သတင်းဆောင်းပါး မောင်လူပေ

မောင်လူပေ – ခဏခံစား၊ အကျဉ်းသား

မောင်လူပေ – ခဏခံစား၊ အကျဉ်းသား
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၈

အများတကာအတွက်တော့ အကျဉ်းထောင်ဆိုလျှင် လွတ်မြောက်ဖို့သာတွေးကြပေမည်။ တောင်ကိုးရီးယားမှာတော့ နေ့စဉ်ရှင်သန်နေရသောဘဝမှ တစ်ရက်နှစ်ရက်တာမျှ လွတ်မြောက်ရေးအတွက် ပိုက်ဆံပေးကာ အကျဉ်းထောင်ထဲသို့ ဝင်နေကြသည်။

” ဒီအကျဉ်းထောင်က ကျွန်မကို လွတ်မြောက်မှုအရသာကိုပေးစွမ်းစေတယ်။” ဟု ဆိုလာသူက အသက်(၂၈)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း ပတ်ဟီးရီဖြစ်၏။ အကျဉ်းထောင်ထဲတွင်(၂၄)နာရီနေရန်အတွက် ဒေါ်လာ(၉၀)ပေးခဲ့ရသည်။

၂၀၁၃ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော ငါ့ကိုယ်ထဲကအကျဉ်းထောင်(Prison Inside Me) ဟု အမည်ရသည့် ယာယီအကျဉ်းထောင်တစ်ခုကို ဟုန်ချွန်း(Hongcheon )မြို့၏ အရှေ့မြောက်အရပ်တွင်တည်ထောင်ခဲ့ရာ အကျဉ်းသားနှစ်ထောင်ကျော် ဝင်ရောက်ခဲ့ကြပြီဖြစ်သည်။ အများစုမှာ ကုမ္ပဏီဝန်ထမ်းများနှင့် ကျောင်းသားများအများစုဖြစ်ပြီး များပြားလှသော အလုပ်ဖိအားများနှင့် ကျောင်းစာဖိအားများမှ လွတ်မြောက်စေရန် လာခဲ့ကြသည်။

“ကျွန်မမှာ အလုပ်ဖိအားတွေအများကြီးရှိတယ်။” ဟု ငါးမီတာပတ်လည်အခန်းလေးထဲမှာ အကျဉ်းခံနေသူ ပတ်ကပြော၏။ ” ဒီနေရမှာရောက်နေရမဲ့ အချိန်တော့မဟုတ်ဘူး။ အလုပ်တွေလုပ်နေရမှာ။ ဒါပေမဲ့ အလုပ်က ခဏလေးနားချင်တယ်။ ကိုယ့်ကိုကိုယ်ပြန်သုံးသတ်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုကို ဖန်တည်းချင်တယ်။” ဟု သူမက ဆက်ပြောသည်။

အကျဉ်းထောင်ဥပဒေကလည်း တင်းကျပ်လှ၏။ မည်သည့်အကျဉ်းသားနှင့်မှ စကားပြောခွင့်မရှိသလို မိုလ်ဘိုင်းဖုန်းနှင့် နာရီများလည်း ယူဆောင်ခွင့်မပြုပါ။

အကျဉ်းသားသည် အပြာရောင်အကျဉ်းသားဝတ်စုံတစ်စုံ၊ ယောဂဖျာတစ်ချပ်၊ လက်ဖက်ရည်ခွက်တစ်စုံ၊ ဖေါင်တိန်နှင့်မှတ်စုစာအုပ်သာ ယူခွင့်ရှိပြီး ကြမ်းပြင်တွင် အိပ်စက်ရမည်။အခန်းတွင်း၌ အိမ်သာလေးတစ်လုံးရှိသော်လည်း ကြည့်မှန်မပါရှိပေ။

ကျွေးမွေးမည်ကတော့ ညစာအတွက် မုန်လာဥပြုတ်နှင့် ငှက်ပျောဖျော်ရည်ဖြစ်ပြီး မနက်စာအတွက်မူ ဆံပြုတ်ဖြစ်သည်။

အကျဉ်းထောင်ကိုပူးတွဲတည်ထောင်သူ နိုဂျီဝမ်းက တစ်ပတ်လျှင်နာရီတစ်ရာကျော်အလုပ်ဆင်းရသော သူမ၏ယောက်ျား တရားသူကြီးကိုကြည့်၍ အကြံပေါ်ခဲ့သည်ဆို၏။

“ယောက်ျားကပြောတယ်။ နားနားနေနေနဲ့ စိတ်တွေကြည်လင်သွားအောင် တစ်ပတ်လောက် ထောင်ထဲမှာပဲ သွားနားနေချင်တယ်တဲ့။ အဲဒါနဲ့ ပထမဆုံးအကြံရတာပဲ။” ဟု သူမက ဆိုသည်။

တောင်ကိုးရီးယားသည် အဆင့်မြင့်နည်းပညာ ပို့ကုန်များအပေါ် မှီခိုနေရသည်။ စီးပွားရေးဈေးကွက် ကျဆင်းမှုရလာဒ်ကြောင့် အလုပ်ခွင်နှင့် ကျောင်းများတွင်ပို၍ ယှဉ်ပြိုင်မှုပြင်းထန်လာပြီး မတော်တဆမှုများနှင့် သတ်သေမှုများပိုလာခဲ့သည်ဟု ကျွမ်းကျင်သူတို့က ဆို၏။

OECD( Organization of Economic Cooperation and Development) နိုင်ငံ(၃၆)နိုင်ငံထဲတွင် တောင်ကိုးရီးယားသည် ၂၀၁၇ခုနှစ်တွင် လူတစ်ဦးလျှင် တစ်နှစ်အလုပ်ချိန်ပျမ်းမျှ (၂၀၂၄)နာရီဖြင့် မက္ကဆီကိုနှင့် ကော့စတာရီကာတို့၏နောက်မှလိုက်နေသော ကမ္ဘာပေါ်တွင် တတိယမြောက် အလုပ်ချိန် အများဆုံးနိုင်ငံဖြစ်သည်။

ဝင်ငွေပိုမိုရရှိရေးနှင့်အလုပ်ချိန်လျှော့ချရေးအတွက် အခြေခံလစာတိုးခြင်း၊ တစ်ပတ်အလုပ်ချိန်ကို (၆၈)နာရီမှ (၅၂)နာရီထိ လျှော့ချခြင်းများဆောင်ရွက်လျှက်ရှိသည်။ သို့သော် အလုပ်များပိုမိုဖန်တည်းနိုင်ခြင်းထက် အလုပ်ကို ပိုမို၍ အန္တရာယ်ဖြစ်စေသည်ဟု စီးပွားရေးပညာရှင်များက ဆိုပါသည်။

” လူတွေက ပထမပိုင်းမှာတော့ အကျဉ်းထောင်ထဲမှာ ၂၄နာရီကနေ ၄၈နာရီနေရမယ်ဆိုတော့ စိုးရိမ်ကြတယ်။” ဟု နို ကပြောသည်။

” ထောင်ထဲမှာနေပြီးတဲ့အခါမှာတော့ လူတွေက ပြောကြတယ်၊ ဒါက အကျဉ်းထောင်မဟုတ်ဘူး။ သူတို့ပြန်သွားရမဲ့နေရာကမှ တကယ့်အကျဉ်းထောင်.. တဲ့။ ” ဟု သူမကဆိုပါသည်။

(မိတ်ဆွေတို့ရော အကျဉ်းထောင်ထဲမှာ ခဏလောက်ဖြစ်ဖြစ်၊ နားအေးပါးအေး၊ စိတ်ဖိစီးမှုကင်းကင်းနဲ့ မနေချင်ကြဘူးလား။ ဒါဆိုရင်တော့ တောင်ကိုးရီးယားကိုသာ ကြွခဲ့ကြပါလို့စ်။)

ချစ်တဲ့
မောင်လူပေ
https://www.google.com/amp/s/mobile.reuters.com/article/amp/idUSKCN1NS0JB
ကို ဆီလျှော်သလို ပြန်ရေးထားပါတယ်။ မူရင်းဖတ်ချင်သူများ လင့်ခ်ထဲမှာ ဖတ်ကြပါရန်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts