ခေတ်ပြိုင်အတွေ့အကြုံ
Po Zaw – Burmese Worship Suu ?
မြန်မာပြည်လူထုက အမေစုကို  ကိုးကွယ်သတဲ့လား
ဖိုးဇော်။  စက်တင်ဘာ ၂၅၊ ၂၀၁၃
သားတို့ ချစ်တဲ့ အမေစု ကျန်းမာပါစေ..
သမီးတို့ ချစ်တဲ့ အမေစု ကျန်းမာပါစေ..
တို့ အားလုံးချစ်တဲ့အမေစု ကျန်းမာပါစေ
အမေစုကျန်းမာချမ်းသာရွှင်လန်းစေ
 ဆိုပြီး သီချင်းသံတွေ နဲ့ မြိုင်နေတဲ့ ခမ်းနားလှတဲ  Resorts World Sentosa Ballroom RWS ခန်းမကြီးကို ၀င်လိုက်ြ့ပီး အမေစုရဲ့ ပုံနောက်ခံနဲ့  စင်မြင့်ကြီးကို ကြည့် လိုက်ရတော့ မနက် ငါးနာရီထပြီး လာခဲ့ရတဲ့အတွက် အိပ်ရေးမ၀တ၀ ဖြစ်နေရာကနေ စိတ်ရောကိုယ်ပါ အတော့်ကို လန်းဆန်းသွားပါတယ်။
ရှေ့ ဆုံးနားရောက်အောင် ခြောက်နာရီလောက် အရောက် စောစောလာခဲ့ပေမယ့် ကိုယ့်ရှေ့ မှာ လူနှစ်ရာကျော်လောက် ရောက်နှင့်နေတာကို တွေ့ ရတယ်။ တချို့ တွေ နံနက် နာရီ လောက်ကတည်းက ရောက်နေကြတယ်လို့ လည်း ကြားရတယ်။
အမျိုးသမီးတွေ အမျိုးသားတွေ အတော်များများဟာ ပင်နီတိုက်ပုံ ကချင်လုံချည် တွေနဲ့  ရင်ဘတ်မှာ NLD တံဆိပ်အမေစုပုံဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးတွေနဲ့ တွေ့ ရတယ်။  ကရင်ချင်း ရှမ်း တိုင်းရင်းသားဝတ်စုံ တွေနဲ့ လည်း တွေ့ ရတယ်။ အမေစုပုံတီရှပ်တွေနဲ့ လူငယ်ကောင်လေး၊ ကောင်မလေးတွေကိုလည်းတွေ့ ရတယ်။   အမျိုးသမီးလေးတွေ အချို့ ကလည်းပါးမှာ  NLD တံဆိပ်ကို ဆေးခြယ်သထားကြတယ်။ အဲဒီလိုမြင်ကွင်းတွေကြားမှာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို စလုံးမှာ ဆိုတာကိုတောင် မေ့နေမိတယ်။
ဒီလို မြန်မာတွေနဲ့ ပတ်သက်တဲ့ ပွဲအထူးသဖြင့် အမေစုအတွက်လုပ်တဲ့ ပွဲ ကို
ခမ်းခမ်းနားနား စည်စည်ကားကား အတိုင်းအတာတစ်ခုအထိ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ပေးတဲ့
စင်ကာပူအစိုးရ ပွဲဖြစ်မြောက်အောင်စီစဉ်ပေးတဲ့ မြန်မာကလပ်နဲ့ ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့
မြန်မာအဖွဲ့ အစည်းများကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိတယ်။
ကျွန်တော့်အတွက်တော့ အမေစုကိုပထမဆုံးတွေ့ ရမယ့် အခွင့်အလမ်းလည်းဖြစ်တယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၈၈ ရွှေတိဂုံခြေရင်းကအမေစုရဲ့ ပထမဆုံးလူထုတရားပွဲ လုပ်တော့ ကိုယ့်အဖေတွေ ဘကြီးတွေ ဦးလေးတွေ တက်တက်ကြွကြွ သွားရောက်နားထောင်ဖို့  ပြင်ဆင်ကြတာကို သွားသတိရမိတယ်။ အဲဒီတုန်းက အဖေ့ရဲ့ တက်ကြွမှုမျိုး နဲ့ ပဲ ဒီနေ့ ကျွန်တော် အမေစုစကားပြောမှာကို လာရောက်နားထောင်နေပါလား၊
နားထောင်တဲ့ပရိသတ်ကတော့ မျိုးဆက်တစ်ခုပြောင်းလဲသွားပြီအမေစုကတော့ ဆက်လက်ပြီး ဒီတာဝန်ကြီးကိုထမ်းဆောင်နေတုန်းပါလား လို့  တွေးမိပြီး ကြက်သီးများလည်းထမိ၊ မျက်ရည်များလည်းစို့ မိပါတယ်။
စင်ကာပူမှာ ၀မ်းနည်းဖွယ်ရာ ဒီပဲယင်းအဖြစ်အပျက်နောက်ပိုင်းမြန်မာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဟာ စုပေါင်းလှုပ်ရှားမှု အတော်များများကိုလုပ်ဆောင်ခဲ့ကြတယ်။ ဒီပဲယင်းအမှတ်တရ ဆွမ်းကျွေး၊ ဒေါ်အောင်ဆန်စုကြည်မွေးနေ့  အမှတ်တရ လွတ်မြောက်ရေးဆုတောင်းပွဲ၊ ရွှေဝါရောင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဆုတောင်းပွဲ၊ဆွေးနွေးပွဲ များ၊ နာဂစ်ဘေး ကူညီရေးလှုပ်ရှားမှုများ  Vote No လှုပ်ရှားမှု များကို တင်းကြပ်လှတဲ့ စင်ကာပူ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဘောင်နှုတ်ခမ်းဖျားကနေ လုပ်ဆောင်ခဲ့ကြတယ်။
နောက်ပိုင်းမြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလာတာနဲ့ အမျှ နိုင်ငံနဲ့  စာပေအကျိုး ဆောင်ရွက်တဲ့အဖွဲ့ အစည်းများ စင်ကာပူမှာ အများအပြား ပေါ်ပေါက်လာတယ်။ အခုစင်ကာပူကို အရင်ကအိပ်မက်တောင် မမက်ဖူးတဲ့ စင်ကာပူအစိုးရရဲ ဖိတ်ခေါ်မှုနဲ့  ဒေါ်အောင်ဆန်းစုကြည်လာမယ်လို့ ဆိုတဲ့ အခါကြတော့ စင်ကာပူက မြန်မာမိသားစုနဲ့ တွေ့ ဆုံပွဲ ကို မြန်မာကလပ်က ဦးစီးကျင်းပပေးမယ် လို့ ကြားရတယ်။
အမေစုအတွက် နောင်တွဲလုပ်ရမယ့် ဘက်တော်သားအသစ်တွေဆိုပြီး ကြိုဆိုသင့်ပါတယ်။
စင်ကာပူမှာ လူစုလူဝေးနဲ့ ပတ်သက်ရင် အင်မတန် စည်းကမ်းဥပဒေ တင်းကြပ်တဲ့နိုင်ငံဖြစ်တယ်။ အမေစုရောက်တဲ့နေ့ က သွားကြိုချင်ကြပေမယ့် လူစုလူဝေးနဲ့ ဆိုရင် အရေးယူခံရမလားဆိုပြီး စိုးရိမ်မှုတွေလည်းရှိကြတယ်။ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူလူငယ်တစ်ဦးဖြစ်တဲ ကိုစိုးထွန်းက အမေစုရောက်မယ့် ချန်ဂီလေဆိပ်  VIP ဆိုက်ရောက်ဆောင်က တာဝန်ကျလုံခြုံရေးဝန်ထမ်းတွေကို သွားရောက်စုံစမ်းမေးမြန်းပြီး တော့ ကြိုမယ့်သူတွေစောင့်ဖို့ နေရာလေး သတ်မှတ်ပေးထားတယ်
နေရာမတွေ့ ရင်ဆက်သွယ်ဖို့ သူ့ ရဲ့ ဖုံးနံပါတ်ကိုပါထည့် သွင်းပြီး သူ facebook ကနေတင်လိုက်တဲ့အခါမှာ ဘာပဲ ဖြစ်ဖြစ်သွားမယ်ဆိုတဲ့သူတွေရော စိုးရိမ်နေကြသူတွေရော ၀မ်းသာအားရဖြစ်ကုန်ကြတယ်။
ကိုစိုးထွန်းကို  မင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို စက္ကန့်ပိုင်းလေး တွေ့ရဖို့ အလုပ်တွေ၊ ကျောင်းတွေက ခွင့်ယူပြီး တနေ့လုံး နီးပါး အချိန်ပေးရတာ ထိုက်တန်ရဲ့လား” လို့  Channel News Asia မှ သတင်းထောက်က အလွတ်ဘဘောမျိုးမေးတော့သူက ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ ပြန်ပြောလိုက်ပါတယ်။
ကျွန်တော်တို့အတွက် သူရဲ့အချိန်တွေပေးထားတာ တစ်ရက်လားတစ်လလားတစ်နှစ်လားနှစ်ပေါင်း ၂၀ ကျော်ပြီ …။  ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ခေါင်းဆောင်ကို တွေ့မြင်ရခြင်း၊ မမြင်ရခြင်းကို အဓိကမထားဘဲ လာရောက် ကြိုဆိုဖို့ အချိန်ပေးရတာ၊ သူ ပေးဆပ်နေတာနဲ့ ယှဉ်ရင် ဘာမှ ပြောလောက်စရာ ကိစ္စမဟုတ်ဘူး …”လို့။
သတင်းထောက်အမျိုးသမီးရဲ့မျက်နှာကတော့ စိတ်ကျေနပ်တဲ့ အရိပ်အယောင် အပြည့်နဲ့ ပြုံးလို့ တဲ့။
VIP ဆိုက်ရောက်ခန်းမဆောင်ကနေ အမေစုကိုကြိုလာတဲ့ကားထွက်လာတော့
ကြိုဆိုနေကြတဲ့သူတွေ နဲ့ မနီးမဝေးမှာ ခဏရပ်ပြီး လက်လှမ်းပြလိုက်တဲ့အခါ ကြိုနေတဲ့သူတွေထဲက
အမျိုးသမီးလေးတွေတော်တော်များများဟာ ပါးစပ်ကလည်း အမေစုကျန်းမာပါစေလို
အော်ဟစ်ဆုတောင်းနေကြရင်းက သူတိုရဲ့ မျက်လုံးတွေဟာလည်း မျက်ရည်တွေရွှဲပြီး နီရဲကုန်တော့တယ်။
နိုင်ငံရေးဆိုရင် လုပ်ကိုင်မှုလည်းမရှိ ဆွေးနွေးမှုလည်းမရှိတဲ့ ကျွန်တော့်ရဲ့ အမျိုးသမီးတောင်
Facebook ကနေ အမေစုလာမယ်ဆိုတဲ့ သတင်းတွေကို ဖတ်ထားရကြည့်ထားရတော့ အလုပ်လုပ်နေရင်းနဲ့  ဒီနေ့ အမေစုရောက်မယ်ဆိုတဲ့အသိက ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ရင်ထဲ တမျိုးကြီးပဲလို့  ထူးထူးခြားခြားလာပြောလေတယ်။ မေတ္တာဆိုတာ ကိုယ့်ကိုလာပေးရင် အငြင်းရခက်လှတဲ့ လက်ဆောင်တစ်ခုလိုပဲ  စင်ကာပူက မြန်မာတွေလည်း အမေစုရဲ့ မြန်မာပြည်သူပြည်သားတွေအပေါ်ထားတဲ့ မေတ္တာစစ်မေတ္တာမှန်တွေကို မျက်ရည်တစိုစိုနဲ
ကျေကျေနပ်နပ်ကြီး လက်ခံနေရတော့တယ်။
အမေစုနဲတွေဆုံပွဲ နံနက်ခင်းမှာ အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ ဆန်ဆန် စင်ကာပူနိုင်ငံသားခံယူသွားတဲသူငယ်ချင်းတွေကို လည်းမြန်မာအမျိုးသားဝတ်စုံတွေနဲ့  တွေ့ ရပြီး
ကျေနပ်ပီတိဖြစ်နေတဲ့ သူတို့ ရဲ့ မျက်နှာတွေဟာလည်း ဟန်ဆောင်မှုမရှိ
ရင်ထဲကလာတယ်ဆိုတာ ငြင်းလို့ မရပါ။
အမေစုပုံနောက်ခံနဲ့ စင်မြင့်ပေါ်မှာ တိုင်းရင်းသားပေါင်းစုံ ရိုးရာအကတွေကကြအမေစု ဟာ ဒီနိုင်ငံက ၀န်ကြီးချုပ်နဲညစာစားပွဲ အတူတက်သမ္မတနဲ့ တွေ့ ဆုံဖိုလည်း အစီအစဉ်တွေရှိတယ် ဆိုတာကြားသိရတော့တစ်ခါတစ်လေ ကျွန်တော်တိုရဲ့ စိတ်ထဲ အမေစုဟာ လုပ်ပိုင်ခွင့်
အာဏာရှိသူ တစ်ယောကလို့  ထင်မှတ်မှားသွားပြီး တိုင်းပြည် ဒီနေရာ တိုးတက်ရေးအတွက်ဘယ်လိုအစီအစဉ်ရှိလ  ဟိုနေရာက အရေးအခင်းတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုပြီး မေးခွန်းတွေမေးတတ်ကြတယ်။
ဒီလိုမေးတာတွေ လုံးဝမှားတယ်လို့ လည်းမဆိုလိုပါ။ အမေစုကလည်း ဒီလို တိုးတက်ရေး
ပဋ္ဋိပက္ခဖြေရှင်းရေးတွေကို ဆွေးနွေးဖို့ အမြဲပဲစိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိချပ်ရမှာက အမေစုဟာ ၂၀၁၅ ရွေးကောက်ပွဲ မှာ  အနိုင်ရရင်တောင် အုပ်ချုပ်မှုအာဏာရမယ့် သမ္မတဖြစ်ဖို့  အခွင့်အလမ်းမရှိသေးပါ။
အဲဒီစိတ်ကူးနဲပဲ ကိုယ့်မေးခွန်းအရွေးခံရ၊ မခံရတာထက်၊  ပါဝင်ဆင်နွှဲရမှာက ကိုယ့်ရဲ့ တာဝန်
ဆိုပြီး  … “အမေစု ကျန်းမာရေးကောင်းအောင်ဂရုစိုက်ဖို့ နဲ့  သူရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ၂၀၀၈ဖွဲစည်းပုံ အခြေခံပြင်ဆင်ရေးမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ အကောင်းဆုံး ဘယ်လို ထောက်ခံပါဝင်ရမလဲ …” ဆိုပြီး ပေးထားတဲ့မေးခွန်းလွှာစာရွက်မှာရေးပြီး ထည့်လိုက်တယ်။
“အမေစုက ကျွန်တော်တိုအတွက် ဘာလုပ်ပေးမလဲ …”
ဆိုတာထက်
အမေစုပြောသွားတဲ့
“ကိုယ်လိုချင်တဲအခြေအနေတွေကို ကိုယ်တိုင်ဖန်တီးပေးရမယ် ဆိုတဲ့ စကား
အမေစု သမ္မတဖြစ်ရင်ပြန်လာမယ်ဆိုတဲ့ ကျောင်းသားလူငယ်လေးရဲ့ စကားကို
ဒါဆို အမေစု သမ္မတဖြစ်အောင် အရင်ပြန်လာလုပ်ပေးလှည့်ဦး …” လို
အရွှန်းဖောက်သလိုလို နဲ့ အလေးအနက်တိုက်တွန်းသွားတဲ့ စကားတွေအတိုင်းအခုအချိန်မှာ အမေစုကို ဘယ်လိုဝန်းရံရမလဲဆိုတာကို ကျွန်တော်တို့ က စဉ်းစားရမှာဖြစ်တယ်။
အမေစုစင်ကာပူမှာ ပြောသွားတဲ့စကားတွေဟာ ကောင်းမွန်ထိမိလွန်းလှတာကြောင့်
အရင် ဗီဒီယိုခွေတွေကနေ ကြည့်ဖူးတဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်ရှေ့ က တရားပွဲတွေကိုတောင် သတိသွားရနေမိတယ်။
ပွဲမစခင် မြန်မာကလပ်ရဲ့ မြန်မာတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို ရှင်းလင်း ပြောကြားသွားတာဟာ အမေစုပြောတဲအပေးအယူသဘောတရားလေးတွေပဲလို့ တွေးတောမိတယ်။
သူတိုလည်း စိတ်ထဲ တကယ်မပါဘဲနဲ့  လူထင်ပေါ်ရုံ အခွင့်အရေးမျှော်ကိုးရုံနဲ့ တော့ အချိန်တိုအတွင်း ဒီလောက်အပင်ပန်းခံပြီး လုပ်နိုင်ကြလိမ့်မယ် မထင်ပါ။
ပွဲပြီးလို့ အပြင်ထွက်တော့ အပြင်မှာတာဝန်ကျနေတဲ့ လုပ်အားပေးလူငယ်တစ်ယောက်
သူရဲသူငယ်ချင်းကို လှမ်းနှုတ်ဆက်ရင်းကိုယ်တိုကတော့ ပွဲစကတည်းက ဒီနေရာမှာပဲ …” လိုလှမ်းပြောလိုက်တာကိုကြားရတော့ ရင်ထဲ နင့်ကနဲဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုလည်း ရှက်မိတယ်။
 သူတိုလို လူမျိုးတွေကတော့ အမေစုပြောတဲ့ အပေးသမားသက်သက်တွေပါလား … လိုတွေးပြီး ဂုဏ်ယူမိတယ်။
အဲဒီနေက အမေ့စုနဲတွေဆုံပွဲကိုတက်ရောက်ကြတဲ့ မြန်မာတွေ ၆၀၀၀ နီးပါးရှိပေမယ့်
စိတ်တွေကတော့ တစ်စိတ်တည်းဖြစ်နေတယ်။ သူတိုချစ်တဲ့အမေစုကို သူတို့ ရဲသမ္မတအဖြစ်နဲ့  ဂုဏ်ယူဝင့်ကြွားစွာ မြင်ချင်တဲ့ စိတ်ကတော့ အားလုံးမှာတူညီစွာရှိနေကြတယ်။
သင်္ဘောမာလိန်မှူးတွေဟာ မြှုမှုန်ထုထဲ အမှောင်ထဲမှာ မီးပြတိုက်ကိုအားထားရသလိုပဲ ပြည်သူလူထုကလည်း အမေစုကိုဒီမိုကရေစီခရီးလမ်းမှာ ယုံကြည်အားထားကြတယ်။
အင်မတန်သာယာလှပတယ်လို့ ဆိုတဲ့ ဟာဝိုင်ယီကမ်းခြေကနေ ပစိဖိတ်သမုဒ္ဒရာကြီးကို
လှမ်းကြည့်ရင်း အမှန်အတိုင်းရွေးချယ်ရရင် မြန်မာ့အလှ မြန်မာ့ဓလေ့တွေကြားထဲ မှာ ဒီမိုကရေစီ ခရီးအတွက် ရုန်းကန်နေထိုင်နေရတာကို  ပိုမိုနှစ်သက်တယ်လို့ ဆိုတဲ့ အမေစုဟာ မြန်မာပြည်သူလူထုက သူတို့ ရဲ့ ရင်ထဲ အသည်းထဲကနေ အူလှိုက်သည်းလှိုက်ချစ်ရသူပါ။
တစ်ချို့ က ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ များလွန်းတယ်လို့ ဝေဖန်ကြတယ်။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် တန်းတူညီမျှခွင့်ပေးနိုင်မယ့် ဒီမိုကရေစီအစစ်အမှန်ကို လိုချင်ကိုးကွယ်မိတဲ့ ပြည်သူလူထုဟာ အဲဒီလိုရပိုင်ခွင့်တွေအတွက် ခရီးကြမ်းကို ငွေရတု တိုင်အောင် မိမိတိုရှေ့ ကဦးဆောင်ပေးနေတဲ့ ခေါင်းဆောင်ကောင်း
ခေါင်းဆောင်မြတ်ကို ချစ်မိအားထားမိ ကိုးကွယ်မိကြတယ်လို ဆိုကြရင်လည်း မှားလိမ့်မည်တော့မထင်။
(ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၄ မှ ဆရာဖိုးဇော်၏  သပြေနု၊ ငွေခရု၊ ဇေယျတုနဲ့ မြန်မာပြည်သူတွေရဲ့ အမေစု ဆောင်းပါး)
(Photo – Ko Soe Tun’s facebook Page)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts