သတင်းပဒေသာ

ခင်နှင်းဝေ (Myanmar Now) ● တိုက်လေယာဉ် F7 အစိတ်အပိုင်းထိမှန်ခဲ့သည့် ကလေးငယ် ဒဏ်ရာမသက်သာသေး

ခင်နှင်းဝေ (Myanmar Now) ● တိုက်လေယာဉ် F7 အစိတ်အပိုင်းထိမှန်ခဲ့သည့် ကလေးငယ် ဒဏ်ရာမသက်သာသေး
အောက်တိုဘာ ၂၁၊ ၂၀၁၈

ရရှိခဲ့သည့် ဒဏ်ရာကြောင့် ကလေးငယ်သည် ခြေထောက်ကိုက်ခဲမှုကို ခံစားနေရသည်ဟု မိသားစုဝင်များက ဆိုသည်။


(မကွေး) – အင်္ဂါနေ့ အစောပိုင်းက မင်းဘူးတွင် ပျက်ကျခဲ့သည့် တိုက်လေယာဉ် F7 ၏ အစိတ်အပိုင်း ထိမှန်ခဲ့သည့် တတိယတန်းကျောင်းသားသည် ဒဏ်ရာမသက်သာသေးဘဲ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ရုတ်တရတ်ကျလာသည့် လေယာဉ်အစိတ်အပိုင်းတစ်ခု ဘယ်ဘက် ခြေထောက်ကို ထိသွားခဲ့ပြီးကတည်းက အသက် ၈ နှစ်အရွယ် မောင်ဟိန်းထက်အောင်သည် လမ်းမလျှောက်နိုင်တော့ကြောင်း မိခင်ကပြောသည်။

“အရိုးတော့မကျိုးဘူး ဒူးခေါင်းအောက်ပိုင်းအသားတွေကြေသွားတယ် လမ်းတော့မလျှောက်နိုင်သေးဘူး ဒူးကတော့နာနေတယ်ပြောတယ် “ဟု မိခင် မဝေဝေအောင်ကပြောသည်။

ဒဏ်ရာ သက်သာရန် ဆက်လက်ဆေးဝါးကုသမှု ခံယူရန် လိုအပ်ကြောင်း မင်းဘူး ဆေးရုံမှ ဆရာဝန်များက အကြံပြုထားကြောင်းလည်း ကလေးငယ်၏ အဖိုးကပြောသည်။

“ခြေထောက်ကတော့နာနေသေးတယ် မနေ့ ညကဆို ကိုက်နေတာ” ဟု အဘိုးဖြစ်သူ ဦးကျော်သန်းက ပြောသည်။

မကွေးမြို့ မှတစ်ဘက်ကမ်း မင်းဘူးမြို့  ဆားဗွက်ချောင်းအတွင်း လေယာဉ်ပျက်ကျချိန်တွင် အဆိုပါကလေးငယ်သည် လေယာဉ်အစိတ်အပိုင်း ထိမှန်ပြီး သေဆုံးသွားသည့် ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်း ၏အနီးတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံထုတ် F7 အမျိုးအစား တိုက်လေယာဉ်နှစ်စင်းသည် အောက်တိုဘာ၁၆က လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ပြီးနောက် မကွေးလေတပ် စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတုရုတ်တရက် ဆိုးရွားမှုနှင့် ကြုံတွေ့ခဲ့ရပြီး ပျက်ကျခဲ့သည်။

နောက်ထပ် F7 တစ်စင်းသည် မင်းဘူး မြောက်ဘက် သနပ်ပင်စုရွာအနီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေသူရဲလည်း သေဆုံးသွားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts