Uncategorized

Shin Sandardika – Articles

ကမ္ဘာကြီးကို ဆေးကုကြပါစို့
ရှင်ဆန္ဒာဓိက (ပေလေးပင် နတ်မှီတောရ)
စက်တင်ဘာ ၂၅၊ ၂၀၁၃


တောင်တွင်းကြီး နတ်မှီတောရ ဆရာတော် အသျှင်ဥက္ကဋ္ဌ ဟာ”Buddhism is not A Religion” (ဗုဒ္ဓ၀ါဒသည် ဘာသာမဟုတ်) ဆိုတဲ့ အကြောင်းအရာကို ရန်ကုန် ဥပဒေတရားရုံးများဆိုင်ရာ ဗုဒ္ဓ၀ါဒအသင်း (Rangoon Law Courts Buddhist Assoctation) ရဲ့ပင့်ဖိတ်လျှောက်ထားချက်အရ ဗဟိုတရားရုံး အမှတ် (၆) ရုံးခန်းမမှာ အင်္ဂလိပ်ဘာသာနဲ့ ဟောကြားခဲ့ဘူးပါတယ်။ အဲဒီအကြောင်း ကိုဖေါ်ပြခဲ့တဲ့ ၁၉၅၃-ခုနှစ်ထုတ် The News Times of Burma သတင်းစာဖြတ် ပိုင်း အသိမ်းလွန်ပြီး ရှာမတွေ့နိုင်သေးဘဲ ဖြစ်နေပါတယ်။ မူပွားပြီး စာပေ၀ါသနာရှင်တချို့ဆီ ပို့ပေးထားတာမို့ သူတို့ဆီ ပြန်မေး ပြန်ရှာပြီးမှ အဲဒီ အကြောင်းအရာကို နောက်မှဘဲ ရေးပါတော့မယ်။ ခုတော့ ကြော်ငြာဖြတ်ဝင်တယ်လို့ဘဲ သဘော ထားလိုက်ပါဦး။
၁။ အခုတော့ ကျုပ်လက်ထဲမှာ ရှိနေသေးတာဖြစ်တဲ့ ၁၃-၁၂-၁၉၅၃ နေ့စွဲနဲ့  ဗမာနယူးတိုင်း သတင်းစာဖြတ်ပိုင်း လေးထဲမှာလဲ အဲဒီ ရန်ကုန် ဥပဒေတရားရုံးများဆိုင်ရာ ဗုဒ္ဓ၀ါဒအသင်းရဲ့ လျှောက်ထားတောင်းဆိုချက်အရ ဆရာတော်ရဲ့ အင်္ဂလိပ်လို ဟောပြောချက်ကိုတွေ့ရပြန်ပါတယ်။ ဆရာတော့်တရားခေါင်းစဉ်က “The Highest Human Aspiration” “လူသား၏ အမြင့်ဆုံးရည်မှန်းချက်” ဖြစ်ပြီး ဆရာတော်ရဲ့ ဘာသာလေးရပ်အပေါ် ထားတဲ့သဘောထားကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြနေပါတယ်။ ကောက်နှုတ်တင်ပြရမယ်ဆိုရင်
Four great Religions, namely, Hinduism, Buddhism, Christianism and Mohamedanism, now stand in the world like four great light houses dispelling the darkness of ignorance.
ယနေ့ ကမ္ဘာမှာ ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ မဟာမေဒင် ဆိုတဲ့ ဘာသာကြီးလေးခုအနေနဲ့ အသိမဲ့အမှောင်ဇာတ်ကို တိုက်ထုတ်ဖယ်ရှားပေးကြတဲ့ အလင်းအိမ်ကြီးလေးခုအဖြစ် တည်ရှိနေကြပါတယ်တဲ့။
ဘာသာကြီးလေးခုရယ်လို့ အရေအတွက်နဲ့ အမည်တပ်ပြောရတာက အပြောများ ထင်ရှားတဲ့ သဘောကြောင့်ပါ။ အခြား ဘာသာတရားဆိုင်ရာ ဆုံးမသွန်သင်မှုတွေကလည်း လူတို့ရဲ့ယဉ်ကျေးမှုကို အမှောင်ကနေ အလင်းဘက်ရောက် အောင် ရှိသမျှအင်အားနဲ့ တွန်းရွှေ့ပေးခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
ပြီးတော့ (They have given sweet consolation to the groaning humanity.) အဲဒီ ဘာသာတရားတွေ အနေနဲ့ ငိုငြီးနေကြတဲ့ လူသားထုကို ချိုမြိန်လှတဲ့ နှစ်သိမ့်မှုကို ပေးခဲ့ကြပါတယ်တဲ့။ အဲဒီ ဆရာတော်ရဲ့ အဆိုအမိန့်တွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာသားတွေအပေါ် ဘာသာတရားက ပေးလိုက်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေကို ဆရာ တော် အသိအမှတ်ပြုခဲ့တယ်ဆိုတာ အသေအချာ သိနိုင်ပါတယ်။
ဘာသာတိုင်းရဲ့ ကျေးဇူးတရားတွေကြောင့် လူသားလောကကြီး အမှောင်ကနေ အလင်းရောက်လာသလို အနိမ့် ကနေ အမြင့်တက်လာပြီး အရိုင်းကနေ အယဉ်ဘက်ကို တိုးရောက်လာတယ်ဆိုတာ ဆရာတော်လက်ခံထားပါတယ်။ ဒီအ ဆိုကို ကမ္ဘာ့ရာဇ၀င် ယဉ်ကျေးမှုဖြစ်စဉ်တွေကို ထောက်ရှုပြီး ဘယ်ဘာသာဝင်မဆို အခြေခံအားဖြင့် သဘောတူကြမှာပါ။
၂။ ဆရာတော်ဟာ အကြောင်းကြောင်းကြောင့် ဘာသာတရားခြင်းယှဉ်ပြိုင်ဘို့ ပေါ်ပေါက်လာပြီဆိုရင်တော့ ကိုယ့်ဗုဒ္ဓ ဘာသာဘက်ကနေ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ယှဉ်ပြိုင်အနိုင်ယူလေ့ရှိပါတယ်။ ကျောက်ကွင်းဝါဒပြိုင်ပွဲ အကြောင်းကို တော့ လူအတော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါက ဆရာတော်ရဲ့ အဟောအပြောနဲ့ အနိုင်နွှဲခဲ့တဲ့ပွဲပါ။
ဟော…ဆရာတော်က ကိုယ့်ဗုဒ္ဓ၀ါဒကို ထိပါးလာရင်တော့ ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်သူပါ။ ၁၉၃၅-ခုနှစ် လောက်ကထင်ပါရဲ့ တိုးတက်ရေး မဂ္ဂဇင်းမှာ မွတ်ဆလင်ဘိုးညွှန့်ဆိုသူရဲ့  ဘာသာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ကြောင့် ဆရာတော်နဲ့ အချေအတင် ရေးခဲ့ကြဘူးပါတယ်။ ဒါကိုတော့ လူသိနည်းမယ်ထင်တယ်။ ဒီလို အပြန်အလှန် ရေးကြရင်း နောက်ဆုံး “ဆွမ်းဝအောင်စားထား” ဆိုတဲ့ ဘိုးညွန့်ဆီက ဓါးကြိမ်း ကြိမ်းတဲ့ ခြိမ်းခြောက်စာ စာတိုက်က ရောက်လာရောတဲ့။ ဒီတော့ ဆရာတော်က “အမောင်ထိုးမဲ့ဓါးကို ငါကိုယ်တိုင် သွေးပေးပါ့မယ်”လို့ အဓိပ္ပါယ်ပါတဲ့ စာချိုးနဲ့ ပြန်လိုက်တယ်လို့ဆိုတယ်။
ဒီလိုတွေဖြစ်ကြပြီး ၃၅-နှစ်လောက်ကြာသွားတဲ့အချိန်၊ ၁၉၇၀-ခုနှစ်မှာပေါ့ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ဆရာ တော် ဓမ္မခရီးသည်အဖြစ် လှည့်လည်ခဲ့တယ်။ အဲဒီခရီးစဉ်မှာ ကျုပ်လည်း ပစ္ဆာသမဏအဖြစ် လိုက်ပါခဲ့ရတယ်။ သံတွဲ ရောက်တော့ တရားပွဲဖြစ်မြောက်ရေး ဒကာကြီးတွေကို “မွတ်ဆလင်ဘိုးညွန့်ရှိသေးလား”လို့ ဆရာတော် မေးတော်မူတယ်။ ရှိသေးတယ်ဆိုတာသိတော့ နောက်ရက်တွေ့ဘို့ အစီအစဉ်လုပ်ခိုင်းထားတဲ့အတွက် ဆရာတော်ရောက်သွားတော့ သီတင်း သုံးဖို့ အသင့်ပြင်ဆင်ထားပုံကို တွေ့ရတယ်။ ဦးဘိုးညွန့်ကတော့ ကျန်းမာရေးကြောင့် အိပ်ယာပေါ်မှာ ခေါက်ချိုး မကျ တကျ ခေါင်းအုံးတွေခုပြီး လှဲနေရတဲ့အနေအထားနဲ့ ကြိုဆိုနေတယ်။
ဆရာတော်ကို လက်တစ်ဖက်ထဲနဲ့ လက်အုပ်ချီဟန်လုပ်ပြီး နှုတ်ဆက်လိုက်တော့၊ “ကျုပ်ကိုသိလား”လို့ ဆရာ တော်က မေးလိုက်တယ်။ ဦးဘိုးညွန့်က “သိပါတယ်ဘုရား၊ မနေ့ကတည်းက ဆရာတော်ရဲ့ ဒကာတွေ ပြောထားပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် တပည့်တော် တိုးတက်ရေးမဂ္ဂဇင်းမှာ အပြန်အလှန်ရေးကတဲက ဘိုးမေတ္တာဆိုတာ တောင်တွင်းကြီးက သျှင်ဥက္ကဋ္ဌဆိုတာ လေ့လာသိရှိပြီးသားပါဘုရား၊ ငယ်စဉ်က စိတ်လိုက်မာန်ပါ ရေးခဲ့မိတာတွေကို ခွင့်လွှတ်ပါဘုရား” လို့ လျှောက်တယ်။
ဆရာတော်ကလဲ “ခွင့်လွှတ်ရလောက်တဲ့အထိ အပြစ်ရယ်လို့ ယူဆမထားပါဘူး၊ သူမှန် ကိုယ်မှန် ရေးကြတဲ့အခါ စကားလုံးပြင်းပြင်းတွေ ပါတတ်ကြမှာပါ၊ အခုလာတာက ငယ်စဉ်က ကလောင်တိုက်ပွဲဆင်ခဲ့ကြတာဖြစ်လို့ ကလောင် အာဃာတလေးတွေ ကြေသွားစေချင်လို့ပါ။ နောက်လူတွေ ကျုပ်တို့စာတွေဖတ်ပြီး ထင်ကြေးတွေ ဘယ်လိုပေးကြမယ်ဆို တာ မသိရပေမယ့် ကိုယ့်အချင်းချင်း မသေခင် လက်ဆွဲနှုတ်ဆက်သွားနိုင်ကြတယ်ဆိုတဲ့ မေတ္တာကူးယှက်မှုကိုရဘို့ လာခဲ့ တာပါ” လို့ မိန့်တယ်။ “၀မ်းသာပါတယ်ဘုရား၊ ကျေးဇူးပါဘုရား”ဆိုတဲ့ တုန်ရီလှိုက်လှဲစွာပြောခဲ့တဲ့ ဦးဘိုးညွန့်ရဲ့စကားအပြီး ကျန်းမာရေးအကြောင်း စပ်မိစပ်ရာလေးများပြောပြီး ပြန်ခဲ့ကြပါတယ်။
ကဲ ဒါကတော့ ဘာသာမတူ အယူအဆမတူကြပေမယ့် လူသားအချင်းချင်းပဲလို့ မြင်တတ်ကြတဲ့ နှလုံးသားနဲ့ ဦးဏှောက်ပိုင်ရှင်တွေရဲ့ ဆက်ဆံရေး ကြုံဘူးသမျှလေးကို နမူနာယူနိုင်ကြရအောင် ဖေါက်သည်ချလိုက်တာပါ။ လူသားအ ချင်းချင်းလို့ မမြင်နိုင်ဘဲ ငါ့ဘာသာအမှန်၊ ငါ့ဘာသာအကောင်း မျက်မှန်စိမ်းတပ်ထားရင်တော့ ဆရာတော်နဲ့ ဦးဘိုးညွန့် တို့လို မေတ္တာကူးယှက်မှုရဘို့ မလွယ်ပါဘူး။  နောက် ကျုပ်မေးချင်တာ ကျုပ်ရေးချင်တာလေးတွေကို မေးရင်း ရေးလိုက်ပါ ရစေ။
၃။ အထက်မှာ ဖေါ်ပြခဲ့သလို ဆရာတော်ကြီးကတော့ မေတ္တာရှိရှိနဲ့ ဘာသာတွေကို အဆင့်တူထားပြီး အလင်းအိမ် ကြီးများ၊ ယဉ်ကျေးမှုရှေ့ဆောင်များ၊ ကမ္ဘာကို လှသထက်လှအောင် ဖန်တီးသူများ အနေနဲ့ ဂုဏ်ပြုချီးကျူးခဲ့ပါပြီ။ တကယ် ကော ကျုပ်တို့ဘာသာဝင်တွေက ကမ္ဘာ့လူသားတွေ ပျော်ရွှင်အောင် ကိုယ်စိတ်နှစ်ပါး ချမ်းသာအောင် ဦးဆောင် မောင်းနှင် နေကြပါပြီလားလို့ မေးလာရင် ကျုပ်တို့ ဘယ်လိုဖြေကြမလဲ?
ဘာသာတရားယုံကြည်မှုတွေကို အကြောင်းပြုလို့ ရိုသေမြတ်နိုးစိတ် သဒ္ဒါကြည်ညိုစိတ်တွေထုံမွှန်းပြီး ၀တ်ပြုဆု တောင်းရာ လိမ္မာရေးခြားရှိဘို့ သင်ကြားပြသရာ ကိုယ့်ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို ခေတ်အလိုက် အနု ပညာစိတ်ကူးတွေ ယဉ်ကျေးမှုရသတွေပေါင်းစပ်လို့ တည်ဆောက်လာခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဘာသာဝင်အသီးသီး တို့ရဲ့ စိတ်ဓါတ်များရဲ့စုစည်းရာ ဘာသာရေး ယဉ်ကျေးမှု အနုပညာပြခန်းကြီးများအဖြစ် ကမ္ဘာအရပ်ရပ် ဘာသာအသီးသီး မှာ ပေါ်ထွန်းလာခဲ့ကြတာ ဖြစ်ပါတယ်။
ဗိသုကာပညာ၊ အင်ဂျင်နီယာပညာစတဲ့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီနေ့ခေတ် ဆောက်လုပ်လာကြ တဲ့ ဟော်တယ်ကြီးတွေ ကုန်တိုက်ကြီးတွေစတဲ့ အဆောက်အဦးသစ်တွေ ဘယ်လောက် လှပ ဆန်းသစ် ကြီးမား ကျယ်ပြန့် ထူးခြားနေပါစေ၊ လူသားရဲ့စိတ်ဓါတ်ကို နူးညံ့သိမ်မွေ့အေးချမ်းမှုပေးနိုင်စွမ်းတဲ့ စေတီပုထိုးနဲ့ ၀တ်ကျောင်းတော်ကြီးတွေရဲ့ ၀ိဥာဉ်မျိုး ခေတ်သစ်အဆောက်အဦးတွေမှာ မရှိကြပါဘူး။
ကဲ…ဒါနဲ့များ ဘာကြောင့် ဒီလောက်လှပတဲ့ အဖိုးမဖြတ်နိုင်တဲ့ လူတွေဖန်တည်း ထုဆစ်ထားတဲ့ ကမ္ဘာ့အမွေအနှစ် အနုပညာထည်တွေကို လူတွေ ဖျက်ဆီးနေကြရတာလဲ?။ သမိုင်းတလျှောက် ဒီနေ့ထိ လူတွေဖျက်ဆီးခဲ့ကြတဲ့ အနုပညာ မြောက် အဆောက်အဦးတွေ နည်းပါ့မလား။ တခြားဘာသာဝင်တွေရဲ့ ပူဇော်ရာဖြစ်လို့ ဖျက်ဆီးတယ် ဆိုစေဦး၊ တစ်ဘာ သာပိုင်လို့ မမြင်ပဲ ကမ္ဘာပိုင် ရှေးဟောင်းအမွေပစ္စည်းလို့ မြင်နိုင်တဲ့ အတွေးစိတ်ဓါတ်လေး နည်းနည်းလောက် မွေးကြဘို့ တော့ ကောင်းပါတယ်။
၎။ အဆောက်အဦးပဲလားဆိုတော့…ဒါထက်ဆိုးတာရှိပါသေးရဲ့။ လူတွေ..သေလိုက်ကြတဲ့လူတွေ နည်းမှ မနည်းပါ ဘဲလား။ ဘာကြောင့်သေသလဲ ?၊ သတ်ကြလို့ပေါ့၊ ဘာလို့သတ်ကြတာလဲ ?၊ ဘယ်လိုတန်ခိုးရှင်ရဲ့ အလိုတော်အရ သတ် နေကြတာပါလဲ ?၊ သေချာစဉ်းစားကြည့်ကြပါ၊ အမှန်တော့ အာဏာစွဲ (Craving for Power)၊ စည်းစိမ်စွဲ (Craving for Wealth) ဘာသာစွဲ (Craving for Worship) တွေကြောင့် ကမ္ဘာ့ရာဇ၀င်မှာ အမည်းထင်ရတဲ့ အဖြစ်ဆိုးတွေဖြစ်ရတာပါ။
အဲဒီ အစွဲတွေဝင်လာပြီဆိုရင်တော့ ဘယ်လောက် ယဉ်ကျေးပါတယ် သိမ်မွေ့ပါတယ်ဆိုတဲ့ ဘာသာတရား အဆုံး အမတွေကိုမဆို ဖင်ခုထိုင်လိုက်ကြတော့တယ်။ ဘာကြောင့်လဲ ?၊ အာဏာ၊ စည်းစိမ်နဲ့ ဘာသာကို သရဖူဆောင်းဘို့ အတွက် အမှားလမ်းကို ရွေးမိကြပြီလေ။
ကမ္ဘာပေါ်မှာ သဘာဝအတိုင်း သက်တမ်းကုန်လို့ သေတဲ့လူရယ်၊ ရောဂါနဲ့ကပ်ဘေးကြောင့် သေတဲ့လူရယ်၊ နိုင်ငံ ရေး၊ ဘာသာရေး၊ စီးပွားရေးကြောင့် သေတဲ့လူရယ်၊ ဘယ်သင်းက ဦးရေများမလဲ တွက်ပေးကြပါဦး။ ဆိုခဲ့တဲ့ အကြောင်း သုံးခုအရင်းခံပြီး အချင်းချင်းသတ်လို့ သေကြတာတွေ ရှိနေတာဟာ သက်ဆိုင်ရာ ဘာသာတရားရဲ့ အဆုံးအမကြောင့်လား လို့ မေးမယ်ဆိုရင်၊ ဘယ်ဘာသာတရားခေါင်းဆောင်ကမှ အဲဒီအမေးကို သဘောတူမယ်မဟုတ်ပါဘူး။ သဘောမတူတဲ့ အပြင် ဘာသာတိုင်းက သူတို့ရဲ့ကျမ်းစာတွေမှာပါတဲ့ ကောင်းပေ့ဆိုတဲ့ အညွန့်အဖူးလေးတွေကို ထုတ်ပြပြီး တွင်တွင်ကြီး ငြင်းဆိုကြပါလိမ့်မယ်။
၅။ ကျုပ်တို့ဗုဒ္ဓဘာသာဝင်တွေ(အထူးသဖြင့် အင်္ဂလိပ်စာတတ် ဗုဒ္ဓဘာသာဝင်တွေ)ကိုလဲပြောချင်တယ်။ အိုင်းစတိုင်း ကဘယ်လိုဆိုတယ်၊ ဘားနတ်ရှောက ဘယ်ပုံပြောတယ် စတဲ့ သူတကာပြောတဲ့ စကားတွေနဲ့ ကိုယ့်ဘာသာအကြောင်း သူ များပြောတဲ့ အကောင်းတွေမှာဘဲ အားရတင်းတိမ် မနေကြပါနဲ့။ ကိုယ်ကိုယ်တိုင် ဗုဒ္ဓ၀ါဒနဲ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆမှာ မှန်ကန်တည့်မတ်အောင် ကြိုးစားပြီး အပြော အဆို အလုပ်အကိုင်တွေကိုပါ လမ်းကြောင်းမှန်အတိုင်း ထိမ်း ကြောင်းသွားကြစေလိုပါတယ်။
အခြားဘာသာဝင် ပုဂ္ဂိုလ်များကလဲ ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို သတိနဲ့စောင့်ကြည့်ပြီး မိမိဘာသာရဲ့ အဆုံး အမတွေကနေ သွေဖီသွားတဲ့ အသိမဲ့အမှောင်ဘက်ကို နောက်ပြန်လှည့်သွားစေမယ့် မဖြစ်သင့်မဖြစ်ထိုက်တာတွေတွေ့ရင် မိမိတို့ရဲ့ ဘာသာဝင်မိတ်ဆွေတွေကို ချော့မော့ဖြောင့်ဖျ နားချကြစေလိုပါတယ်။  အမှန်တရားဘက်ကိုစည်းရုံးသိမ်းသွင်းလို့ ရတယ်ဆိုရင်တော့ ဆရာတော်မျှော်မှန်းခဲ့တဲ့ လူသားတို့ရဲ့ လမ်းပြရာ ကမ္ဘာ့အလင်းအိမ်ပမာ ဘာသာကြီးတစ်ရပ် အဖြစ် အသိအမှတ်ပြုခံရမှာ ဧကန်မလွဲပါဘဲ။
၆။ တကယ်လို့ ကမ္ဘာလုံးကြီးသာ သတ္တ၀ါတစ်ဦး ဖြစ်မယ်ဆိုရင် သူ့ရဲ့နှုတ်ခမ်းဟာ အမြဲတမ်း မဲ့နေရှာမှာပါ။ သူ့ပါးစပ် ကလဲ အမြဲပဲ စုပ်တသတ်သတ်နဲ့ နာကျင်ငြီးတွားသံတွေ အမယ်လေး အဘလေး အော်သံတွေနဲ့ မြည်တမ်းနေမှာပါ။ သူ့ရဲ့ မျက်လုံးတွေကလဲ မျက်ရည်တွေ တွေတွေစီးကျနေလိမ့်မယ်။ နှာခေါင်းကလဲ နှာရည်တွေ တစ်တွဲတွဲ တစ်ရွှဲရွှဲနဲ့ ရှိနေရှာ မယ် ထင်ပါတယ်။
ဒီလိုမဖြစ်ခံနိုင်ရိုးလား…..ကြည့်ပါဦး၊ သူ့အရေပြားတွေကို ဖေါက်ထွင်းပြီး အသားတွေကော်ယူ (လက်ပံတောင်း တောင်လို တောင်လုံးပျောက် တွင်းဘ၀ရောက်သည်ထိ သယံဇာတတူးဖေါ်မှုတွေ)၊ အရိုးဖေါက်ပြီး ရိုးတွင်း ချင်ဆီတွေစုတ် ထုတ် (ရေနံနဲ့ သဘာဝဓါတ်ငွေ့ တရားလွန်ရှာဖွေမှုတွေ)၊ ကမ္ဘာကြီးရဲ့ အပူအအေးကို ကာကွယ်မယ့် အမွေးအမှင်ပမာဖြစ် တဲ့ သစ်တောတွေကို တစ်တောလုံးပြောင်အောင် မတရားခုတ်ကြ၊ လှဲကြဆိုတော့ ကမ္ဘာကြီးခမြာ အစွန်းရောက် အပူ အအေးဒဏ်တွေကို ခံစားနေရပြီပေါ့။ တကယ်တော့ ကျုပ်တို့ရဲ့ ကမ္ဘာကြီးဟာ ဧရာမ ရောဂါသည်ကြီး ဖြစ်နေပါပြီ။
အခုတော့ ကမ္ဘာကြီးခမျာ အဆိုပါ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံရမှုရောဂါ (မြန်မာပြည်နေရာ ကွက်ကွက်က လေးက အဆိုးဆုံးအပြင်းဆုံးပါတဲ့) ရဲ့နှိပ်စက်မှုတွေသာမက ဟိုနေရာ ဒီနေရာမှာ ဆီးရီးယား၊ အီဂျစ်တို့လို ပဋိပက္ခရောဂါ ပြင်းတွေ ကပ်ညိနေသလို၊ ပါလေရာ မြန်မာပြည်မှာလဲ သိပ်မသေးငယ်လှတဲ့ ပဋိပက္ခရောဂါလေးတွေ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက် တစ်ပွဲတိုးဆေးလေးပေးလိုက်နဲ့ ဖြစ်နေပါကရောလား။
ဒီမိုကရေစီလမ်းချော်စေချင်သူတွေက အကွက်ချဖန်တီးနေတယ်လို့ တချို့က အဖြေထုတ်ကြတယ်။ ကဲ..အကွက် ချဖန်တီးတယ်ပဲ ထားပါဦး။ ဖန်တီးမှုကို လက်တွေ့ဖေါ်ဆောင်မယ့်လူတွေ၊ ဖန်တီးမှုကိုနားယောင်မယ့်လူတွေ၊ ဒို့လူကလေး များဆိုသလေး ဆိုတာနဲ့ ဝေလေလေ လိုက်ချင်သူတွေကလဲ များမှများ။ ဒီလိုလူတွေ များနေရတာ ဘာကြောင့်လဲ၊ အရင်း အမြစ်အကျဆုံး အကြောင်းကတော့ အသိပညာနဲ့ စီးပွားရေးပါ။
အာဏာရှင်စနစ်အောက် နှစ်ပေါင်းများစွာနေခဲ့ရပြီး စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ ပညာရေးအမွေကိုသာ ရခဲ့တဲ့ မျိုးဆက်တွေအနေနဲ့ အမှန်အမှား စဉ်းစားတွေးခေါ်နိုင်စွမ်းအား ချည့်နဲ့တယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀ကို ရောက်ခဲ့ရလို့ စားဝတ်နေရေး မပြေလည်ဘဲ စီးပွားရေးချို့တဲ့မှုရဲ့ဒဏ်ကြောင့် နှစ်ရှည်လများ ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေခမြာ ဘ၀ လုံခြုံမှုမရှိဘူးလို့ ခံစားရင်း ထွက်ပေါက်တွေ့နိုး ရှာနေကြတယ်။ အဲဒီလိုအချိန်  စီးပွားချို့တဲ့ ပညာမဲ့ပြည်သူတွေခမြာ  ပိုး လောက်ကိုက်ထားတဲ့အသီးပမာ နောက်ပြန်ဆွဲသမားတွေရဲ့ ဘာသာရေးဘန်းပြ မဖြစ်စလောက်လေကလေး တိုက်လိုက် ရုံနဲ့ ကြွေကျသွားတဲ့ သဘောပါပဲ။
၇။ အဆိုးထဲက အကောင်းကွက်ကလေးတစ်ခုလို့ သဘောထားရမယ့် စိတ်ကြည်နူးစရာ သတင်းတစ်ခု လက်ဆောင် ပါးလိုက်ပါရစေ။ စက်တင်ဘာလဆန်းပိုင်းကပေါ့။ ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက်နဲ့ ဘာသာရေးနဲ့ပါတ်သက်တဲ့ မီးရှို့မှု တွေ၊ ဖျက်ဆီးမှုတွှေ ဂယက်ငြိမ်မယ်မှ မကြံသေးဘူး။ မကွေးမှာ ထုံးစံအတိုင်း မွတ်စလင်တစ်ယောက်က မြန်မာအမျိုးသမီး တစ်ယောက်ကို မုဒိန်းကျင့်လို့ဆိုတဲ့သတင်းထွက်လာတယ်။ ကုလားဆိုင်တွေ ရပ်ကွက်တွေ မီးရှို့ခံရပြီဆိုတဲ့ သတင်းထွက် လာတယ်။ ဟုတ်တယ်မဟုတ်ဘူးငြင်းလို့ကောင်းတုန်း ၅-၉-၂၀၁၃ အလဲဗင်းဒေးလီးသတင်းစာမှာ “မကွေးမြို့ ဆားစည်ရပ် ရှိ အစ္စလာမ်ဘာသာဝင်အချို့မှာ မိမိတို့၏ အဖိုးတန်ပစ္စည်းများကို မိမိတို့စိတ်ချယုံကြည်သော ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ ထံသို့ လာရောက်အပ်နှံကြကြောင်း” ဆိုတဲ့ ၀မ်းသာစရာသတင်းကို တွေ့လိုက်ရပါတယ်။
ပြာပုံထဲကပွင့်လာတဲ့ ကြာပန်းလေးလို့ဘဲဆိုဆို၊  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပြရုပ်လို့ပဲမြင်မြင်၊ မြန်မာ ပြည်မှာ စွဲကပ်နေတဲ့ ဘာသာရေးပဋိပက္ခရောဂါ အနာပျောက်ဆေးလို့ပဲလို့ တွက်တွက်၊ ဒီသတင်းဟာ ကမ္ဘာလူနာအတွက် အားဆေးတစ်ခွက်တော့ ဖြစ်တာအမှန်ပါ။
အနာနဲ့ဆေး တည့်အောင်ပေး ပျောက်ရေးမခက်ပါလို့ ဆိုတယ်မဟုတ်လား။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံရမှုရောဂါကို သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ကုစားကြ။ မရရင် ဒီအထက် သမားတော်အဆင့်ဖြစ်တဲ့ ကုလသမဂ္ဂဆီ ပို့ပြီးကုကြရမယ်။ ဘာသာရေး ပဋိပက္ခအနာကတော့ လူတွေကိုအလင်းပေးပြီး ဦးဆောင်နေပါတယ်ဆိုတဲ့ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ တာဝန်ဘဲဖြစ်ပါတယ်။ ကမ္ဘာ့လူနာရဲ့ ရောဂါ အပြင်းဆုံးနေရာ မြန်မာပြည်ကိုကုဖို့ကတော့ ချို့တဲ့နေတဲ့ စီးပွားရေးနဲ့ ပညာရေးကို အမြန်ဆုံး အားဖြည့်ပေးဘို့ လိုပါလိမ့် မယ်။

ကဲ….ရောဂါလဲတွေ့ပြီ ကုနည်းလဲသိပြီမို့ ငြိမ်းချမ်းသာယာတဲ့ ပန်းပေါင်းစုံဖူးပွင့်တဲ့ ငှက်ကလေးတွေတေးသီတဲ့ လူသားအားလုံးပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ကမ္ဘာကြီးဖြစ်အောင် နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကျန်းမာလာစေ ဘို့ အမြန်ကုစားကြပါစို့လား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts