သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီကြီး ၂ ခု သူတင်၊ကိုယ်တင်

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီကြီး ၂ ခု သူတင်၊ကိုယ်တင်

မိုက်ခဲစိန် (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၈


Mid Term Election လို့ခေါ်တဲ့ အမေရိကန်က ကြားဖြတ်ခေါ်ခေါ် ကြားကာလခေါ်ခေါ် အမတ်ရွေးကောက်ပွဲကြီး ကို နိုဝင်ဘာ ၆ က ကျင်းပပြီးစီးပြီးနောက် နိုဝင်ဘာ ၇ မှာ ရလဒ်များ ထွက်လာပါပြီ။ ဒေါ်နယ်ထရန့် သမ္မတအဖြစ် ဦးဆောင်မှုပေးနေတဲ့ ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်မှာ အနိုင်ရပြီး၊ အတိုက်အခံလွှတ်တော် လူနည်းစုခေါင်းဆောင် နန်စီပလိုစီ ဦးဆောင်မှုပေးနေတဲ့ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်မှာ လူအင်အားအများစုနဲ့ အနိုင်ရကြပါတယ်။ 

အတိုက်အခံလွှတ်တော် လူနည်းစုခေါင်းဆောင် နန်စီပလိုစီ

 သည်တော့ မြန်မာ့အခေါ် ပြည်သူလွှတ်တော်မှာ ဒီမိုကရက်တွေက လူများစုဦးဆောင်တဲ့ ပါတီအဖြစ် ရပ်တည်ကြတာမို့ သူတို့က House Majority လို့ ဖြစ်သွားပါတယ်။ မြန်မာ့အခေါ် အမျိုးသားလွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေက အများစုအသာရတာမို့ သူတို့တွေက Senate Majority တွေ အဖြစ် ဆက်လက်ရပ်တည်ကြပါမယ်။ 

၂၀၁၆ သမ္မတရွေးကောက်ပွဲမှာတုန်းက ထရန့် သမ္မတအဖြစ် ရွေးချယ်ခံရပြီး House ကော Senate မှာပါ Republican တွေ Majority အဖြစ် နိုင်ခဲ့ရာက House (အောက်လွှတ်တော်) ကို အတိုက်အခံပါတီ Democratic တွေကို အရှုံးပေးလိုက်ရပါတယ်။ လွှတ်တော် ၂ရပ်လုံးနိုင်တဲ့ သမ္မတနဲ့ သူတို့ပါတီအနေနဲ့ စိတ်တိုင်းကျ တိုင်းပြည်ကို အုပ်ချုပ်တာ ဥပဒေပြုတာ ပြင်တာ လုပ်နိုင်တဲ့ အခြေအနေကနေ အောက်လွှတ်တော်ကို အတိုက်အခံအုပ်စီးသွားတဲ့အတွက် အစိုးရနဲ့ အထက်လွှတ်တော် ၂ ရပ်တည်းနဲ့ အရင်ကထက်တော့ လွတ်လွတ်လပ်လပ် အာဏာရပါတီနဲ့ အစိုးရ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

အထက်လွှတ်တော် – ဆီးနိတ်အနိုင်စာရင်း

အမေရိကန်သမိုင်းမှာ ဒီကြားဖြတ်ရွေးကောက်ပွဲကို လူထုက စိတ်ဝင်စားမှုအများဆုံးနဲ့ မဲထွက်ပေးခဲ့ကြတယ် လို့ ဆိုပါတယ်။ အမေရိကန် ဦးရေ သန်း ၃၀၀ အနက် သန်း ၁၀၀ ကျော် မဲလာပေးတယ်လို့ ဆိုပါတယ်။ အရင်က မဲပေးဖို့ စိတ်ဝင်စားကြတာက လူဖြူများ၊ ၅၅နဲ့အထက် လူကြီးများ ဖြစ်ကြလေ့ရှိရာက အသားအရောင်ပေါင်းစုံလူများ၊ လူငယ် လူရွယ်များ တိုး၍ မဲပေးကြပါတယ်။ လူချမ်းသာများသာ မဲပေးကြရာကနေ လူဆင်းရဲ လူလတ်တန်းစား ပေါင်းစုံ မဲလာပေးကြပါတယ်။ မြို့ပြ၊ ဆင်ခြေဖုံးတွေမှာ မဲပေးဖို့ စိတ်ဝင်စားသူ နည်းလေ့ရှိပြီး ယခုတော့ မြို့ရော တောပါ မဲပေးသူတွေ တိုးလာတယ် လို့ ဆိုပါတယ်။ 

အောက်လွှတ်တော် – House အနိုင်စာရင်း

ဘာကြောင့်လဲဆိုတော့ – ၂၀၁၆ မှာ နိုင်ခဲ့တဲ့ သမ္မတကြီး ဒေါ်နယ်ထရန့်ကို ကြိုက်သူများနဲ့ မကြိုက်နှစ်သက်သူများ၏ ထိပ်တိုက် ဆန္ဒခံယူပွဲ စိန်ခေါ်ပွဲ ဖြစ်နေလို့ ဟု အကြမ်းအားဖြင့် ဆုံးဖြတ်နိုင်ကြပါတယ်။ ထရန့်နဲ့ ရီပတ်ဘလစ်ကန်တို့၏ နိုင်ငံရေး စီးပွားရေး လူမှုရေး ပေါ်လစီများ လုပ်ပုံကိုင်ပုံများ ပြောဆိုမှုများကို နှစ်သက်ကြသူတွေနဲ့ မနှစ်သက်ကြသူတွေကြား အစွန်း၂ဖက် ကွာဟမှု ကြီးမားလှတာကြောင့် ဒီကြားဖြတ်မှာ မဲပေးသူတွေ အားကုန်ထွက်ပြီး မဲပေးကာ ဆန္ဒထုတ်ဖော်ကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်ပဲ ကြားဖြတ်မှာ ဒီမိုကရက်တွေက အောက်လွှတ်တော်ကို ပြန်စီးမိကြပြီး အထက်လွှတ်တော်မှာတော့ဖြင့် ရီပတ်ဘလစ်ကန်တွေ ဆက်စိုးမိုးခွင့်ရသွားကြပါတယ်။


ဒါဆိုရင် သရေကျသွားသလားလို့ မေးနိုင်ပေမယ့် အောက်လွှတ်တော်ဆိုတာက မြို့နယ်အလိုက်ကိုယ်စားပြု အမတ်ဦးရေကို ကိုယ်စားပြုတာမို့ အောက်လွှတ်တော်အမတ်အများစုဟာ အတိုက်အခံဒီမိုကရက်တွေ ဖြစ်လာတယ်ဆိုတာက ထရန့်နဲ့ ရီပတ်ဘလစ်ကန်တို့အတွက် ထိုးနှက်ချက်ခံရတာ ဖြစ်ပါတယ်။ သူတို့တွေအပေါ် ထောက်ခံမှု ကျလာတယ် ဆိုတဲ့ သဘောပေါ့။ အထက်လွှတ်တော်အမတ်ဆိုတာက ပြည်နယ် ၅၀ ကနေ ၂ဦးစီ ကိုယ်စားပြု အမတ် ၁၀၀ ဆိုတာမို့ သူတို့လည်း ဥပဒေပြုရေးမှာ အစွမ်းထက်ကြတယ် ဆိုနိုင်သော်လည်း အောက်လွှတ်တော်နဲ့ အားပြိုင်ရမှာ ဖြစ်တာမို့ အကန့်အသတ်တွေ ရှိသွားပြီ၊ အားနည်းသွားပြီ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်စာရင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ တခါတည်း ပြည်နယ်ဝန်ကြီးချုပ်တွေပါ ၀င်ရွေးခံရတာမို့ ပြည်နယ် ၅၀ အနက် သက်တန်းပြည့် ၀န်ကြီးချုပ်တွေ ရွေးကြရာမှာ ဒီမိုကရက်တွေက ၂၃ နေရာ၊ ရီပတ်ဘလစ်ကန်တွေက ၂၆ နေရာစီ ရကြပါတယ်။ ရီပတ်ဘလစ်ကန် ၀န်ကြီးချုပ်နေရာ ၆ နေရာ ရှုံးပြီး ဒီမိုကရက်တွေက ၇ နေရာ အနိုင်ရခဲ့ကြတယ်ဆိုတော့ – ပြည်နယ်အစိုးရ၀န်ကြီးချူပ်ပြိုင်ပွဲမှာလည်း ရီပတ်ဘလစ်ကန်တွေ အသာမရခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘယ်တော့မှ မလျော့တဲ့ ထရန့်

အာဏာရ ထရန့်အစိုးရနဲ့ ပါတီ၏ ပေါ်လစီတွေဖြစ်တဲ့ ဘာသာခြားများ (မူဆလင်များ)ကို ဖိနှိပ်ခြင်း၊ ရွှေ့ပြောင်းအခြေစိုက် တရားဝင်နိုင်ငံသားများအပေါ် လူဝင်မှုကြည့်ကြပ်ရေး တင်းကြပ်လိုခြင်း၊ နယ်စပ်ဖြတ်ကျော်များအပေါ် လူမဆန်စွာ ကိုင်တွယ်အရေးယူခြင်း၊ နိုင်ငံသားများ ဆေးကုသခွင့်အာမခံချက် ဥပဒေကို ကန့်သတ်ခြင်း၊ အခွန်အတုတ်များ လျော့ပေးသည်ဆိုရာမှာလည်း လုပ်ငန်းရှင်များကိုသာ ဦးစားပေးခြင်း၊ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်ရေးစစ်ပွဲများ၊ ပိတ်ဆို့အရေးယူမှု နိုင်ငံရေးစစ်ပွဲများ တိုးမြှင့် လှုံဆော် ရန်လိုလာခြင်း၊ လူဖြူများ ရှေးရိုးစွဲများ၏ အယူအဆ အတွေးအခေါ်များကို ဦးစားပေး ကာကွယ်မှု ပြုလုပ်ခြင်း၊ အမျိုးသမီးများ လိင်တူ လိင်ကွဲ ဘာသာခြား တန်းတူအခွင့်အရေးဆိုင်ရာကို ကန့်သတ်လိုခြင်း၊ ကမ္ဘာလုံးဆိုင် သဟဇာတဖြစ်မှု (ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သယံဇာတစောင့်ရှောက်ရေး၊ ယူအင်န်လုပ်ငန်းစဉ်များ ကူညီရေး) စတာတွေကနေ နောက်ဆုတ်မှုတွေလုပ်လာခြင်းတွေကြောင့် မျိုးဆက်သစ်တွေ လူငယ်တွေ အရောင်အသွေးစုံ လူတန်းစားတွေရဲ့ မနှစ်မြို့မှုကို သည်ရွေးကောက်ပွဲကနေ ထုတ်ဖော်ပြသလိုက်တယ် လို့ ဆိုကြပါတယ်။


ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်ပြီး နောက်နေ့မှာ ထရန့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ သူတို့အစိုးရ သူတို့ပါတီကို လူထုက ဆက်လက်ထောက်ခံတာ ပြသလိုက်တယ်လို့ ပြောင်ပဲ မျက်စိမှိတ် ကြွားလုံး ထုတ်လိုက်ပါတယ်။ ထရန့်မထောက်ခံသူတွေ ရှုံးကြတာပဲလို့ သူက ပြစ်တင်လိုက်ပါသေးတယ်။ သတင်းစာရှင်းလင်းပွဲမှာ သတင်းစာသမားတွေအမေးကို ပြန်မဖြေနိုင်လောက်အောင် ဒေါသပုန်ထပြီး ဟိန်းဟောက် ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ချက်ခြင်းဆိုသလိုပဲ သူခန့်ထားတဲ့ အစိုးရရှေ့နေချုပ် ဂျက်ဆက်ရှင်ကို ရာထူးကနေ နှုတ်ထွက်ခိုင်းလိုက်ပါတယ်။ ဂျက်ဆက်ရှင်ဟာ ထရန့်ရွေးကောက်ပွဲတုန်းက ပုလင်းတူ ဗူးဆို့ဖြစ်ခဲ့ပေမယ့် အခု FBI စုံစမ်းစစ်ဆေးနေတဲ့ ရုရှားတို့ အမေရိကန်ရွေးကောက်ပွဲ ၀င်ရောက် ခြေရှုပ်တော်ပုံမှာ ထရန့်ဘက်ကလိုက်ပြီး ကာကွယ်ပေးရန် ပျက်ကွက်တာကြောင့် ထရန့်မျက်မုန်းကျိုးမှု ခံနေရပြီး ယခု အောက်လွှတ်တော်ကို ရှုံးပြီးနောက်မှာ ဒါးစာခံအဖြစ် အထုတ်ခံရတယ်လို့ ဆိုနေကြပါတယ်။

 
ထရန့်လက်ထက်မှာ စီးပွားရေး တက်လာတာ၊ လုပ်ခလစာတွေ တိုးတာလာ၊ အလုပ်တွေ ပေါများလာတာတွေ ရှိပါတယ်။ သို့သော်လည်း အစိုးရဘက်က လိုငွေတွေ ပိုတိုးလာပြီး အကြွေးတွေလည်း ပိုတက်လာနေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲတွေ၊ အခွန်အတုတ် တင်းကြပ်မှုတွေ လုပ်လာတဲ့အတွက် နောက်တကြိမ် စီးပွားကြပ်မှုဒဏ်ကို အမေရိကန်တွေ ခံကြရဦးမှာ ဖြစ်တယ်လို့ တွက်ကိန်းထုတ်ကြပါတယ်။ ရီပတ်ဘလစ်ကန်တွေက စီးပွားပျက်ကပ်တွေ ဖန်တီးပြီး ဒီမိုကရက်တွေက စီးပွားပျက်ကပ်ကနေ ရုန်းထွက်ကြရလေ့ ရှိပါတယ်။ စီးပွားရေးဦးမော့တာနဲ့ ရီပတ်ဘလစ်ကန်တွေ အာဏာ ပြန်ရကြပြီး သူတို့ပေါ်လစီတွေကြောင့် စီးပွားပြန်ကျလေ့ရှိတာ အမေရိကန်သမိုင်းရဲ့ အစဉ်အလာ ဖြစ်ပါတယ်။ ဘွတ်လက်ထက်မှာ စီးပွားကျ၊ အိုဘားမားက ပြန်ဆယ်တင်၊ ထရန့်က ပြန်ဖျက်ပစ်ဆိုတဲ့ နိုင်ငံရေးသံသရာ ဆက်လယ်ဦးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်က ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရသူတွေ ပျော်ရွှင်နိုင်ကြပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts