K ငြိမ်းချမ်း သတင်းပဒေသာ

ရုပ်ပြပန်းချီ ရှင်သန်ခြင်းအမည်ဖြင့် မြိတ်ဝင်းထိန် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် Yangon Book Plaza ပြုလုပ်မယ်

ရုပ်ပြပန်းချီ ရှင်သန်ခြင်းအမည်ဖြင့် မြိတ်ဝင်းထိန် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် Yangon Book Plaza ပြုလုပ်မယ်
K (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၈

ရုပ်ပြဘုရင်အဖြစ် တင်စားခြင်းခံခဲ့ရတဲ့ မြိတ်ဝင်းထိန် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်ကို ရုပ်ပြပန်းချီ ရှင်သန်ခြင်းအမည်ဖြင့် ရန်ကုန်မြို့လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plazaမှာ နိုဝင်ဘာ ၁၈ရက် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

အဆိုပါ မြိတ်ဝင်းထိန် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အခမ်းအနားမှာ ပန်းချီလက်ရာတချို့နဲ့ ရုပ်ပြကာတွန်းစာအုပ်များကိုလည်း အမှတ်တရ ပြသထားမှာ ဖြစ်ပြီး သူရေးဆွဲခဲ့ပြီး ပြန်လည်ဆန်းသစ်ထုတ်ဝေထားတဲ့ ”န၀ရတ်ရဲ့အကြိုတော် ရုပ်ပြစာအုပ်ကို ၂၀ရာခိုင်နှုန်း လျှော့ဈေးများနဲ့ရောင်းချပေးသွားမယ်လို့သိရပါတယ်။

အခမ်းအနားနဲ့ပတ်သက်ပြီး ပွဲစီစဉ်ကျင်းပတဲ့ Yangon Book Plaza ပေ့ကလည်း “ရုပ်ပြဘုရင် မြိတ်ဝင်းထိန်ဆိုတဲ့ ဘွဲ့တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဆရာပန်းချီ မြိတ်ဝင်းထိန်ရဲ့ ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အခမ်းအနားလေးဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားမှာ ဆရာနဲ့ တွေ့ကြုံခဲ့တဲ့ ရုပ်ပြ၊ စာပေမိတ်ဆွေများရဲ့ အမှတ်တရ စကားများ နားဆင်ခွင့်၊ Exit Books ကနေ မကြာသေးခင်ကမှ ပြန်လည်ဆန်းသစ်ထုတ်ဝေထားတဲ့ ”န၀ရတ်ရဲ့အကြိုတော်” စာအုပ်ကို ၂၀% လျှော့ဈေးများနဲ့ ၀ယ်ယူခွင့်တို့ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ မြိတ်ဝင်းထိန်ရဲ့ ပန်းချီလက်ရာတချို့နဲ့ ရုပ်ပြကာတွန်းစာအုပ်များကိုလည်း အမှတ်တရ ပြသထားမှာ ဖြစ်ပါတယ်။ ဆရာ မြိတ်ဝင်းထိန်ရဲ့ အမှတ်တရများစွာတို့နဲ့အတူ ကာတွန်း ရုပ်ပြစာအုပ်များနဲ့ ဖြတ်သန်းဖို့အတွက် ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ Yangon Book Plaza ကို ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ”လို့ရေးသားပြောဆိုထားပါတယ်။

ပန်းချီမြိတ်ဝင်းထိန်ဟာ ပန်းချီ၊ ရုပ်ပြကာတွန်းများကိုရေးဆွဲခဲ့ပြီး နဂါးမလေး မောင့်ချစ်သူ၊ န၀ရတ်ရဲ့အကြိုတော်၊ မသိလို့လား မချစ်လို့လား အစရှိတဲ့ ရုပ်ပြဇာတ်လမ်းများဟာ အထူးထင်ရှားပါတယ်။ ၂၀၁၃သြဂုတ်လ ၁၀ရက် အသက် ၅၇နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ပန်းချီမြိတ်ဝင်းထိန် (၁၉၅၆ – ၂၀၁၃)၏ ရေးနည်းရေးဟန်အကြောင်းနှင့် သူဖန်တီးခဲ့တဲ့အနုပညာလက်ရာ၊ ပန်းချီလက်ရာ စုစုပေါင်း (၃၂၈) ပုံကို စုစည်း၍ ၂၀၁၄ခုနှစ်မှာ ရေးနည်းရေးဟန်နဲ့ သူဖန်တီးခဲ့တဲ့ အနုပညာလက်ရာများ အမည်ရှိ စာအုပ်ကိုထုတ်ဝေထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts