K ငြိမ်းချမ်း သတင်းပဒေသာ

ပန်းချီ မောင်ဒီရဲ့GLOBAL VILLAGE အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲ အလှသစ်မှာ ပြသမယ်

ပန်းချီ မောင်ဒီရဲ့GLOBAL VILLAGE အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲ အလှသစ်မှာ ပြသမယ်

K (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၈

ပန်းချီဆရာကြီး မောင်ဒီရဲ့ GLOBAL VILLAGE အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၁၇)ရှိ Ahla Thit Art Gallery မှာ ဒီဇင်ဘာ ၁ရက်နေ့မှ ၅ရက်နေ့ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ တကိုယ်တော်ပန်းချီပြပွဲမှာ ပန်းချီဆရာကြီး မောင်ဒီရဲ့စီးရီလိုက်ဆွဲထားတဲ့ လောကနတ်ပန်းချီကားများကို ကြည့်ရှုရမှာဖြစ်ပြီး ပြပွဲရက်အတွင်း နံနက် ၉နာရီမှ ညနေ ၅နာရီ ထိပြသသွားမှာဖြစ်ပါတယ်။

ဆရာမောင်ဒီဟာ အသက်(၇၇) နှစ်အရွယ်ရှိပြီး ပန်းချီ၊ ကဗျာ၊ ၀တ္ထု၊ ပန်းပု၊ သီချင်း အစရှိတဲ့ အနုပညာများကို ဖန်တီးရေးသားလေ့ရှိပြီး သူ့ရဲ့အနုပညာလက်ရာပန်းချီကားများ ပြည်တွင်းပြည်ပမှာ ၀ယ်ယူစုဆောင်းခံရသူတဦးဖြစ်ပါတယ်။

မောင်ဒီကို အဖ ဦးမြသီ၊ အမိ ဒေါ်အုန်းပြိုင်တို့က ၁၉၄၁ ခုနှစ်၊ ဩဂုတ်လ ရ ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ သရက်တောရွာ၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မျိုးညွန့် ဖြစ်။ ပထမ ကံကူ လက် လှည့် ဆရာမှာ မြစ်ခြေမြို့၊ မဇဂ္ဂိမရာမကျောင်း ဆရာတော် ဦးဉာဏ ဖြစ်။ ၁၉၅၉ ခုနှစ်တွင် မန္တလေးမြို့၊ ဗဟိုရ်စည် သတင်းစာကြီးရဲ့ ပင်တိုင်ကာတွန်းဆရာအဖြစ် စတင်ခဲ့။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့၍ သတ္တိစာစောင်နှင့် စုံထောက်မဂ္ဂဇင်းတို့မှ စတင်၍ မဂ္ဂဇင်းပန်းချီများကို မျိုးညွန့်အမည်နှင့် ရေးဆွဲခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ကာရန်မဲ့ ကဗျာများကို စတင် ရေးသားခဲ့၍ ၁၉၆၉ ခုနှစ်တွင် စာရေးဆရာကြီး ရန်ကုန်ဘဆွေက ရုပ်ရှင်ချစ်သူမဂ္ဂဇင်းတွင် စတင် ဖော်ပြခံရ။ နောက်ပိုင်းတွင် ကလောင်အမည် မျိုးညွန့်ကို မောင်ဒီ ဟု ပြောင်းလဲခဲ့။ တကိုယ်တော်ပန်းချီပြပွဲကို ၁၉၇၉မှ စတင်ကာ ပြသခဲ့။

လေညင်းကလေးကဗျာစာအုပ် ၁၉၉၅ခုနှစ်ကျမှ ထုတ်ဝေခဲ့။ အုန်းဆံကြိုးကလေး၊ ခေါင်းအုံးကလေး၊ ကမ္ဘာကြီးလုံးသွားခြင်းအကြောင်း၊ ချောင်းမကြီးချောင်းကဗျာရှည် (၁၉၇၈) တို့မှာ အထူးထင်ရှားခဲ့ပါတယ်။ တေးရေးတေး ဆိုခင်ဝမ်းနဲ့ သူငယ်ချင်း ဖြစ်ပြီး ခင်ဝမ်းမှ အိုမောင်ဒီအမည်နဲ့သီချင်းရေးစပ်သီဆိုခဲ့။ သိန်းငှက်ပျိုတို့ရဲ့သဘာဝ ကဗျာကိုရေးသားခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ တေးသံရှင် ခင်မောင်တိုး သံစဉ်ထည့်သီဆိုခဲ့။ အဆို တော် အောင်နိုင် ၁၉၈၅ခုနှစ်က ထွက်ခဲ့သောနွဲ့ဆိုးရယ် ကျေနယ်တယ် တေးစီးရီးမှာ သန်းခေါင်ယံသီချင်းသည် သီချင်းရေးသားခဲ့။

ဂီတနှင့်ပန်းချီ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း၊ သင်္ချာပညာ ငါဆရာ၊ အင်္ဂလိပ်အသံထွက်ကိစ္စ၊ မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၏ ပဲ့တင်သံ၊ ဤလူရွာနှင့် အခြားဝတ္ထုတိုများ၊ သူငယ်တော်နှင့် အခြားဝတ္ထုတိုများ အစရှိတဲ့ စာအုပ်များလည်းရေးသားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts