သတင်းဆောင်းပါး

မောင်လူပေ – စိတ်ကူးယဉ်ကြသူများ

မောင်လူပေ – စိတ်ကူးယဉ်ကြသူများ
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၈

ဟုတ်ကဲ့။ လူတိုင်းစိတ်ကူးယဉ်ဖူးကြပါလိမ့်မယ်။ စိတ်ကူးထဲမှာ အကြံအစည်အကြီးကြီးတွေ ကြံစည်ဖူးကြလိမ့်မယ်။ အပြင်ဖက်က လက်တွေ့ဘဝနဲ့ စိတ်ကူးက တစ်ထပ်တည်းကျသူရှိသလို မကျသူလည်းရှိမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ကူးယဉ်ကြသူများကို Dreamforce လို့ ခေါ်နိုင်တယ်။

တိုက်ဆိုင်စွာပဲ Dreamforce 2018 San Francisco ဆိုတဲ့ တွေ့ဆုံပွဲနဲ့ပါတီပွဲကြီးကို စက်တင်ဘာ(၂၅)ရက်ကနေပြီး (၂၈)ရက်တိုင်တိုင်ကျင်းပနေတယ်။ ကမ္ဘာတဝှမ်းက လူတွေထောင်သောင်းချီပြီး ပါဝင်ဆင်နွှဲနေကြတယ်။

တကယ်တော့ Dreamforce ပွဲတော်ကြီးဆိုတာ ဆန်ဖရန်အခြေစိုက်တဲ့ Salesforce.com ကုမ္ပဏီကြီးကဦးစီးကျင်းပနေတဲ့ software user conference ကြီးပါ။ စီးပွားရေးစွန့်ဦးတီထွင်သူတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်၊ အနုပညာရှင်နာမည်ကျော်တွေ လာရောက်ဟောပြောကြတယ်။ Salesforce ကုမ္ပဏီကြီးကလည်း CRM(Customer Relationship Management) software ဈေးကွက်မှာ နံပါတ်တစ်။ အခုဆို နာမည်ကျော် ပန်းသီး(Apple)ကြီးနဲ့ပေါင်းပြီး App အသစ်တွေ တည်ထွင်ဖို့ လုပ်နေကြပြီ။

ဒီနေရာမှာ CRM ကိုနည်းနည်းရှင်းပြချင်တယ်။ ဒီခေတ်က ဈေးဆိုင်ဖွင့်ရောင်းတဲ့ခေတ်ကိုကျော်လွန်ပြီး E-commerce လို့ခေါ်တဲ့ အင်တာနက်ဈေးကွက်ခေတ်ရောက်နေပြီလေ။ ဒီတော့ CRM ကအရေးပါလာပြီ။ အခြေခံကတော့ အချက်ငါးချက်ပါပဲ။ ကိုယ့်ဈေးကွက်(Market)ကို စုံစမ်း(Research)လုပ်မယ်။ ရရှိလာတဲ့ အချက်အလက်(Data)တွေကို လေ့လာ(Analysis)ပြီး စားသုံးသူကို ပစ်မှတ်(Target)ထားပြီး ကြော်ငြာမယ်။ စားသုံးသူအကြိုက်ပါဝင်ပစ္စည်း(Content)တွေနဲ့ ဆားဗစ်(Service)ကောင်းကောင်းပေးမယ်။ပြီးရင် စာသုံးသူတွေရဲ့ တုန့်ပြန်မှု(Feedback) တွေနားထောင်မယ်။ လိုအပ်တာပြုပြင်မယ်။ ဒါဟာ CRM ရဲ့အခြေခံပဲ။

အင်တာနက်ဈေးကွက်ခေတ်မှာ Data Analysis လုပ်တဲ့ software ကုမ္ပဏီတွေ အလွန်အလုပ်ဖြစ်ပေါ့။ စားသုံးသူတွေရဲ့ Database တွေလိုချင်ရင် သူတို့ဆီက ဝယ်ယူရတာပါ။ စားသုံးသူ(Customer)တွေဆိုတာမောင်လူပေတို့လို ခပ်ညံ့ညံ့တွေလေ။ ဘာဘာ ဘာမှမသိ။ ဒီတော့ တစ်ခုခုကို သိချင်ရင် ဂူဂဲလ်(Google)ကြီးပေါ်တက်လိုက်၊ Facebook ထဲဝင်ရှာလိုက်နဲ့ လုပ်ရတယ်။ ဒီတော့ ငတိတွေက မောင်လူပေတို့ရှာသမျှကို ကြည့်သမျှကို မှတ်တမ်းတင်ထားပါတယ်။ ခဏခဏရှာနေရင် ဒီကောင်ဝယ်တော့မယ်ဆိုတာ ငတိတွေသိသွားပြီ။ မောင်လူပေက ဒါတွေရှာနေတာသိသွားတဲ့အတွက် အဲဒီပစ္စည်းတွေကို ကြော်ငြာတွေအဖြစ် ဆိုရှယ်မီဒီယာတွေမှာ ဝင်လာပါတော့တယ်။ အဲဒီငတိတွေက မောင်လူပေရဲ့ Data တွေကို ရောင်းစားလိုက်တာပါပဲ။ ဒေတာရောင်းစားပြီးချမ်းသာနေတဲ့ ကုမ္ပဏီကြီးတွေများမှများ။ Salesforce က ထိပ်ဆုံးမှာ။ မောင်လူပေရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ဖြစ်လာအောင် အကောင်အထည်ဖေါ်ပေးသူများပါပဲ။

လက်ကိုင်ဖုန်းလေးအသစ်ဝယ်မလားဆိုပြီး ဖုန်းအကြောင်းတွေဝင်ဖတ်မိတဲ့မောင်လူပေက ပန်းသီးဖုန်းအသစ်အကြောင်းဝင်ဖတ်ရင် ပန်းသီးဖုန်းကောင်းကြောင်းကြော်ငြာတွေဆက်တိုက် ဝင်လာတယ်။ ဒီလိုနဲ့ ပန်းသီးဝယ်ဖြစ်သွားရင်တော့ ဒေတာရောင်းစားသူလည်းအိုကေ၊ ပစ္စည်းရောင်းသူလည်းအိုကေ win win ပေါ့လေ။ ပိုက်ဆံကုန်သွားတဲ့မောင်လူပေကသာ အကောင်းဆုံးအရှုံးသမား(Loser)ပေါ့။

မမြင်ရတဲ့လူကို သူဘာကြိုက်တယ်သိနေတာဆိုတော့ မှော်ဆရာတွေလို့ခေါ်ရလောက်တယ်။ ဒီလို အိပ်မက်မှော်ဆရာကြီး Salesforce ပိုင်ရှင် မာ့ဂ်ဘန်းနီးရော့( Marc Benioff)ဆီမှာ အလုပ်လုပ်ကြတဲ့မှော်ဆရာတွေက သုံးသောင်းကျော်ရှိပြီး ဆန်ဖရန်ရဲ့အမြင့်ဆုံးအဆောက်ဦလည်းဖြစ် အသစ်ဆုံးမိုးမျှော်တိုက်လည်းဖြစ်တဲ့ Salesforce Towel ကြီးမှာ မိုးတိမ်တွေနဲ့ဆက်သွယ်ခြင်းလို့ တင်စားရမဲ့ Cloud Computing လုပ်ငန်းတွေနဲ့ ကမ္ဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်ထားတယ်။

Dreamforce ပါတီကျင်းပရာ ဆန်ဖရန်မြို့တော်ခန်းမရှေ့မှာတော့ လူတွေပြည့်ကျပ်နေကြပြီ။ လက်မှတ်ရှိမှဝင်ခွင့်ရတာမို့ မောင်လူပေက မှော်ဆရာတွေကိုအဝေးကပဲ ကြည့်ရပါတယ်။ ဒီညမှာ ဖျော်ဖြေမှာက အပြင်းစားသတ္ထုလို့ တင်စားကြတဲ့ Heavy metal music band တွေရဲ့ ဘိုးအေကြီး Metallica band တဲ့။ ရော့ခ်ကာကြီးတွေအကြိုက် band ကြီးပေါ့။ ကိုညီထွဋ်တို့ ကိုလေးဖြူတို့ ကိုအငဲတို့ကို ဒီပွဲထဲမှာ ရှိစေချင်တာ။ ဒီလူတွေနဲ့အပြိုင်နွှဲရအောင်ပေါ့။ ရော့ခ်သီချင်းတွေခုန်ပေါက်အော်ဟစ်ပြီးရင် ဂီတာကြီးရိုက်ချိုးပစ်တဲ့ နောက်ဆုံးအပုဒ်ကို အားပါးတရ အားပေးချင်တယ်။ အငွေ့စက်ထဲက အငွေ့တွေပန်းထွက်၊ စင်ပေါ်မှာဝုန်းဒိုင်းကျဲ၊ ပရိတ်သတ်တွေ ခုန်ပေါက်ကခုန်။ ဒါတွေက စိတ်ကူးတွေပါ။ ကဝေတွေပျော်နေကြပေမဲ့ ပွဲစင်မြင့်ဘေးက အလုပ်ထဲမှာ ရောက်နေတယ်။ ဒါက တကယ့်လက်တွေ့ဘဝ။ ဘေ့စ်ဂီတာသံတွေ၊ တီးလုံးသံတွေပဲကြားနေရတယ်။

Dreamforce က စိတ်ကူးယဉ်သူတွေနဲ့အပြိုင် မောင်လူပေလည်း စိတ်ကူးကမ္ဘာထဲမှာအိပ်မက်နေတယ်။

မြန်မာပြည်ရဲ့ Cloud software Company ကြီးရဲ့ user conference ထဲရောက်နေလေရဲ့။ မြန်မာ့ Marketing cloud တွေ CommenceCloud တွေကို ဝယ်ယူအားပေးသူတွေကို မြန်မာရော့ခ်ကာကြီးတွေဖြစ်တဲ့ ကိုလေးဖြူ၊ ကိုညီထွဋ်တို့က ဖျော်ဖြေနေတယ်။ အဲဒီပွဲကြီးကို မြန်မာ့ဆီလီကွန်တောင်ကြား( Myanmar Silicon Valley) မှာ လုပ်နေတာ။ သူငယ်ချင်းမိတ်ဆွေတွေလည်း လာခဲ့ကြလေ။ ပျော်ပျော်ပါးပါးပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts