ကဗျာ

လင်းသက်ငြိမ် ● ရေဒီယိုတွေထဲ မပါတဲ့ရုပ်ရှင်

လင်းသက်ငြိမ် ● ရေဒီယိုတွေထဲ မပါတဲ့ရုပ်ရှင်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈

သတင်းတွေမကောင်းဘူး
နာရီသံတွေက တစ်နာရီထိုးတိုင်း တစ်ခါမြည်တယ်
ပေးစရာဆို ကိုယ့်ဖက်ကချည်းပဲ
ဘယ်တုန်းကများ ပေါ့ပေါးပါးပါး ရယ်မောခဲ့ရဖူးလို့လဲ
ခေတ်ကစနစ်က စနစ်ကခေတ်က
အဲ့ဒီဆဲရေးစရာတွေနဲ့ပဲ
တစ်နှစ်ပြီးတစ်နှစ် တစ်ခေတ်ပြီးတစ်ခေတ်
လူ့အဖြစ်ကို တန်ဖိုးထားရမလိုလို
လွင့်ပစ်လိုက်ရမလိုလိုတွေ
ဆရာဝန်တွေများလာတာနဲ့ လူနာတွေများလာစရာလိုလို့လား
မျှော်ခြင်းဟာ အခုထိ ရှည်လျားမည်းနက်ဆဲ
အဖြစ်အပျက်က အခုထိ နေ့လားညလားပဲ
မှောင်ပြီးရင်လင်းမယ် ဆိုလို့ အဟုတ်မှတ်နေတုန်း
ဝမ်းနည်းမှတ်တမ်းတွေပဲ တိုးတိုးလာ
လူတွေက မအကြတော့ဘူး
ထို့အတူ လည်လည်း မလည်ကြဘူး
အကောင်းကိုမျှော်ရင်း
အကောင်းတွေချည်း ထိုးပေးလိုက်ရတဲ့ နှစ်တွေ
အသစ်တွေ စစ်ဖို့ လိုအပ်နေတဲ့အချိန်
အကောင်း အဟောင်းတွေ နာဖျားပျောက်ရှ
ဆုတောင်းမပြည့်တဲ့အရပ်မှာ
ဆုတောင်းတွေပဲ လမ်းသလားနေကြပေါ့
သင်္ဘောကြီးမှောက်သွားတာကို
ကမ်းပေါ်ကငေးကြည့်နေရသလို
ဘာတစ်ခုမှ မတတ်နိုင်ပဲ အရာရာဟာ ကြေကွဲခြင်းထဲ
ကိုးဆယ့်ကိုးဒီဂရီ တိမ်းစောင်းလို့။

လင်းသက်ငြိမ်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts