ဇင်လင်း ရသဆောင်းပါးစုံ

ဇင်လင်း ● မြစ်ဆုံစီမံကိန်းအရေး အလေးထားစဉ်းစားကြစေလိုသည်

ဇင်လင်း ● မြစ်ဆုံစီမံကိန်းအရေး အလေးထားစဉ်းစားကြစေလိုသည်
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈


မြန်မာနိုင်ငံသည် ရခိုင်ပြဿနာ၊ ဒေါ်လာဈေးမြင့်တက်မှု ပြဿနာ၊ မူးယစ်ဆေးပြဿနာနှင့် တရားဥပဒေစိုးမိုးမှုပြဿနာ များဖြင့် နပမ်းလုံးနေရချိန်တွင် အရှေ့မြောက်ဒေသ ကချင်ပြည်နယ်တွင် မြစ်ဆုံကိစ္စက တစခန်းထလာနေသည်။ ဦးသိန်းစိန်အစိုးရ တက်စ၌ မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား တိုင်းရင်းသား အသီးသီးက ဆက်တိုက် ကန့်ကွက်မှု များ လုပ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးများ မှတဆင့် သမ္မတ ဦးသိန်းစိန် က စီမံကိန်းကို သူ့အစိုးရသက်တမ်း အတွင်း ဆက်လက် အကောင် အထည်ဖော်ခြင်း မပြုဘဲ ဆိုင်းငံ့မည်ဟု ကြေညာခဲ့ရသည်။

မကြာသေးမီက မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပို ရေးရှင်း SPIC ကုမ္ပဏီက ရေကာတာများ၏ အကျိုးကျေးဇူး ရှိပုံကို မြစ်ဆုံအနီးက ကျေးရွာများတွင် လာ ရောက် ဟောပြောခဲ့သည်ဟု သိရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာလ ၁၁ ရက်နေ့က လာရောက် ဟောပြောခဲ့ခြင်းဖြစ်သည်ဟု အာလမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမုံရာ က RFA သတင်းဌာန သို့ ပြောပြခဲ့သည်။ ဟောပြောရာတွင် စကားပြန်များ အပါအ၀င် တရုတ်ကုမ္ပဏီဘက်က တာဝန်ရှိသူ ၆ ယောက် ပါဝင်၍၊ အာလမ်ကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ၂၀ ခန့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။ လာရောက် ဟော ပြောသည့် SPIC  တရုတ်ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်း လုပ်ခွင့်ရ ထားသော CPI ကုမ္ပဏီကို ပြောင်းလဲဖွဲ့ စည်းထားသည့် တရုတ် အစိုးရပိုင် ကုမ္ပဏီဖြစ်သည်ဟုလည်း သိရသည်။

SPIC ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်းကို ပြန်လုပ်နိုင်ရန် ဒေသအတွင်း အခြားမြို့နယ်များရှိ ကျေးရွာများတွင်လည်း  ရေကာတာနှင့် ပတ်သက်၍ လာရောက်ဟောပြောမှုများ လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံစီမံကိန်းကို နိုင်ငံအ၀ှမ်းက ပြည်သူများ ကန့်ကွက်ခဲ့ကြသောကြောင့် ရပ်ဆိုင်းခဲ့ရသည်။ စီမံကိန်းပြီးလျှင် ထွက်ရှိမည့် လျှပ်စစ်ဓါတ်အား၏ ၉၀ ရာနှုန်းကို တရုတ်ပြည်က ရရှိမည်ဟု ဆိုသည်။ ထို့ကြောင့် မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော် မည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု သတင်းများက ဆိုသည်။

မြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်လည်တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေအားလျှပ်စစ်၏ အရေးပါပုံများကို တရုတ် အစိုးရပိုင် State Power Investment Corporation (SPIC) ကုမ္ပဏီ မှ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာတွင် သြဂုတ် လ (၂၄) ရက် နေ့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းဌာန KNG က ဆိုသည်။ SPIC ကုမ္ပဏီက ယခုကဲ့သို့ ဒေသခံပြည်သူများအား ရေကာတာ အကြောင်း ရှင်းလင်းပြောကြားသည်မှာ မြစ်ဆုံစီမံကိန်းကို ပြန်လည် တည်ဆောက် လို၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နန်ဂျာ က ‘ကချင်သတင်းဌာန’ KNG သို့ ပြောပြကြောင်း သိရသည်။

“မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လုပ်ဖို့ အခုလို ဆွေးနွေးပွဲ လာလုပ်တာလားလို့ ကျမ သူတို့ကို မေးလိုက်တယ်။ သူတို့ဘက်က ပြန်ဖြေတာက ဟုတ်တယ် ဆိုပါတော့ ဆိုပြီး ပြောလာတယ်။” ဟု ဒေါ်နန်ဂျာ က ဆိုသည်။

ဒေသခံများနှင့် ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရေအားလျှပ်စစ်ကြောင့် တိုးတက်နေသော အခြေအနေ များကို ရှင်းလင်းခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်တွင်လည်း ယခင် Chipwi ရေအားလျှပ်စစ် မရှိခင်နှင့် ရှိပြီး ပြောင်းလဲ တိုးတက်လာမှု၊ မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့များ ရေအားလျှပ်စစ်ကြောင့် တိုးတက်ပြောင်းလဲလာမှု စသည့် အကြောင်း အရာများဖြင့် ဒေသခံများ စိတ်ပါဝင်စားလာအောင် ပြောဆို စည်းရုံးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဒေသခံများကြား စိုးရိမ် နေသော စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်း စိုးရိမ်ပူပန်မှု မရှိစေရန် SPIC ကုမ္ပဏီ က ရှင်းပြခဲ့ ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ ဒေါ်ရွယ်ဂျာ ပြောသည်။ တက်ရောက်လာသူများက မြစ်ဆုံမှာ ရေကာတာ မလုပ်သင့် ကြောင်း ကန့်ကွက်ပြောဆိုရာတွင် SPIC ကုမ္ပဏီက ရေကာတာ တည်ဆောက်မည့် သူများသည် ကမ္ဘာ့အဆင့်မီ ပညာရှင် များဖြစ်ကြေင်း၊  ရေကာတာ တံတိုင်းကိုလည်း တောင်တစ်လုံးထက်မက ထူထဲ ကြီးမားအောင်ပြုလုပ်မည်ဖြစ်၍ လုံးဝ စိုးရိမ်စရာ မလိုကြောင်း ပြောသည်ဟုဆိုသည်။ မြစ်ဆုံဒေသတွင် မည်မျှပင် ခိုင်ခန့်သော ရေကာတာ တည်ဆောက်မည် ဆိုသော်လည်း မိမိတို့ ဒေသရှိ မြေသားသည် အခြားဒေသ၏ မြေသားနှင့်မတူဘဲ မြေပွမြေရွ ဖြစ်သောကြောင့် ရေကာတာ စီမံကိန်း ဆောက်လုပ်ရန် သဘော မတူနိုင်ကြောင်း ဒေသခံများ ထပ်မံ ပြောသည်ဟု ဆိုသည်။

ဟောင်ကောင်အခြေစိုက် ANI သတင်းက တရုတ်အစိုးရသည် မြန်မာပြည် မြောက်ပိုင်းက မြစ်ဆုံ ရေလှောင် တမံ ရေအား လျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်ပုံမရကြောင်း ဖေါ်ပြသည်ဟု ဆိုသည်။ ၂၀၁၈ ဇွန်လ ၁၇ ရက်နေ့စွဲပါ အေးရှားတိုင်း စာစောင်၌လည်း  “အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းကို တရုတ်နိုင်ငံက ပြန်လည် စတင်လို ပုံရသည်” (China wants to restart disputed Myitsone dam in Myanmar) ဆိုသည့် သတင်းဆောင်းပါးဖေါ်ပြခဲ့သည် ကို တွေ့ရသည်။ ရေးသူက ဆွီဒင်သတင်းစာဆရာ Bertil Lintner ဖြစ်သည်။ တရုတ်နိုင်ငံသည် သူ့အတွက် ပိုမို အရေးပါ သည့် ‘ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း’ ကို အမြန် အကောင်အထည်ပေါ်လာစေရေးအတွက် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အသုံးချဖွယ် ရှိသည်ဟု ဖေါ်ပြထားသည်။

၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဆိုင်းငံ့ထားသော မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍  “လူမှုဘ၀ ဖွံ့ဖြိုးရေး ပူးပေါင်း တာဝန်ယူမှုဆိုင်ရာ ညွန်းကိန်း(CSR)” အစီရင်ခံစာ အသစ်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ တရုတ် နိုင်ငံပိုင် China Power Investment (CPI) ကုမ္ပဏီနှင့် ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင် အဆိုပါ CSR အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ သို့သော် ဒေသခံပြည်သူများ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းထားသည့် တရုတ်၏ CSR အစီရင်ခံစာကို အယုံအကြည် မရှိကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့သည်။  တရုတ်နိုင်ငံမှ ဧရာဝတီ  မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေ အားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေး တာဝန်ရှိသူများသည် စီမံကိန်းများနှင့် ပတ်သက်၍  ကချင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကော်မတီ ကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RFA သတင်းက ဖေါ်ပြခဲ့သည်။

မြစ်ဆုံဆည် စီမံကိန်းများသည် ပြည်သူတရပ်လုံးနှင့် ဆိုင်သောကြောင့် တစ်စုံတရာမှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း တွေ့ဆုံ ရာတွင် ပါဝင်ခဲ့သော ကချင်ပြည်နယ်လွှတ်တော် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးအောင်သင်းက ပြောသည်။

“ဘာမှ မှတ်ချက်မပေးလိုဘူးလို့။ ကျနော်တို့အနေနဲ့က ဒါ ပြည်ထောင်စု တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ ကျနော်တို့ လွှတ်တော်တစ်ခုတည်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူးလို့။ ဒီမိုကရေစီစနစ်အရ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီး မှ ကျနော်တို့က လုပ်ရတဲ့လူတွေလို့။ ကျနော်တို့က ဘာမှ ဝေဖန်ခြင်း၊ ပိုင်းခြားခြင်း၊ ထောက်ခံခြင်းဆိုတာ ဘာမှပြောလို့ မရဘူးလို့။ ဒါ နိုင်ငံတော်ကပဲ ဆုံးဖြတ်ရမယ့်အလုပ်။ ပြည်သူတရပ်လုံး နဲ့ ဆိုင်နေတဲ့ကိစ္စ။ ဒါက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်နေပြီ။ ဒါ ပြည်သူရဲ့ ဆန္ဒပဲလေ။” ဟု ဦးအောင်သင်းက ဆိုသည်။

ချီဖွေချောင်းပေါ်ရှိ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံမှ လက်ရှိတွင် ၉၉ မဂ္ဂါဝပ်ထွက်နေပြီး၊ ၎င်းအနက် ဓါတ်အား၂၅ ရာခိုင်နှုန်း ကိုသာ အသုံးပြုရသေးပြီး၊ ကျန်နေသော ဓါတ်အားများကို မဟာဓါတ်အားလိုင်းနှင့် ချိတ်ဆက်၍ ဒေသအတွင်း  ဖြန့်ဖြူးပေးရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သော ယခင် CPI ကုမ္ပဏီသည် လက်ရှိ State Power Investment Corporation (SPIC) ဟု အမည်ပြောင်းလဲထားသည်။ ဇွန် ၂၄ ရက်နေ့က  ၎င်း စီမံကိန်းများနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် ကချင်ပြည်နယ် လွှတ်တော်တွင်   တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမထားဘဲ အပြီးတိုင် ဖျက်သိမ်းပေးရန် ပညာရှင်များ၊ ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်ဟု အာရ်အက်ဖ်အေ သတင်းက ဆိုသည်။ မြစ်ဆုံစီမံကိန်း ရပ်နားထားခြင်း ၇ နှစ်မြောက်အခမ်းအနားတွင် ယခုကဲ့သို့ တောင်းဆိုကြခြင်း  ဖြစ်သည်ဟု အခမ်းအနား၌ ပါဝင်ခဲ့သူ ကိုဆိုင်းနော်က ပြောသည်။

“သူတို့ရပ်နားတယ်လို့သာ ပြောလိုက်တယ်၊ အဲဒီနေရာကို ကန့်သတ်နယ်မြေအဖြစ်နဲ့ တစ်ယောက်မှ လည်း ဝင်လို့မရဘူး၊ တောင်ယာဆိုရင် အနားတောင်သီလို့မရတော့ဘူး၊ ကိုယ့်နေရာလည်း ကိုယ် ပြန်သွားလို့ မရတော့ဘူး၊ ကျနော်က ဧရာဝတီကိုချစ်တယ် မြစ်ဆုံကို တန်ဖိုးထားတယ်ဆိုတော့ လုံးဝကို မဆောက်ခိုင်း စေချင်ပါဘူးဗျ။”ဟု သူက ဆိုသည်။

အခမ်းအနားကို မေခနှင့် မေလိခ ပေါင်းဆုံရာ တန်ဖရဲရွာအနီး သောင်ပြင်တွင် ကျင်းပခဲ့၍၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ထိုအဖွဲ့အစည်းမှ ပညာရှင်များ ဒေသခံများ စုစုပေါင်း လူတစ်ထောင်နီးပါးလောက် တက်ရောက်ကြသည်ဟု ဆိုသည်။ မြစ်ဆုံစီမံကိန်းကို ရပ်နားထားသည်ဆိုသော်လည်း စီမံကိန်းဧရိယာဝန်း အနီး ပတ်ဝန်းကျင်သို့ သွားလာ ခွင့်မရသည့်အပြင်၊ စီမံကိန်းပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီဖက်က ဒေသခံများအား စည်းရုံးခြင်းများလည်း ရှိနေသောကြောင့် စီမံကိန်း ပြန်လည် စတင်မည်ကို ဒေသခံအများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါသည့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း  ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်၊ သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး  မြစ်ဆုံဒေသကို တစ်ကြိမ် ကွင်းဆင်း လေ့လာခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်းဒေသ၏ အကျယ်အ၀န်းသည် စင်္ကာပူနိုင်ငံ အရွယ်ပမာဏ ရှိပြီး ၂၀၀၉ ခုနှစ်တွင် စတင်၍ အချိန်အားဖြင့် ၁၀ နှစ်ကြာမည်ဟု ဆိုခဲ့သည်။ ထို စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယဉ်ကျေးမှု အမွေအနှစ် စီးပွားရေး လူမှုရေးစသဖြင့် ကဏ္ဍအတော်များများ ထိခိုက်ပျက်စီးနိုင်သောကြောင့် ကန့်ကွက်နေကြခြင်းဖြစ် သည်။

စီမံကိန်းနှင့် ပတ်သက်၍ တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော်ပါဝင်သည့် စူးစမ်းလေ့လာရေးအဖွဲ့က ၆ လ ကြာ သုတေသနလုပ်ခဲ့သည်ဟု လည်း သတင်းများထွက်ခဲ့သည်။ သုတေသနပြုချက်အရ စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်သည်ဟု ထောက်ပြမှုများလည်း ရှိခဲ့သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ပထ၀ီဝင် အမှတ်လက္ခဏာဖြစ်သကဲ့သို့၊ ပြည်သူလူထု တစ်ရပ်လုံး၏ အသက်သွေးကြောလည်း ဖြစ်သည်။ လယ်သမား၊ ယာသမားများ၊ စိုက်ပျိုးမွေးမြူရေးသမားများနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်သားများသည်လည်း  ဧရာဝတီမြစ်ကို မှီခိုပြီး အသက်မွေးကြရသည်။ ဧရာဝတီမြစ်ကို မှီ၍ အသက်ရှင်သန်ကြရသော ရေသတ္တ၀ါများ၊ မြစ်ရေကို မှီခိုကြရသော ငှက်မျိုးစိပ်များ၊ အခြား တိရိစ္ဆာန် သတ္တ၀ါများလည်း သေကြေပျက်စီးမည် ဖြစ်သည်။ နိုင်ငံတကာမှ  ခရီးသွား ဧည်သည်များလည်း ဧရာဝတီမြစ်ကြောင်း တလျှောက် ခရီးသွား လေ့လာရခြင်းကို အထူး နှစ်ချိုက်ကြကြောင်း တွေ့နိုင် သည်။ မြစ်ဆုံကြောင့် ဧရာဝတီမြစ်၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့လျှင်၊ နိုင်ငံသား အားလုံး၏  အသက်ရှင်သန် ရေးကိုပါ ထိခိုက်မည် ဖြစ်သည်။ ထို့ကြောင့် ဤ မြစ်ဆုံ စီမံကိန်း ကိစ္စ လုံးဝ ရပ်ဆိုင်းပေးရန် နိုင်ငံသားများက စိုးရိမ်ကြီးစွာ ကန့်ကွက်နေကြခြင်း ဖြစ်သည်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အလေးဂရုပြု စဉ်းစားသင့်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts