Yan Naung (Bo Ta Htaung) သတင်းပဒေသာ

နိုင်ငံရေးသမား၊ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့် ၏ နောက်ဆုံးခရီး မြင်ကွင်း

နိုင်ငံရေးသမား၊ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့် ၏ နောက်ဆုံးခရီး မြင်ကွင်း

ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၈

ရန်ကုန် အောက်တိုဘာ ၄ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စတင်တည်ထောင်စဉ်အချိန်ကတည်းက ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူ၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားစာပေဆုရှင် ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာရေးဆရာကြီး ဒေါက်တာအောင်ခင်ဆင့် ၏ ဈာပန အခမ်းအနားကို ယနေ့ နေ့လယ် ၃ နာရီခွဲ၌ ရေဝေးသုသာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ဆရာကြီးဒေါက်တာအောင်ခင်ဆင့်၏ နောက်ဆုံးခရီးကို ဆရာကြီး နှင့် လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း ၊ ၇၄၊၇၅၊ ၇၆ ကျောင်းသားဟောင်းများ စသော အဖွဲ့အစည်းပေါင်းစုံ တက်ရောက်ဂါရဝ ပြုခဲ့ကြသည်။


ဆရာကြီး၏ ဈာပန အခမ်းအနားတွင် ဆရာကြီးနှင့် လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဦးခင်မောင်ဦး ၊ ၈၈ မျိုးဆက်မှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားဟောင်းများအဖွဲ့မှ ဦးဇော်ငြိမ်းလတ် နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်တို့က အမှတ်တရဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဒေါက်တာစိုးဝင်းဦးမှ ဆရာကြီး၏ ကိုယ်ရေးရာဇဝင် အကျဉ်းအား ဖတ်ကြားပေးခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အလံ လွှမ်းထားသော ဆရာကြီး ဒေါက်တာအောင်ခင်ဆင့် ၏ မှန်ခေါင်းတလား အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက ပခုံးဖြင့်ထမ်း၍ မီးသင်္ဂြိုလ်စက်ရှိရာသို့ ပို့ဆောင်ပြီး ဆရာကြီးအား ညနေ လေးနာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်ခဲ့ပါသည်။

 

ဆရာကြီးနဲ့ ပတ်သက်ရင် အမှတ်တရ ပြောပြစရာတွေ အများကြီးပါ။ ဒီလို အမှတ်တရတွေထဲက ကျနော်တို့တွေ ကြောက်ကြောက်လန့်လန့်နဲ့ စာတွေ လိုက်ကပ်နေချိန်မှာ ဆရာကြီးက သူကိုယ်တိုင် စာတွေရေး၊ သူကိုယ်တိုင် လိုက်ကပ်ခဲ့တာပါ ဟု ဦးကိုကိုကြီး ၈၈ ငြိမ်းပွင့်မှ ပြောကြားခဲ့ပါသည်။

 

 

 

(သတင်းနှင့်ဓါတ်ပုံ မောင်ရန်နောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts