒလမြို.နယ်ပျော်ဘွယ်ကြီးကျေးရွာက အနာဂာမ်ဆရာသက်ကြီးကတစ်ဆင့် သူ.ရဲ.တပည့်ဖြစ်တဲ့ ငွေစာရင်းမင်းကြီး ဦးဘခင်၊ ဦးဘခင်ရဲ.တပည့်ဖြစ်တဲ့ ဆရာကြီးဦးဂိုအင်ကာက နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရိပ်သာတွေဖွင့်လှစ်ပြီး လူမျိုးဘာသာပေါင်းစုံကို သင်ကြားပေးနေတဲ့နည်းဖြစ်ပါတယ်။

မြန်မာပြည်ရောက်တုန်းဂျက်ဟာ ရွှေတိဂုံဘုရား၊ ပျော်ဘွယ်ကြီးရွာက အနာဂါမ်ဆရာသက်ကြီးရဲ. တရားရိပ်သာ၊ ကျောက်ဆည်မြို.နယ်က ဝေဘူဆရာတော်ကြီးတရားအားထုတ်ခဲ့တဲ့ ဝေဘူချောင်ကဂူထဲကိုလည်း သွားရောက်ခဲ့ပါတယ်။ဒီလိုသူသွားခဲ့တဲ့ ခရီးသွားဓာတ်ပုံတွေလည်း သူရဲ.တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

မြန်မာပြည်ဟာ သိပ်ကိုလှပတဲ့တိုင်းပြည်ပဲ။ မြန်မာပြည်သားတွေဟာ သိပ်ကိုပျော်ရွှင်နေကြတယ်။ အစားအသောက်ကလည်း သိပ်ကိုကောင်းတာပဲ။ ကျွန်တော် ရန်ကုန်၊ မန္တလေး၊ ပုဂံမြို.တွေကိုသွားရောက်ခဲ့တယ်။ နေရာအနှံ့ဘုန်းကြီးကျောင်းတွေမှာ တရားထိုင်ခဲ့တယ်၊ မြန်မာပြည်ကိုသွားရောက်လည်ပတ်ကြပါ လို့လည်း သူ့တွစ်တာကို အမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေသူ လူပေါင်း ၄ သန်းလောက်ကို သူကတိုက်တွန်းထားပါတယ်။

ခုလိုသူရေးသားလိုက်တာကို တစ်ချို.တွစ်တာသုံးစွဲသူတွေကလည်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာပြည်ကို ခရီးသွားဖို့ တိုက်တွန်းလို့ဆိုပြီး ပြစ်တင်ဝေဖန်ရှုံ.ချကြပါတယ်။ လူပေါင်းသိန်းနဲ.ချီပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးစေခဲ့တဲ့ ရခိုင်ပဋိပက္ခဖြစ်စဉ်ကို မသိကျိုးကျွံပြုနေတာလားလို့ ဂျက်ကိုဝေဖန်ကြပေမယ့် ဂျက်ကတော့ ဒီဝေဖန်မှုတွေကို ဘာမှတုံ့ပြန်တာမရှိပါဘူး။

=====
ဂျက်တရားထုတ်ခဲ့တဲ့ ဆရာကြီးဦးဂိုအင်ကာ၏ ၀ိပဿနာရိပ်သာများ၏ အင်တာနက်စာမျက်နှာ https://www.dhamma.org/en/schedules/schjoti ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။

(ပုံစာ) ကျောက်ဆည်မြို.နယ် ဝေဘူချောင်ရှိ ဝေဘူဆရာတော်ကြီးတရားအားထုတ်ခဲ့သော လှိုင်ဂူထဲတွင် တရားထိုင်ခဲ့သော ဂျက်ဒေါ်စီ။ (ဓာတ်ပုံ။ Jack Dorsey/Twitter)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts