ရသဆောင်းပါးစုံ

ကျော်ကျော် (မြရည်စမ်း) ● သေခြင်းများ

ကျော်ကျော် (မြရည်စမ်း) ● သေခြင်းများ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၈

မိုးမခ အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


(၁)
သေခြင်းတရားကို ပထမဆုံးမြင်ခဲ့ဖူးသည်မှာ အသက်ရှစ်နှစ်အရွယ်၊ ၃ တန်းကျောင်းသားဘဝက ဖြစ်၏။ အတန်းတူ သူငယ်ချင်းမိန်းကလေးတစ်ဦး ဖျားနာပြီး ဆုံးပါးသွားသည်။ မြေချမည့်ရက်တွင် အတန်းပိုင် ဆရာမနှင့်ကျွန်တော်တို့တစ်တန်းလုံး သူငယ်ချင်း၏အိမ်သို့ သွားကြသည်။ သူ့ မိဘဆွေမျိုးများနှင့်မောင်နှမများ ငိုကြွေးနေကြသည်။ ကျွန်တော်တို့ အားလုံးလည်း ငိုမဲ့မဲ့မျက်ရည်ဝဲနေကြသည်။

ခေါင်းတလားက သေးသေးလေး ။သူမ၏ သက်မဲ့ခန္ဓာဘေးတွင် အသက်ရှင်စဉ်က ဆော့ကစားခဲ့သော ဘိုမရုပ်ကလေးနှင့်ဆီးပေါင်းထုပ်လေးကိုလည်း ထည့်ပေးထားတာ မြင်တွေ့ရသည်။ အတန်းပိုင်ဆရာမက အမိန့်စာပြန်တမ်းဖတ်တော့ ကျွန်တော်တို့ မျက်ရည်ကျကြရသည်။ သူမသည် ကျွန်တော်တို့နှင့်မသက်ဆိုင်တော့ဟု ဆရာမပြောလိုက်သံက ကြွေလုလုမျက်ရည်များကို ခြွေချလိုက်ခြင်းဖြစ်သည်။နောက်တော့လည်း တစ်တန်းပြီးတစ်တန်းတက်လာကြရင်း၊တစ်နှစ်ပြီး တစ်နှစ်ပြောင်းရင်း၃တန်းနှစ်က ဆုံးပါးသွားသည့် သူငယ်ချင်းမလေးကို တဖြည်းဖြည်းမေ့သွားကြပါသည်။

အဘွား၏ မောင်ဖြစ်သူ အဘိုးလေးဆုံးတော့ ကျွန်တော်၅တန်းကျောင်းသားဖြစ်နေပြီ။ထိုနေ့သည် ကျောင်းပိတ်ရက်ဖြစ်သည်။ အဘိုးလေးတို့မိသားစုနှင့်ကျွန်တော်တို့က အပေါ်ထပ်အောက်ထပ်နေကြသည်။ကျောင်းပိတ်ရက်ဖြစ်သဖြင့် အိပ်ယာမှမထသေးပဲ ထရံပေါက်မှအလင်းရောင်ဖြင့် ကျွန်တော်ကာတွန်းဖတ်နေသည်။အောက်ထပ်မှ ငိုသံများကြား၍ နားစိုက်ထောင်မိမှ အဘိုးလေးဆုံးမှန်းသိသည်။မျက်နှာမသစ်တော့ပဲ အိမ်အောက်ထပ်ကို ဆင်းသွားမိသည်။လူတော်တော်များများ ရောက်နေကြတာတွေ့ရသည်။အဘိုးလေးသည် မြန်မာဆေးဆရာတစ်ဦးဖြစ်သဖြင့် သူဆေးကုပေး၍ သက်သာရာရသွားကြသော လူများက နှမြောနေကြပုံရ၏။ ထိုစဉ်က အဘိုးလေးအတွက် အုတ်ဂူမတည်နိုင်ပါ။ရိုးရိုးသာ မြေချရသည်။”ဆရာဘို” ဟု ကျွန်းပြားပေါ်တွင် သင်္ဘောဆေးဖြင့်ရေးပြီး မှတ်တိုင်လုပ်ကြသည်။

အသုဘတွင် လူအတော်စည်ပါသည်။ ကွယ်လွန်သွားပြီး နောက်ပိုင်းအထိလည်း နေမကောင်းထိုင်မသာဖြစ်သူများက သူ့အကြောင်း ပြန်ပြောကြရင်း သတိတရဖြစ်ကြသည်။

ဆယ်စုနှစ်၂ ခုနီးပါး သူ့ကိုလွမ်းတကြသူ အတော်များများကို တွေ့ခဲ့ရသည်။

အဘိုးတွေအကြောင်းစကားဆက်ပြောရလျှင်ဖြင့် ကျွန်တော့်အဘွား၏ယောက်ျား၊ကျွန်တော့်အမေ၏ ဖခင်ဖြစ်သူ အဘိုးအကြောင်း ပါရတော့မည်။ ထိုအဘိုးက ကျွန်တော်မမွေးသေးမီအဝေးကြီးထဲက ဆုံးပါးသွားခြင်းဖြစ်သည်။ ကျွန်တော့်မေမေပင် ကလေးဘ၀ရှိသေးသည်။ ကျွန်တော်ငယ်ဘ၀က အဘွားနှင့်အတူအိပ်သဖြင့် ထိုအဘိုးအကြောင်းကိုကား ညအိပ်ရာဝင်ပုံပြင်အဖြစ် ကြိမ်ဖန်များစွာ ကြားခဲ့ရသည်။ ညအိပ်ရာဝင် ပုံပြင်အဖြစ်ငယ်ဘဝကယူဆထားသော်လည်း ကြီးလာလေလေ တကယ်ဖြစ်ရပ်များဟု သိလာလေလေ ဖြစ်၏။

ထိုအဘိုးက နယ်ချဲ့လက်အောက်မှ မြန်မာပြည် မလွတ်မြောက်မီ ခရိုင်ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။ အမေရိကန်တပ်မတော် ၁၀၁ တပ်ဖွဲ့တွင် အမှုထမ်းပြီးမြေအောက်တော်လှန်ရေး လုပ်ခဲ့ဖူး သည်။ စစ်လေယာဉ်ပေါ်မှ လေထီးဖြင့်အကြိမ်ကြိမ်ခုန်ချခဲ့ဖူးသလို အမြောက်တပ်တွင်အမှုထမ်း၍ ဖက်ဆစ်လေယာဉ်များကိုလည်း အကြိမ်ကြိမ်ပစ်ခတ်ခဲ့ဖူးသည်။ ကင်ပေတိုင်စစ်တပ်မှ ဂျပန်များကြား ထဲလည်း မကြောက်မရွံ့ဖြတ်သွားဖြတ်လာလုပ်ခဲ့ဖူးသည်။ အဘိုးမလုပ်သည့် အလုပ်တခုကိုလည်း ကျွန်တော်နားထောင်ခဲ့ရဖူးသည်။ လွတ်လပ်ရေးရပြီး ကာလအပြောင်းတွင် အလင်းဝင်ပြီး ‘ကျွန်တော် လက်နက်ချ’ မလုပ်ခဲ့။ ယုံကြည်ရာအတိုင်း ဆက်လှမ်းခဲ့သည်။ မော်ကွန်းဝင်တံဆိပ်ကို အဘိုးမမက်မောခဲ့ရှာ ။ကျန်းမာရေးချို့တဲ့၍ သွေးဝမ်းရောဂါဖြင့် အဘိုးကွယ်လွန်တော့ ကျွန်တော့်မေမေပင် ကျောင်းမနေရသေးဟု နားထောင်မှတ်သားခဲ့ရဖူးသည်။ မမြင်ဖူးလိုက်သည့် အဘိုး၏ကွယ်လွန်ခြင်း ကို ကျွန်တော့်မှာ ‘ကျဆုံးခြင်း’ဟုမှတ်ယူမိခဲ့သည်။

သေခြင်းများကို အုံနှင့်ကျင်းနှင့် ပထမဆုံးတွေ့ဖူးသည်မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်းမှာ ဖြစ်၏။ သက်မဲ့ခန္ဓာများကို ရုပ်မြင်သံကြားမှာတွေ့နေရသလို မျက်မြင်ဒိဋ္ဌလည်း တွေ့ခဲ့ရသည်။အသက်နှင့်ခန္ဓာအိုးစားကွဲရုံမျှမက ဦးခေါင်းနှင့်ကိုယ်ခန္ဓာ အိုးစားကွဲနေသည့် အနိဋ္ဌာရုံများကိုလည်း မြင်တွေ့ခဲ့ရသည်။ ကျွန်တ်ာနေထိုင်ရာ ဆင်ခြေဖုံးအရပ်ရှိ လမ်းကျဉ်းလေးထဲမှ မနက်ပိုင်းအချိန်၌ ရန်ကုန်ထဲသွားပြီး ပြန်ရောက်မလာကြတော့သူများအကြောင်းကို ကြားနေရသလို မနိုင်မနင်းထမ်းလာသောဆန်အိတ်ပိုင်းလေး ဘုတ်ခနဲပစ်ချပြီး သွေးစက်လက်နှင့် အသက်ထွက်သွားသော အိမ်နီးနား ချင်းယောက်ျားကြီးများကိုလည်း ထိတ်လန့်အံ့သြဖွယ် မြင်တွေ့ခဲ့ရဖူးပါသည်။ ထိုသို့မြင်တွေ့နေရရင်း ကျွန်တော့်ကိုယ်ကျွန်တော် သတိထားမိတာ တခုရှိခဲ့သည်။ ဝမ်းနည်းထိတ်လန့်သော်လည်း ငိုကြွေး ခြင်းကို သတိမရတော့။
အတန်းတူသူငယ်ချင်းတချို့ ဆုံးပါးသွားသော်လည်း မျက်ရည်မလည်တတ်တော့ပါ။ ကျွန်တော် ၃ တန်းနှစ်က သူငယ်ချင်းမလေးဆုံးပါးစဉ်က ကဲ့သို့ အတန်းပိုင်ဆရာမမှ အမိန့်စာပြန်မပေးနိုင်တော့တာကြောင့်လည်း ဖြစ်မည်ထင်ပါသည်။

(၂)
ကျွန်တော်ကြားဖူးခဲ့သော အဖြစ်အပျက်လေးတခုရှိပါသည်။ လွန်ခဲ့သောနှစ်အတော်ကြာက မြစ်ဝ ကျွန်း ပေါ်ဒေသရှိ ရွာငယ်လေးတစ်ရွာတွင် စာပေဟောပြောပွဲပြုလုပ်သည်။ ရန်ကုန်မြို့ကြီးမှနေ၍ စာရေးဆရာများ လာရောက်ဟောပြောကြသည်။ ထိုစာရေးဆရာများထဲတွင် နောက်တနေ့မနက်လင်း လျှင် ကျူရှင်သင်ရမည့် စာရေးဆရာကြီးလည်းပါခဲ့သည်။ စာပေဟောပြောပွဲပြီးသည့်အချိန်သည် ထုံး စံအတိုင်း ညကြီးမင်းကြီးဖြစ်သည်။ ကျူရှင်ချိန်ပျက်မှာ စိုးရိမ်သည့် စာရေးဆရာကြီးက ညတွင်းချင်းပြန်ဖို့ ရွာခံတွေကို မော်တော်စီစဉ်ခိုင်းသည်။ ထိုသို့ပြောနေသံကို ကြားသည့် စာရေးဆရာကြီးတစ်ယောက်က မြစ်ဝကျွန်းပေါ်ရေလမ်းခရီးကို မနက်လင်း၍ မြင်မြင်ထင်ထင်ရှိမှ သွားဖို့ ၀င်ပြောသည်။ ကျူရှင်ချိန်အတွက် စိတ်စောနေသည့် စာရေးဆရာကြီး “…၊သေမှာကြောက်လို့လား” ဟု ပြန်ပြောလိုက်မိသည်။ ထိုအခါ တားမြစ်ဖျောင်းဖျသည့် စာရေးဆရာကြီးက “ကြောက်လို့မဟုတ်ပါဘူး။ ကျွန်းပေါ်မှာနေလာခဲ့တာပါ ။ လူဆိုတာ ဒီအတိုင်း မသေရဘူးဗျ။ ကျဆုံးရတာ” ဟု ပြန်ပြောလိုက်သည်။

သေဆုံးခြင်းနှင့်ကျဆုံးခြင်းကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်၊ ရပ်တည်သည့် ရှုထောင့်အပေါ်မူတည်၍

အမြင်အမျိုးမျိုးတော့ ထွက်လာနိုင်လောက်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုစကားကို ပြောသည့် စာရေးဆရာကြီးသည် ဆောင်းနှောင်းတစ်ည၌ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့သည်။ ထိုအရာကိုပင် ကျွန်တော်က ကျဆုံးသွားသည်ဟု မှတ်ယူထား ခဲ့သည်။ ပွင့်လင်းစွာ ညွှန်းဆိုရလျှင် အာဇာနည်ပုဂ္ဂိုလ်တယောက်ကဲ့သို့ ကျဆုံးခြင်း။ ထိုသတင်းကြားတော့ ကျွန်တော့်မှာ မျက်ရည်ဝေ့သီခဲ့ရသည်။

နောက်တော့ ကျွန်တော့်ဖေဖေဆုံးသည်။ မျက်ရည်ဝဲရပြန်သည်။ အသက်အရွယ်နှင့် အတွေ့အကြုံကသင်ကြားရင့်မာခဲ့စေခြင်းလည်း ဖြစ်နိုင်လောက်ပေသည်။ ပိုးပိုးပေါက်ပေါက် မျက်ရည်မကျခဲ့တော့။ မျက်ရည်ကျမလာခဲ့ခြင်းအတွက်ကိုလည်း ထိုစဉ်က ဝမ်းနည်းမိပြန်သေးသည်။ ဖြတ်သန်းရာလမ်းတွင်သေခြင်းများကို မကြာခဏတွေ့နေရသောကြောင့် ဖြစ်မည်ထင်ပါသည်။ သို့တည်းမဟုတ် ဖြတ်သန်းနေရသော ခေတ်ကိုယ်တိုင်က နေ့မြင် ညပျောက်ခေတ် ဖြစ်နေ၍လည်း ဖြစ်နိုင်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်ဖြစ်သည့် ၂၀၀၈ နာဂစ်တွင် လူပေါင်းများစွာသေကြေခဲ့ရသည်။ ထိုသူများအတွက် ကျခဲ့ရ သည့် ဆွေမျိုးသားချင်းများ၏ မျက်ရည်များကို စုစည်းထားလို့ရမည်ဆိုပါက ဆယ်ဝင်ပုံးနှင့်ပင် ဆံ့ချင်မှဆံ့ပေလိမ့်မည်။

(၃)
ဂျာနယ်စာမျက်နှာများပေါ်တွင် ဖြစ်စေ၊ လူမှုကွန်ယက်များပေါ်တွင် ဖြစ်စေ သေခြင်းများအကြောင်းကို ခပ်စိပ်စိပ်တွေ့မြင်နေရသည်။ မီးစာကုန်ဆီခမ်း၍ သက်တမ်းကုန်ပြီး ကြုံဆုံကြရသည့် သေခြင်းသည် သိပ်မထူးဆန်းလှသော်လည်း ဖယောင်းတိုင်မီးလေပြင်းပြင်းဝေ့၍ ငြိမ်းသလို သေခြင်းများအတွက်တော့ ထူးဆန်းလှပါသည်။ ထူးဆန်းသော်လည်း အံ့သြစရာမကောင်းလှတော့ပါ။ သေခြင်းအတွက် မည်သူမျှ မမှန်းဆနိုင်သလို ဖြစ်နေခြင်းသည်သာ ဝမ်းနည်းစရာကောင်းလှပါသည်။

မတော်တဆမှုများ၊ ဥပဒေကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်၍လုပ်ကြံမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ဆင်းရဲမွဲတေမှုများ ကြောင့် သေခြင်းသည် မီးပွိုင့်မှလွတ်လိုက်သော မော်တော်ယာဉ်များသဖွယ် အစုလို က် အပြုံလိုက်လာနေဆဲဖြစ်ပါသည်။ ထိုအထဲတွင် ရင်နာစရာကောင်းလှသည်မှာ အတိတ်က နှိပ်စက်ခံခဲ့ရသော ဒဏ်ရာအနာတရများကြောင့် နှစ်ရှည်မမာ မကျန်းဖြစ်ပြီး ကြွေလွင့်ရသူများကို မြင်တွေ့ နေ နေရခြင်းဖြစ်၏။ ကွယ်လွန်ခြင်းလား ၊ဘဝနတ်ထံပျံလွန်တော်မူခြင်းလား ၊ခရစ်တော်၌အိပ်ပျော်ခြင်း လား ..စသဖြင့် ကိုးကွယ်ဆည်းကပ်ရာဘာသာတရားများ၊ လူပုဂ္ဂိုလ်အနေအထားများမှသည် ဆက်လက် တွေးတောနိုင်သည့် အချက်ရှိနေပါသေးသည်။ မိမိစံပေတံဖြင့် မိမိဘာသာစိတ်ကြိုက်တိုင်း ၍ သာမန်သေ ခြင်းလော၊ အာဇာနည်ကဲ့သို့ ကျဆုံးခြင်းလောဟု မှန်းဆနိုင်သည့်အချက်ဖြစ်သည်။ ထင်မြင်ချက်သာ ဖြစ်ခွင့်ရှိမည်ဟုလည်း ကျွန်တော်ယူဆပါသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သမိုင်း အချက်အလက်များကို ကျွန်တော်တို့ ပြင်ဆင်ခွင့်မရှိပါ။ ကမ္ဘာပေါ်တွင် လူသားတယောက်အနေဖြင့် သူ့သမိုင်းကို သူကိုယ်တိုင်ရေး၍ ထားခဲ့ခြင်းအပေါ် ယုတ်မာပက်စက်သော အကြံဖြင့် ပြင်ဆင်၍ နှောင်းလူတို့အပေါ် အညွှန့်ခူးသော အပြုအမူမျိုးကို အာဏာရှင်များက အများဆုံး ကျင့်ကြံတတ် ကြပါသည်။

(၄)
သေခြင်းများအကြောင်း တွေးတောရင်း မှန်ထဲသို့ ကြည့်မိသည့်အခိုက်အတန့်တွင် သေခြင်းကိုကြောက်လန့်နေဟန်ရှိသည့် မျက်ဝန်းတစုံနှင့် ဆုံတွေ့လိုက်ရသည်။ သို့တည်းမဟုတ် ပစ္စက္ခမြင်တွေ့နေရသော သေခြင်းများကို ဖြစ်ပေါ်စေခဲ့သူများအား စက်ဆုပ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ အရောင်တောက်နေသော မျက်ဝန်းကိုသရုပ်ခွဲကြည့်ပါက ကြောက်လန့်နေခြင်းတော့ မဖြစ်နိုင်။

ကျော်ကျော် (မြရည်စမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts