SaLai Shwe Lin

Salai Shwe Linn – Boss & Worker

အလုပ်ရှင်နှင့် အလုပ်သမား
ဆလိုင်းရွှေလင်း၊ စက်တင်ဘာ ၂၆၊ ၂၀၁၃
        မြတ်ဗုဒ္ဓ ဟောကြားသော သိင်္ဂါလောဝါဒသုတ်တွင် ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊ ရဟန်းနှင့်ဒကာ၊ သခင်နှင့်ကျွန်၊ မိတ်ဆွေအချင်းအချင်း … … … .. စသည်ဖြင့် အပြန်အလှန်ကျင့်ရမည့် ကျင့်ဝတ်များကို ဟောကြားထားသည်။ လူ့ချမ်းသာ နတ်ချမ်းသာ တည်းဟူသော ကောင်းမြတ်သော သုဂတိဘုံဘဝသို့ ရောက်လိုလျှင် ထိုသို့သော ကျင့်ဝတ်များကို ကျေပွန်ရမည်ဟု မှတ်သားရပါသည်။ အပြန်အလှန်အားဖြင့် ကျင့်ဝတ်များပျက်ကွက်လျှင် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသုရကယ်၊ ထိုအပါယ် ၄-ဘုံသို့ ကျရောက်မည်ဟု ဆိုလို၏။
          ဘုရားတည်၊ ကျောင်းဆောက်၊ အလှူကြီးအဒါန်းကြီးများကိုလုပ်၊ ဥပုသ်စောင့်၊ တရားထိုင် … … … ထိုအလုပ်များကို သဒ္ဓါထက်သန်စွာ နည်းလမ်းတကျ ဆောင်ရွက်လျှင် သုဂတိ ဘုံဘဝသို့ လားရောက်ပါသည်။ ထိုအလုပ်များကို လုပ်နိုင်လောက်အောင် ငွေကြေးချမ်းသာမှုမရှိ၊ အချိန်မပေးနိုင်လျှင် ငါးပါးသီလမြဲ၍ ကျင်.ဝတ်များကို ကျေပွန်ရုံဖြင့် သုဂတိဘုံဘဝသို့ လားရောက်နိုင်သည်သာ ဖြစ်ပါသည်။  
          ထို့ကြောင့် ဝေဘူဆရာတော်က သားမယားလုပ်ကျွေးတဲ့ ကုသိုလ်ကို ပေါ့သေးသေး မမှတ်သင့်ကြောင်း၊ နတ်ပြည်ချမ်းသာကို မပေးစွမ်းနိုင်သော်လည်း လူ့ချမ်းသာကို ပေးစွမ်းနိုင်ကြောင်း၊ ပဒေသရာဇ် ဧကရာဇ်စည်းစိမ်းမျိုးအထိ ပေးစွမ်းနိုင်ကြောင်း ဟောကြားခဲ့ပါသည်။
          မိုးကုတ်ဆရာတော်ကလည်း ကုသိုလ်လိုချင်လို့ကတော့ သောက်ရေအိုးစင်သာ တည်းထားလိုက်ဟု ဟောကြားခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ ကုသိုလ်ရနိုင်သော အကြောင်းတရားများစွာ ရှိနေကြောင်းနှင့် နိဗ္ဗာန်ချမ်းသာ ရရေးအတွက် ဝိပဿနာတရားအားထုတ်ခွင့် ရဖို့သာ ခဲယဉ်းကြောင်း ဆိုလိုပေသည်။
          သခင်နှင့်ကျွန် ကျင့်ဝတ်ဟုဆိုသော်လည်း၊ အမှန်စင်စစ်အားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့ အပြန်အလှန် ဖြည့်ဆည်းကျေပွန်ရမည့် ကျင့်ဝတ်များပင် ဖြစ်သည်။
          အလုပ်ရှင်၏ ကျင့်ဝတ်များတွင် အလုပ်သမားကို ဝဝလင်လင်ကျွေးမွေးခြင်း၊ ကျန်းမာရေး ချို့တဲ့လျှင် ဆေးကုပေးခြင်းများလည်း ပါဝင်သည်။ ဤအချက်များသည် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီနေကြောင်းတွေ့ရသည်။
          အလုပ်ရှင်ဟုဆိုရာတွင် ကုမ္ပဏီပိုင်ရှင်များသာ ဆိုလိုသည်မဟုတ်၊ အစိုးရလည်းပါဝင်သည်။ အစိုးရသည် အလုပ်ရှင်ဖြစ်၍ အစိုးရဝန်းထမ်းများသည် အလုပ်သမားများပင်ဖြစ်သည်။
          ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်မှာ မှန်၏။ အပြန်အလှန်အားဖြင့် နိုင်ငံကောင်းမှ ဝန်ထမ်းများလည်း ကောင်းမည် ဖြစ်သည်။ ဤကိစ္စမှာ အပြောလွယ်သလောက် သဘောပေါက်ဖို့ ခက်၏။
          အဂတိတရားကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင့်သုံးနေသော နိုင်ငံတွင် အလုပ်ရှင်ဘက်က ကျင့်ဝတ်များပျက်ကွက်သလို အလုပ်သမားဘက်ကလည်း ကျင့်ဝတ်များ ပျက်ကွက်နေကြကြောင်း တွေ့ရသည်။
          ဝန်ထမ်းတွေက နည်းမျိုးစုံနှင့် ခိုးနေကြတာကို၊ ဘယ်လိုလုပ်ကောင်းနိုင်မှာတုန်းဟုဆိုတတ်ကြသည်။ ဘာ့ကြောင့် ထိုသို့ဖြစ်နေသလဲဟု ဆန်းစစ်ရန် မေ့နေတတ်ကြသည်။ ဝန်ထမ်းများကို ခန့််ထားသော အလုပ်ရှင်များက နည်းမျိုးစုံဖြင့် ခိုးနေကြခြင်းကြောင့်လည်း ဖြစ်ကြောင်း မမေ့အပ်ပေ။
          ဝန်ထမ်းများက ရုံးချိန်တွင် အချိန်ပြည့်အလုပ်မလုပ်ဘဲ ဟိုခိုဒီကပ် လုပ်နေသည်။ သို့မဟုတ် သူတို့ကိုယ်ပိုင်အလုပ်ကို လုပ်နေသည်။ ဤသည်ကို အချိန်ခိုးသည်ဟု ဆိုကြ၏။ အလုပ်ရှင်က ရုံးချိန်ပြင်ပ၌ပင် ဟိုခိုင်းဒီခိုင်း ခိုင်းနေခြင်းမျိုး၊ အလုပ်ကို အိမ်သို့ယူဆောင်လုပ်ကိုင်စေခြင်းမျိုးသည်လည်း အလုပ်ရှင်က အလုပ်သမား၏ အလုပ်ချိန်ကို ခိုးယူခြင်းပင်ဖြစ်သည်။
          ဝန်ထမ်းက ကြီးလေးသောတာဝန်နှင့် အကျိုးခံစားခွင့်ကို ရယူထားပါလျက် တာဝန်ရှောင်ပေါ့ဆလျှင် ငွေကြေးကို ခိုးယူထားခြင်းမျိုးနှင့် တူ၏။ ရသောငွေကများ၍ ထမ်းသောတာဝန်က သေးငယ်နေခြင်းကြောင့် ဖြစ်သည်။
          အလုပ်ရှင်က များများခိုင်းပြီး နည်းနည်းသာပေးလျှင် သူသည် အလုပ်သမားထံမှ ငွေကြေးခိုးယူနေခြင်း ဖြစ်သည်။
          ငါးပါးသီလတွင် အဒိန္နာဒါန သိက္ခာပုဒ်၌ ခိုးခြင်း၂၅-ပင် ဖွင့်ဆိုထား၏။ မိမိ ရသင့်ရထိုက်သော အတိုင်းအတာထက် ပိုယူလျှင် ခိုးခြင်းပင်ဖြစ်သည်ဟု အကျဉ်းချုပ် မှတ်သားထိုက်၏။ တနည်းအားဖြင့် သူတပါးရသင့်ရထိုက်သော အတိုင်းအတာထက် လျှော့ပေးခြင်းသည်လည်း ခိုးခြင်းပင်ဖြစ်၏။ အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် ခိုးယူနေကြပါမူ ကျင့်ဝတ်များကို အတူတူပျက်ကွက်နေကြသဖြင့် ပစ္စုပ္ပန်ဘင၌လည်း အဆင်မပြေကြ။ တမလွန်ဘဝ၌လည်း သုဂတိဘုံဘဝသို့ရောက်ရန် ခဲယဉ်း၏။
          အလုပ်နှင့်ပတ်သက်သော အလုပ်သမား၏ ခံယူချက်မှာလည်း နိုင်ငံရေးစနစ်ကို လိုက်၍ကွာခြားနိုင်ကြောင်း တွေ့ရသည်။်။အရင်းရှင်စနစ် (ယခုတော့ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီဟု ပြောင်းခေါ်သောစနစ်) ကျင့်သုံးသော နိုင်ငံတွင် အင်တာဗျူးတစ်ခု လုပ်သည်။ ရုံးအဆောက်အဦးကို မီးစွဲလောင်နေလျှင် ဘာလုပ်မလဲဟု အလုပ်ရှင်က မေး၏။ ဖြေသူက မီးသတ်ဌာနကို ဖုန်းဆက်ပေးရုံပေါ့ဟု ပြော၍ အလုပ်ရသွားသည်။
          သို့သော် ကွန်မြူနစ်၊ ဆိုရှယ်လစ် ကျင့်သုံးနေသော နိုင်ငံများတွင် ထိုသို့သွားဖြေလျှင် အလုပ်ရမည်မဟုတ်။ ကိုယ်တိုင်လည်း ဝိုင်းဝန်းမီးငြှိမ်းပေးမှာပေါ့ဟု ဆိုမှ အလုပ်ရမည်ဖြစ်သည်။
          အရင်းရှင်တို့၏ အတ္တကြီးမှု၊ စာနာမှုကင်းမဲ့မှု၊ ကိုယ်ကျိုးစီးပွားအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာမှုတို့ကြောင့် ဘုံစနစ်ခေါ် ကွန်မြူနစ် ဆိုရှယ်လစ်ဝါဒတွေ ပေါ်လာသည်။ တနည်းအားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့၏ မပြေလည်မှုက စတင်သော စနစ်ဖြစ်သည်။ အလုပ်သမားသည်ပင် အလုပ်ရှင်ဖြစ်ရမည်ဟူသော ပစ္စည်းမဲ့အာဏာရှင်စနစ်ကို စိတ်ကူးယဉ်ခြင်း ဖြစ်သည်။
          ကွန်မြူနစ်နိုင်ငံ တန်ခိုးဩဇာတက်လာသည်နှင့်အမျှ စစ်အေးတိုက်ပွဲကလည်း အပြင်းအထန်ဖြစ်လာသည်။ အရင်းရှင်နိုင်ငံများ ရှိ အထူးသဖြင့် အနောက်တိုင်းနိုင်ငံများရှို အခွင့်ထူးခံများသည် ကွန်မြူနစ်တော်လှန်ရေးအပေါ် ကြောက်ရွံ့စိုးရိမ်လာကြသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကိုသုံး၍ ကြွယ်ဝ ချမ်းသာမှုကို ပြန်လည် ဖြန့်ဝေသည်။ အလုပ်သမားတို့၏ ရပိုင်ခွင့်ကို တိုးမြှင့်ပေးခြင်းနှင့် လူမှုစရိတ်များကိုပံ့ပိုးပေးခြင်းကို ဆိုလိုသည်။ ဤသို့ဖြင့် သူတို့်သည် သစ္စာရှိုသော လူလတ်စား ကြီးထွားရေးကို ထူထောင်နိုင်ခဲ့သည်။ လူလတ်စားများကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။
          အခြားတစ်ဖက်တွင် ပုဂ္ဂလိက စီးပွားရေးကို ပိတ်ပင်ခြင်း၊ အာဏာကို မက်မော ချုပ်ကိုင်လွန်းခြင်း၊ လက်တွေ့ဘဝနှင့် ကင်းကွာခြင်း တို့ကြောင့် ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများ ဆင်းရဲသထက်ဆင်းရဲလာကြသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းနှင့်အတူ စိတ်ကူးယဉ်ဆိုရှယ်လစ် စီးပွားရေးစနစ်လဲ ဗုံးဗုံးလဲသွားသည်။ တရုတ်ကမူ ၁၉၈၀ ပြည့်လွန်ကာလများကပင် အခြေအနေကို သဘောပေါက်၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်ပေးသည်။ ယခုတော့ ဒုတိယ ကမ္ဘာအချမ်းသာဆုံးနိုင်ငံပင် ဖြစ်လို့နေသည်။
          ၅-၆-၁၃ နေ့ထုတ် 7 day ဂျာနယ်တွင် ဆရာကြည်နေမင်းဝင်းက ကမ္ဘာကြီးအနာဂတ် ပုံဖော်မည့်သူ အမည်ဖြင့် ဆောင်းပါးရေးထားသည်။ အရင်းရှင်တွေက ကွန်မြူနစ်တွေကို မကြောက်ရတော့သဖြင့် ကြွယ်ဝချမ်းသာမှု ဖြန့်ဝေဖို့ တုံ့နှေးလာကြသည် ဟုဆိုပါသည်။ ထိုမှတစ်ဆင့် အလုပ်ရှင် အလုပ်သမား အစာမကြေမှု ကြီးထွားလာပါက ကွန်မြူနစ်စနစ်များ ခေါင်းပြန်ထောင်ထလာမလား ဟု စာရေးသူ စဉ်းစားမိသည်။ အရင်းရှင်စနစ်က ဈေးကွက်စီးပွားရေးစနစ်ဟု အမည်တစ်မျိုးဖြင့် ပြန်လာသလို၊ ကွန်မြူနစ်စနစ်ကလည်း အခြားသော အမည်တစ်မျိုးမျိုးဖြင့် ပြန်လာကောင်း ပြန်လာနိုင်သည်။ စာရေးသူကတော့ မည်သည့်နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်ကိုမှ ပြီးပြည့်စုံအောင် မှန်ကန်သည်ဟု မယုံကြည်ပါ။
          ယုံကြည်တာကတော့ မည့်သည့်စနစ် မည်သည့်ခေတ်တွင်မဆို ဗြဟ္မစိုရ်တရား ထွန်းကားလျှင် ပျော်စရာကောင်းမည်၊ ဗြဟ္မစိုရ်တရား ဆိတ်သုဉ်းလျှင် ပျော်စရာ မကောင်းနိုင်တော့။ ဆိုလိုသည်မှာ ဗုဒ္ဓ၏ တရားမြတ်ကိုသာ အယုံအကြည်ရှိပါ၏။ ထို့ကြောင့် အလုပ်ရှင်ဖက်ကရော အလုပ်သမားဖက်ကရော ကျင့်ဝတ်ကျေပွန်လျှင် အစဉ်အမြဲ အစဉ်ပြေမည်ဟု ယုံကြည်သည်။ ထိုသို့ ကျင့်ဝတ်ကျေပွန်နိုင်ဖို့ဆိုတာကလဲ ဗြဟ္မစိုရ်တရား ၄-ပါး မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာတို့ ရင်ထဲမှာ ထွန်းကားနေမှသာ ဖြစ်နိုင်ပါသည်။အလုပ်ရှင်ဖက်ကရော အလုပ်သမားဖက်ကပါ ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ တစ်ဖက်သားကို ပျက်စီးစေလိုလျှင် ဘယ်တော့မှ အဆင်ပြေမည်မဟုတ်ပါ။ အားကြီးသူက အားနည်းသူကို ငဲ့ညှာစာနာဖို့လိုသလို၊ အားနည်းသူကလည်း အားကြီးသူကို မုဒိတာပွားနိုင်ဖို့ လိုပါသည်။
          အဂတိတရား ၄-ပါး ရှိသည်။ ဆန္ဒာဂတိ= ချစ်၍အမှားပြုခြင်း၊ ဒေါသာဂတိ= မုန်း၍အမှားပြုခြင်း၊ မောဟဂတိ= မိုက်မဲတွေဝေ၍ အမှားပြုခြင်း၊ ဘယာဂတိ= ကြောက်၍ အမှားပြုခြင်းတို့ဖြစ်ပါသည်။ အမှားပြုခြင်းဟူသည်မှာ လုပ်သင့်လုပ်ထိုက်တာမလုပ်ဘဲ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်ခြင်းဖြစ်ပါသည်။ ဝန်ထမ်းများ အဂတိတရား ၄-ပါး ကို စုံအောင် လိုက်စားခဲ့ကြပါသည်။ စာရေးသူကိုယ်တိုင်လဲ ဌာနဆိုင်ရာတစ်ခုတွင် ၇-နှစ်တိုင်တိုင် အငယ်တန်းအရာရှိအဖြစ် အမှုထမ်းခဲ့ဖူးပါသည်။
          စာရေးသူ ကြားဖူးသော ဟာသဇာတ်လမ်းတစ်ခု ရှိသည်။ အိမ်တစ်အိမ်တွင် အစည်းအဝေးရှိရာ ခွေးချီးတက်နင်းမိလာသူက သူတစ်ဦးတည်းကို သူများတွေ မကဲ့ရဲ့စေရန် သူများဖိနပ်တွေကိုပါ ခွေးချီးလိုက်သုတ်ထားသည်။ ယခုလဲ ဝန်ထမ်းလောက၌ ဝန်ထမ်းများအားလုံးကို ခွေးချီးလိုက်သုတ်သလို ဖြစ်ခဲ့ရသည်။ လခ မလောက်ငမှု၊ လုပ်ငန်းမကျွမ်းကျင်သူကို တာဝန်ကြီးကြီးပေးထားမှု၊ အလုပ်ကျွမ်းကျင်သူ အလုပ်ကြိုးစားသူကို ချောင်ထိုးတားမှု၊ ဖြစ်သင့်ဖြစ်ထိုက်တာ တင်ပြသူကို ဆန့်ကျင်ဖီဆန်သူဟု သဘောထားမှု……….၊အရေးမယူသင့်သူကို အရေးယူ၍ အရေးယူသင့်သူကို ချီးမြှောက်မှု ၊ပုဂ္ဂိုလ်ရေးအာဃာ တ ကြီးမားမှု၊ တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးစီးပွားကို ထည့်မတွက်မှု……… ထိုအရာများအားလုံးသည် ဝန်ထမ်းလောကကို ချီးသုတ်မှုများဟု ဆိုနိုင်သည်။
          အဆိုးဆုံးကတော့ ဝန်ထမ်းတွေကို လိမ်တတ်အောင် သူတို့ကိုယ်တိုင်က မျက်နှာပြောင်တိုက်ပြီးလိမ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၉-တွင် ဝန်ထမ်းများကို ၃၃-ချက် ဖြည့်ခိုင်းသည်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါသလား၊ နိုင်ငံခြားသားနှင့် လက်ထက်ထားသူကို ခေါင်းဆောင် တင်ထိုက်သည်ဟု ယူဆပါသလား စသည့်မေးခွန်းများ ဖြစ်သည်။ မေးခွန်း အဆုံးတွင် ဤသို့ရေးထား၏။
          ( သဘောထား သိရှိရန်သာ ဖြစ်ပါသည်။ လုံးဝ (လုံးဝ) အရေးယူမည် မဟုတ်ပါ။)
          စာရေးသူတို့ ဌာနရှိ ညွှန်ကြားရေးမှူးကတော့ သတိပေးဖော်ရပါသည်။ မင်းတို့ ဝန်ထမ်းဆက်လုပ်ချင်သေးရင် တစ်မျိုးစဉ်းစား၊ ဆက်မလုပ်မချင်တော့ရင် တစ်မျိုးစဉ်းစားဟုဆိုသည်။ စာရေးသူတို့လည်း ဓါတ်ပေါက်သဖြင့် အလုပ်မပြုတ်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် လိမ်တတ်သွားခြင်း ဖြစ်သည်။
          ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါသည်ဟု အမှန်အတိုင်းဖြေသော အမျိုးသမီးတစ်ဦး သတိပေးစာ ရခဲ့သည်။ နိုင်ငံခြားသားနှင့် လက်ထပ်ထားသောသူကို ခေါင်းဆောင်ပီသလျှင် ခေါင်ဆောင်တင်ထိုက်သည်ဟု ဆိုသူအသိတစ်ဦးမှာ အလုပ်ပြုတ်ရုံမက စစ်ဆေးခံရသည်။ လုံးဝ (လုံးဝ) အရေးမယူပါဟူသော စာသားက မဟာမုသာဝါဒကို ဖော်ညွှန်းနေသည်။ အလုပ်ရှင်က အလုပ်သမားကောင်းကို အလိုရှိဟန်မတူပေ။ ချိုကျိုး နားရွက်ပဲ့ တွေကိုသာ လိုချင်ဟန်တူသည်။
          ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အလုပ်သမားတွေနဲ့ ပြဿနာ ဖြစ်နေကြောင်း ကြားရသည်။ ဘယ်သူမှားသလဲတော့ အတိအကျပြောဖို့ ခက်မည်။ ထိုကုမ္ပဏီတစ်ခုက အလုပ်သမားတွေကို အလုပ်ဖြုတ်၊ ထောင်ထဲပို့ လုပ်နေရင်း အခါကြီးနေ့ကြီးတွေမှာ အလှူကြီးအတန်းကြီးပေးမည်ဟု သတင်းစာမှာ အကွက်ကြီးကြီး ကြော်ငြာထားသည်။ မိမိအလုပ်သမားများနှင့် ညှိညှိနှိုင်းနှိုင်း အပေးအယူလုပ်၍ အဆင်ပြေသွားလျှင် ကုသိုလ်ရသော ကိစ္စပင် ဖြစ်ပါသည်။ မိမိက သူတို့ ထမင်းအိုးတွေကို တည်ပေးထားခြင်းဟု မေတ္တာ၊ ကရုဏာထားလျှင် အလှူကြီးပေးရသလိုပင် ဖြစ်၏။
          ဂျပန်စီးပွားရေးသမားတွေက မြန်မာတွေကို မေးသတဲ့။ “မြန်မာတွေ ချမ်းသာလာလျှင် ဘာတွေလုပ်သလဲ။”
          မြန်မာတွေက ပြန်ဖြေသည်။ “ဘုရားတည်၊ ကျောင်းဆောက်၊ အလှူလုပ်၍ လူတွေကို ကျွေးမွေးပါတယ်။”
          ဂျပန်တွေက ပြန်ပြောသည်။ “အလှူလုပ်ရင် တစ်ခါပဲ သူတို့ကို ကျွေးနိုင်မယ်။ အမြဲကျွေးနိုင်အောင် လုပ်ငန်းတွေချဲ့၊ အလုပ်တွေခန့်တာ ကောင်းတယ်။ တို့က အဲ့လို လုပ်တာ။”
          ဂျပန်တွေပြောတာ ပြီးပြည်စုံအောင် မှန်ကန်သည်ဟု မဆိုလိုပါ။ သို့သော် အလုပ်ရှင်နှင့် အလုပ်သမား၊ တစ်ဖက်နှင့် တစ်ဖက် အကျိုးစီးပွား လိုလားနေလျှင် အဆင်ပြေကောင်းမွန် သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ အလုပ်ရှင် စီးပွားပျက်သွားတာ မကောင်းသလို၊ အလုပ်သမား အလုပ်ပြုတ်သွားတာလည်း မကောင်းပါ။
           (မှတ်ချက်။အလုပ်ရှင်ကျင်.ဝတ် ၅-ပါးမှာ ၁။ဝစွာကျွေးမွေး၊ ၂။ပြုရေးစီရင် ၃။နာလျှင်ကုစေ  ၄။ငှဝေရသာ၊ ၅။အခါကိုလွှတ် အရှင်ဝတ် မချွတ် ငါးခုသာ။ ဖြစ်သည်။
           အလုပ်သမားကျင်.ဝတ် ၅-ပါးမှာ  ၁။အိပ်သော်နောက်ကျ ၂။ထသော်ကားရှေ. ၃။ပေးမှယူအပ်  ၄။စေ.စပ်ဆောင်ရွက် ၅။ကျေးဇူးမြွက် -ငါးချက်ကျွန်ကျင်.ရာ -ဖြစ်သည်။
ဆလိုင်းရွှေလင်း
         


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts