ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ငြိမ်းချမ်းရေး ရယူပေးကြစေလိုသည်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇင်လင်း ● အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ငြိမ်းချမ်းရေး ရယူပေးကြစေလိုသည်
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂ဝ၁၈


လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးအခြေအနေသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး “တနိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)”  ကို လက်ခံကာ၊ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင် လာရေးအပေါ် မူတည်နေသည်ကို ယေဘုယျအားဖြင့် တွေ့ရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး NCA စာချုပ်ကို လက်ခံကာ၊  ၂၁ ရာစုပင်လုံ တတိယအကျော့ နိုင်ငံရေးဆွေးနွေးပွဲ များ တွင် ပါဝင်ကြရန် နှိုးဆော်နေသည်။ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေး ပွဲစင်မြင့်ကို အသုံးချ၍ မိမိတို့တိုင်းရင်းသား အခွင့် အရေးများကို ဆွေးနွေးရယူကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။ NCA သည် လမ်းဆုံး မဟုတ် ကြောင်း၊ NCA မှတဆင့် နိုင်ငံရေးဆွေးနွေးပွဲတံခါးကို ဖွင့်လှစ် လိုက်ခြင်း ဖြစ်ကြောင်း၊ NCA လမ်းကြောင်းတွင် မပါဝင်ဘဲ တဖွဲ့မျှ ကျန်ခဲ့လျှင်ပင် စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်ဖူးသည်။

တတိယအကြိမ် ပင်လုံအစည်းအဝေး နောက်ဆုံးရက်ဖြစ်သည့် ၂ဝ၁၈ ဇူလိုင် ၁၆ ရက်နေ့က NCA လက်မှတ်ရေးထိုး နိုင် ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေမည့် အလား အလာကောင်းများ ရရှိခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို EAOs အဖွဲ့အစည်း ကိုယ်စားလှယ်များသည် အစိုးရပိုင်း၊ တပ်မတော်ပိုင်းတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး လွတ်လပ်ပွင့်လင်းစွာ ရင်းရင်းနှီးနှီဆွေးနွေး ညှိနှိုင်းနိုင်ခဲ့သဖြင့် တတိယညီလာခံ၏ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ၂၁ ရာစုပင်လုံ တတိယညီလာခံတွင် NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် “ဝ” အဖွဲ့၊ ကေအိုင်အေ၊ ကိုးကန့်၊ မိုင်းလား၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရခိုင့်တပ်မတော်တို့မှ  အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်ကို သတင်းမှတ်တမ်းများအရ သိရသည်။

၎င်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရလဒ်ကောင်းများ ထွက်နိုင်ရန်အတွက် လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက် များရရှိဖို့ အရေးကြီးကြောင်းလည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ၆ ရက်ကြာကျင်းပခဲ့သော  ညီလာခံ အ စည်းအဝေးအပြီးတွင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍများမှ အချက် ၁၄ ချက်ကို ညီ လာခံနောက်ဆုံးနေ့၌ ပြည်ထောင်စုသဘောစာချုပ် အစိတ်အပိုင်း ၂ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂ဝ၁၇ ခုနှစ်က ကျင်းပခဲ့သော ဒုတိယအကြိမ် ပင်လုံညီလာခံတွင် သဘောတူညီချက် ၃၇ ချက် ရှိထားခဲ့သည်။ တတိယညီလာခံ၌ ၁၄ ချက် သဘောတူခဲ့သဖြင့် စုစုပေါင်း ၅၁ ချက် ရရှိထားသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကျော့တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးဟူ၍ ကဏ္ဍငါးရပ်ရှိသော်လည်း လုံခြုံရေးကဏ္ဍကို ဆွေးနွေး နိုင်ခြင်းမရှိဘဲ၊ ချန်လှပ်ထားခဲ့ရသည်။ အကြောင်းမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့ များ အကြား တစ်ခုတည်းသော တပ်မတော်ကိစ္စအပါအဝင် လုံခြုံရေးကဏ္ဍဆိုင်ရာ အချက်အချို့ ပြေလည်မှုမရရှိသေးသဖြင့် ဆွေးနွေး နိုင်ခြင်းမရှိကြောင်း မီဒီယာသတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်၂၁ ရာစုပင်လုံတွင် ဆွေးနွေးမှု မပြီးပြတ်သေးသောအချက်များကိုလည်း ဆက်လက်ဆွေးနွေးရန် သဘောတူထားခဲ့သည်ဟု ဆိုသည်။ ‘လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောတွေ့ဆုံပွဲ’ တွင်လည်း နှစ်ဖက် နားလည်မှု များကိုစုစည်း၍ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ‘DDR/SSR’ ခေါ် ‘လက်နက်ဖြုတ်သိမ်းရေး/တပ်ဖျက် သိမ်းရေး’ ဆိုင်ရာကိစ္စများအပါအဝင် ‘ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးဆိုင်ရာကိစ္စများ’ ကို တပ်မတော်နှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များအကြား နောက်ထပ် အလွတ်သဘောထပ်မံတွေ့ဆုံရန် သဘောတူခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြောင်း RFA သတင်းက ဖေါ်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးအတွက် ပထမဦးဆုံး ကြိုးပမ်းချက်မှာ ‘မိုင်ဂျာယန်အစည်းအဝေး’ ကို ခွင့်ပြုပေးခဲခြင်းဖြစ်သည်။၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ် မိုင်ဂျာယန်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ ၄ ရက်ကြာ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခွင့်ပေးခဲ့သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားသော တရုတ်နယ်စပ်အနီး ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ (Mai Ja Yang Muklum) တွင် ဇူလိုင် ၂၆-၂၉ တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး၏ မျက်နှာစုံညီအစည်းအဝေးသို့ EAOs ၂၁ ဖွဲ့ ဖိတ်ကြားခဲ့သည်။ ဇူလိုင် ၂၆ မှ ၂၉ လေးရက်ကြာပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး၏ မျက်နှာစုံညီ အစည်းအဝေးသို့  EAOs အဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) တို့က နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကောက်ရှန် (Mr.Sun Guoxiang) တို့လည်း တက် ရောက်ကြောင်း သိရသည်။ ထို့ပြင် အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ ငြိမ်းဖောင်ဒေးရှင်း၊ ပြည်ထောင်စု အင်စတီကျု Pyidaungsu Institute(PI) တို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ မိုင်ဂျာယန်အစည်းအဝေး အခင်းအကျင်း မှာ အလွန်အားရကျေနပ်ဖွယ် ဖြစ်ခဲ့သည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ပထမနေ့တွင် ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ၌  မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးကြီးမှ အားလုံး သဘောတူလက်ခံနိုင်မည့် ‘ဘုံသဘောထား ရပ်တည်ချက်များ’ ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယခု မျက်နှာစုံညီအစည်းအဝေးမှ သဘောတူညီချက်များကို မည်ကဲ့သို့  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဆိုသည်ကိုလည်း အားလုံးဝိုင်းဝန်းအကြံပြု ဆွေးနွေး စေလိုကြောင်း၊ ၎င်းအပြင် ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသားများအကြား အချင်းချင်း ခွဲခြားမ နေပဲ ငြိမ်းချမ်းရေးအတွက် စုစည်းအဖြေရှာရန် တိုက်တွန်းခဲ့သည်။

“အပစ်ရပ်၊ အပစ်မရပ်အဖွဲ့ဆိုတဲ့ ကန့်သတ်ချက်တွေဟာ မိမိတို့တိုင်းရင်းသားတွေကြားမှာ မရှိသင့်ပါဘူး။ ဒီဆွေးနွေးပွဲ တလျှောက် အဖွဲ့အစည်းတခုနဲ့တခုအကြား၊ လူမျိုးတခုနဲ့တခုအကြား သံသယနဲ့ အမုန်းတရားတွေ ပွားများစေပြီး ယုံကြည်မှု နဲ့ စုစည်းညီညွှတ်မှုကို ကျဆင်းစေမယ့်အကြောင်းအရာတွေကိုလည်း ရှောင်ရှားကြဖို့ နှိုးဆော်လိုပါတယ်။” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။

မိုင်ဂျာယန် ဒုတိယနေ့အစည်းအဝေးတွင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံဆွေးနွေးမှုများရှိသော်လည်း တိုင်းရင်းသား များအနေဖြင့် ပြည်ထောင်စုမှခွဲထွက်မည့် အမြင်သဘောထားမရှိကြောင်း နိုင်ဟံသာ (UNFC) က ပြောကြားခဲ့ကြောင်း သိရ သည်။

“ခွဲထွက်မယ်ဆိုတဲ့ဟာကတော့ ဘယ်သူမှမပြောဘူး။ အဓိကအားဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ပဲနော်။ အဲဒီလိုမှမတည်ဆောက်ရင် လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အရပေါ့နော် ဗမာတွေကကြီးပဲ ကြီးစိုးပြီးမှ လွှမ်းမိုးပြီးမှ အားလုံးကို ချုပ်ကိုင်ထားတဲ့ပုံစံမျိုးကတော့ ဘယ်တိုင်းရင်းသား တွေ မှ လက်မခံနိုင်ကြဘူး။” ဟု နိုင်ဟံသာက ဗွီအိုအေသတင်းသို့ ထိုစဉ်က ပြောခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာတစ်ဆို့မှုကို အဖြေရှာရန် ၂ဝ၁၈ အောက်တိုဘာ ၁၅/၁၆ တွင် နေပြည်တော် ရွှေစံအိမ် ဟိုတယ်၌ ထိပ်သီးခေါင်းဆောင်များ ဆွေနွေးပွဲပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအပါအဝင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် တိုင် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့သော လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအ နေ၊ တပ်မတော်နှင့် အစိုးရတို့၏ အခန်းကဏ္ဍစသည်တို့ကို မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာအား ဟင်္သာ မီဒီယာက တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ခွဲထွက်ခွင့်ရှိတယ်။ မရှိဘူး ဘာမှပြောမနေနဲ့ အရင်ကရှိခဲ့တဲ့ ကတိကဝတ်တွေအတိုင်း ဆက်ထားလိုက် ဆွေးနွေးမနေနဲ့။ တဖက်က ဖက်ဒရယ်ဆိုတာ ပူးပေါင်းရေးပဲဖြစ်တယ်။ နောက်တခုက ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့တယ် ဗျ။ ခွဲမထွက်အောင် ဗမာတွေဘက်ကလည်း ကြိုးပမ်းရမယ့်အပိုင်းတွေ တာဝန်ရှိတယ်လို့ ပြောခဲ့တယ်။ အဲလိုမူအရ ပြန်ကြည့်မယ်ဆိုရင် သူဘက် ကိုယ့်ဘက် အဆင်ပြေအောင် ခွဲမထွက်ချင်အောင် ခွဲမထွက်အောင် နှစ်ဖက်စလုံးမှာ တာဝန် ရှိတယ်။ ဘယ်သူက ခွဲထွက်မလဲ။ ခွဲထွက်ရင် ဘာအကျိုးရှိလဲ အဲလိုအနေအထားမျိုးတွေ တွက်ကြည့်ရမယ်လေ။”

“တပ်မတော်ဘက်ကတော့ NCA ထိုးမှပဲ ပါဝင်ခွင့်ရှိမယ်ပြောတယ်။ တို့ဘက်ကလည်း တောင်းဆိုနေတယ်။ NCA ထိုးတာ မထိုးတာ အပထား။ ကျန်အဖွဲ့တွေအားလုံး မပါရင် တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး။ ပါဝင်လာအောင် လမ်းဖွင့် ပေးရမယ်။ တို့ကတော့ အဲလို ရပ်တည်နေတာပေါ့။” ဟု နိုင်ဟံသာက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက အားလုံးပါဝင်နိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချမှတ်ပေးထား သဖြင့် မြန်မာ့တပ်မတော်အနေဖြင့် အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် NLD အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း တရုတ်အစိုးရ အာဘော် Global Times သတင်းစာ၌  ဖေါ်ပြခဲ့ဖူးသည်။ မြန်မာ့တပ်မတော် အနေ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကျပ်ကိုင် ဖိအားပေးမည့်အစား၊ တိုင်းရင်းသား လူနည်းစုများ၏ ယုံကြည်မှုရ ရှိလာရေးအတွက် အားလုံးပါဝင်နိုင်ခွင့် အခြေအနေတရပ် စီစဉ်ချမှတ် ပေးသင့်သည်ဟု ၎င်းသတင်းစာက ထောက်ပြဖူးသည်။ သို့မှသာ မြန်မာပြည်မြောက်ပိုင်းအခြေအနေ တည်ငြိမ်အေးချမ်းလာမည် ဖြစ်ကြောင်း၊ အလားတူ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များကလည်း လက်တွေ့မကျသည့် နိုင်ငံရေး စစ်ရေးဆိုင်ရာ အခွင့်အာဏာ တောင်းဆိုမှုများကို စွန့်လွှတ်သင့် သည်ဟု တရုတ်အစိုးရအာဘော် Global Times သတင်းစာက ထောက်ပြခဲ့သည်။ တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ဒေသနှင့်ထိုက်တန်သော တရားဝင်အခွင့်အရေးများ ရရှိလာမည်ဖြစ် ကြောင်း၊  ပြည်မလူ့အဖွဲ့အစည်းနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တိုင်းရင်းသားဒေသ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကျိုးရှိသည့်အချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း စသဖြင့် တရုတ်အစိုးရအာဘော် Global Times သတင်းစာက ဝေဖန်ရေးသားခဲ့ဖူးသည်ကို ဂရုပြုသင့်သည်။

ခြုံငုံသုံးသပ်ရလျှင် အစိုးရနှင့် တပ်မတော်ဘက်မှ တရားဝင် NCA ဆွေးနွေးပွဲများကျင်းပရာတွင် တင်းကျပ်လွန်းသော ကြို တင်စည်းကမ်း ကန့်သတ်ချက်များမထားဘဲ၊ ဖြေလျော့ပေးစေချင်သည်။ အပြန်အလှန် ယုံကြည်မှုရှိရေးအတွက်  ဘက်အသီး သီးက ရန်လိုသောသဘောအပြုအမူများကို ခဝါချစေလိုသည်။ လက်ရှိ ဖြစ်စဉ်များကို လေ့လာမိသည်မှာ EAOs တို့ဘက်က အလွတ်သဘော လွတ်လပ်ပွင့်လင်းစွာ  ဆွေးနွေးလိုသည်ကို တွေ့ရသည်။ EAOs တို့ဘက်က အချုပ်အနှောင်သဖွယ် မူ ဘောင်အတွင်းမှထွက်၍ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းလိုပုံရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် လက်ရှိ အခြေအနေတွင် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၌ရှိနေသောကြောင့်  တပ်မတော်ခေါင်းဆောင်များဘက်က ဖိအားပေးမှု များကို အတတ်နိုင်ဆုံး ဖြေလျော့ပေးစေရန် ညှိနှိုင်းပေးသင့်သည်။ Decision Making Role ၌ ရှိသော ခေါင်းဆောင်များအားလုံး အပြန်အလှန်ယုံကြည်မှုရှိစွာဖြင့် အလျော့အတင်းလုပ်နိုင်ကြမှသာ အမျိုးသားပြန်သင့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အလား အလာကောင်မည်ဖြစ်သည်။ တရားသေမူဝါဒ စည်းမျဉ်းစည်းကမ်း များကို အသေဆုပ်ကိုင်ထားခြင်းထက် လက်တွေ့မြေပြင် နိုင်ငံရေးအခြေအနေများနှင့် လျော်ညီစွာ ညှိနှိုင်းဆွေးနွေးကြခြင်း အားဖြင့် ပြည်သူတို့လိုလားသော စစ်မှန်သည့် ငြိမ်းချမ်း ရေးကို ရယူပေးကြရန် တိုက်တွန်းလိုပါသည်။

 ၃ ဒီဇင်ဘာ၊ ၂ဝ၁၈ (တနင်္လာနေ့) ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြသည့်ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts