K ငြိမ်းချမ်း သတင်းပဒေသာ

သစ္စာနီရဲ့PLAY WITH THE COLOURS အမည်ရတဲ့ ပန်းချီပြပွဲ Yangon Book Plazaမှာ ပြသမယ်

သစ္စာနီရဲ့PLAY WITH THE COLOURS အမည်ရတဲ့ ပန်းချီပြပွဲ Yangon Book Plazaမှာ ပြသမယ်
K (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၈

ကဗျာဆရာ၊ စာရေးဆရာ သစ္စာနီရဲ့ PLAY WITH THE COLOURS အမည်ရတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်သံဈေး ငါးလွှာရှိ Yangon Book Plazaမှာ အောက်တိုဘာ၁၃ရက်မှ ၁၄ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ PLAY WITH THE COLOURS ပန်းချီပြပွဲမှာ ဆရာသစ္စာနီက သူ့ပန်းချီကားတွေကို စုတ်ချက် တစ်ချက်မှ မပါဘဲ ဆေးရောင်များကို ကင်းဗတ်ပြားပေါ် ပတ်ဖျန်း ဖန် တီးရေးဆွဲထားတဲ့ ပန်းချီကားတွေလို့ သိရပြီး တချို့ပန်းချီကားတွေဟာ ရောင်းချပြီးဖြစ်တယ်လို့သိရပါတယ်။

ပန်းချီပြပွဲနဲ့ပတ်သက်ပြီး အဆိုပါပန်းချီပြပွဲကိုစီစဉ်တဲ့Yangon Book Plazaရဲ့လူမှုကွန်ရက်မှာ “ဆရာသစ္စာနီရဲ့ ထူးထူးခြားခြား ပန်းချီပြပွဲလေးအကြောင်း သိပြီးကြပြီလား။ အခုတစ်ခေါက်ပွဲမှာ ဆရာက သူ့ပန်းချီကားတွေကို စုတ်ချက် တစ်ချက်မှ မပါဘဲ ရေးဆွဲထားပါတယ်။ စုတ်တံမသုံးဘဲ ဆေးရောင်များကို ကင်းဗတ်ပြားပေါ် ပတ်ဖျန်း ဖန်တီးရေးဆွဲထားတဲ့ ပန်းချီကားလေးတွေပေါ့။ ဆရာသစ္စာနီရဲ့ စိတ်နဲ့ ထပ်တူဖန်တီးထားတဲ့ ပန်းချီကားလေးတွေပါ။ အဆိုပါ ပန်းချီကားတွေကို စုစည်းပြသမယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းချီကားအများစုကိုတော့ ပြပွဲမတိုင်ခင်ကတည်းက ရောင်းချထားပြီးသားဖြစ်ပြီး အနည်းငယ်ကိုသာ ရောင်းချရန်ကျန်မှာ ဖြစ်ပါတယ်။ ပန်းချီကား အားလုံးကိုတော့ ကြည့်ရှုလို့ရအောင်ပြသသွားမှာပါ။ ဒါကြောင့်လည်း ပန်းချီပြပွဲကို အောက်တိုဘာ ၁၃၊ ၁၄ (စနေ၊ တနင်္ဂနွေ) နှစ်ရက်တည်း ပြသသွားမှာဖြစ်ပါတယ်။ စိတ်ဝင်စား သူများ လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်” လို့ပြောဆိုထားပါတယ်။

ကဗျာဆရာ၊ စာရေးဆရာသစ္စာနီဟာ မိုးဝေခေတ်ကဗျာဆရာတဦးဖြစ်ပြီး မိမိ အရေပြားမှ လမ်းလျှောက်ထွက်ခြင်း၊ မော်ဒန်ရှင်းတမ်း၊ ဗန္ဒာတ်နှင့် အခြားဝတ္ထုတိုများ၊ ခေတ်အက် ဆေးနှင့်ဆောင်းပါးများ၊ ပေါ်လိုကိုဟိုး၊ စက်နှင့်မျက်ရည်၊ ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း၊ စကားလုံးများနှင့်ဆော့ကစားခြင်း၊ လူငယ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း၊ ပြောမဆုံးပေါင် တောသုံးထောင်နှင့်နှပ်ချေးခန်း၊ သက်တံအကျီ (ကလေးများ အတွက် ပုံဝတ္ထုများ)၊ ဂျပန်ခေတ်ပေါ်ကဗျာ၊ ပိုလျှံနေသော ၀ါကျများ၊ နိုင်ငံရေးဝေါဟာရအဘိဓာန်၊ စက္ကူပေါ်က သစ်ပင်၊ ညောင်ညိုရိပ်ဝယ်နှင့် သရုပ်မှန်ဝတ္ထုတိုများ၊ တခြားသော အရာများနှင့်လူ၊ ၀တ္ထုတို ၆၀၊ သက္ကရာဇ်မျဉ်းများ၊ ပြုတ်စဗျင်းတောင်း ရီဗြူးနှင့် စကားပြောသော အက်ဆေး၊ သစ္စာနီကဗျာပေါင်းချုပ်၊ လူသိရှင်ကြား ဖုံးကွယ်ခြင်း၊ ရွေးကောက်ပွဲ အလွန် ဒီချုပ်အစိုးရ (လက်သန်း ဖျားပေါ်မှ ခရမ်းရောင်အိပ်မက်များ) အစရှိတဲ့ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ သရော်စာ၊ ရုပ်ရှင်ဆိုင်ရာစာအုပ်များကို ရေးသားထုတ်ဝေထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts