K ငြိမ်းချမ်း စာအုပ်စင် မြန်မာပြည်တွင်း

K- စာရေးဆရာကြီး မောင်သာနိုးရဲ့ အင်္ဂလိပ်သဒ္ဒါညီလာခံ ဒုတိယအကြိမ်ထွက်ရှိ

စာရေးဆရာကြီး မောင်သာနိုးရဲ့
အင်္ဂလိပ်သဒ္ဒါညီလာခံ ဒုတိယအကြိမ်ထွက်ရှိ
K
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၈


စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာပြန်ဆရာ ဆရာမောင်သာနိုးရဲ့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးရေးသားထားတဲ့ အင်္ဂလိပ်သဒ္ဒါ ညီလာခံ စာအုပ်ကို ကွမ်းခြံလမ်းစာပေမှ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

အင်္ဂလိပ်စာနဲ့ပတ်သက်တာတွေကို အမေးအဖြေကဏ္ဍပုံစံနဲ့ရေးသားထားပြီး စာအုပ်မှာပါဝင်တဲ့ဆောင်းပါးများကတော့ English for All မဂ္ဂဇင်းမှာပုံနှိပ်ဖော်ပြခဲ့ပြီး ဒုတိယအကြိမ်ထုတ်မှာတော့ ပထမအကြိမ်ထုတ်မှာမပါဝင်ခဲ့တဲ့ ဆောင်းပါးများလည်း ဖြည့်စွက်ထားပါတယ်။
စာအုပ်နဲ့ပတ်သက်ပြီး ဆရာမောင်သာနိုးက သဒ္ဒါဘယ်လောက်တတ်ရမလဲဆိုပြီး ယခုလိုရေးသားထားပါတယ်။

“ကျွန်တော်က English for All မှာ ‘သဒ္ဒါညီလာခံ’ ဆိုပြီး တခန်းဖွင့် ဖြေဆိုရေးသားနေသူပါ။ အခြေခံသဒ္ဒါစာအုပ်တွေ ပြုစုဖူးသူပါ။ (တချို့က မဂဇင်းဆောင်းပါးတွေစုပြီး စာအုပ်ထုတ်တာ)။ ဒါပေမဲ့ တခါတော့ EFA အယ်ဒီတာက မဂဇင်းအထူးထုတ်အတွက် မှတ်သားစရာ စာတကြောင်းလောက်ရေးပေးပါဆိုလို့ ရေးပေးလိုက်ရမှာ၊ စာသားအတိအကျတော့ မမှတ်မိ၊ သဒ္ဒါ တတ်ရုံနဲ့ အင်္ဂလိပ်စာမတတ်ဘူး။ စာဖတ်မှတတ်တယ်လို့ရေးပေးလိုက်ပါတယ်။ ဒါကျွန်တော့်သဘောထား၊ ကျွန်တော့်ကိုယ်တွေ့၊ ကျွန်တော်ခင်မင်တဲ့အင်္ဂလိပ်စာ ကျွမ်းသူ ဗမာပုဂိုလ်ကြီးတို့ကိုယ်တွေ့ပါပဲ။ ဥပမာ- သာသနာပြုဆရာတော်ဦးသေဋ္ဌိလ၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဦးဝင်းဖေ(မြဇင်)။

ဆရာတော်ဦးသေဋ္ဌိလပျံတော်မမူခင်က စာပေအနုပညာသမားအချို့နဲ့သွားရောက်ဖူးမြော်ကြရာ ကျွန်တော်ကတော့ နိုင်ငံခြားမှာ ဆရာတော့်အတွေ့ အကြုံတွေကိုပဲ မေးပါတယ်။
အဲဒီတုန်းက Guarding အယ်ဒီတာလုပ်နေသူ တပည့်နဲ့စာပေသမားအချို့တော့ အင်္ဂလိပ်စာလေ့လာပုံမေးကြတယ်။
ဆရာတော်က သူ ဗမာပြည်၊ အိန္ဒိယပြည်မှာပဲအင်္ဂလိပ်စာသင်သွားခဲ့ပေမယ့် အင်္ဂလန်မှာ  သင်တန်းတွေဆက်တက်ရပုံ၊ တက်တော့ သဒ္ဒါသင်ပြတာက နည်းနည်း၊ စာပဲအဖတ်ခိုင်းပုံ(ဆရာတော်က Somerset Maugham ဝတ္ထုတွေဖတ်ခဲ့ရပုံပြောပြတာ မှတ်မိနေတယ်) အမိန့်ရှိပါတယ်။

ဒေါ်ခင်မျိုးချစ်ကစာဖတ်ဖို့လူတိုင်းကိုတိုက်တွန်းပြီး၊ သူ့ဆီလာတွေ့ပြီး အင်္ဂလိပ်စာမေးချင်တဲ့တက္ကသိုလ်ကျောင်းသူကလေးတွေက စားပွဲပေါ်ချပေးထားတဲ့ မဂဇင်းတွေထဲက ဗမာမဂ္ဂဇင်း ကိုပဲကိုင်ကြည့်ပြီးအင်္ဂလိပ်မဂဇင်းကို လက်ဖျားနဲ့တောင်မတို့ လို့ ဆူရပုံပြောပြဖူးတယ်။ ဦးဝင်းဖေကလည်း မိမိတို့အင်္ဂလိပ်စာတတ်နေတာ ကျောင်းမှာသင်တာက နည်းနည်း၊ အပြင်မှာ ကိုယ့်ဘာသာစာဖတ်လို့တတ်နေတာ ဖြစ်ကြောင်း အင်္ဂလိပ်စာလေ့လာမှုအကြောင်း စကားစပ်မိကြစဉ်ပြောဖူးတယ်။


ကျွန်တော့်ကို အင်္ဂလိပ်စာလေ့လာပုံ၊ လေ့လာနည်းလာရောက်မေးမြန်းကြမယ်ဆိုရင်လည်း ဒါပဲ၊ စာဖတ်ဖို့ ကျွန်တော်ပြောမှာပါပဲ။ ကျွန်တော်စာသင်ရာ မှာလည်း အခြေခံတန်းမှာပဲ သဒ္ဒါသင်ကာကျန်အတန်းတွေမှာ ဝတ္ထု ကဗျာ၊ မဂဇင်း၊ စာဖတ်လေ့ကျင့်ပေးပြီး ကိုယ့်ဘာသာ ကိုယ်လည်းဖတ်ကြဖို့ တိုက်တွန်းတာပဲဖြစ်ကြောင်း တပည့်တွေသိကြတယ်။


ဒါဖြင့် သဒ္ဒါကို အခြေခံဘယ်လောက်တတ်ရမှာလဲ။ ဒီနေရာမှာလည်း Guarding အယ်ဒီတာကို ဆရာတော် ဦးသေဋ္ဌိလမိန့်ကြားထားတာကိုပဲ ပြန်လည်ကိုး ကားရရင် “အင်္ဂလိပ်စာတတ်ချင်ရင် အရင်ဆုံး Articles တတ်ပါစေ။ ဘုန်းကြီး ဗမာပြည်ပြန်ရောက်တော့ ဘုန်းကြီးဆီဒကာကြီးတချို့ သူတို့ရေးတဲ့အင်္ဂလိပ်စာ aတွ လာပြMကတယ်ကွာ။ Articles ကို မသုံးတတ်ကြတာတွေ့ရတယ်။ ခေါင်းစဉ်ကိုက The Buddhism တဲ့။ နောက်က modify လည်းလုပ်မထားဘဲနဲ့၊ ဘာthe ထည့် ရသလဲ။ အဲသလောက်ကို မသိတာ” တဲ့။

ဆရာတော်က ဒါပဲ အမိန့်ရှိပါတယ်။ ဒီနောက်မှာမှ ကျန်သဒ္ဒါပိုင်းများဆက်လေ့လာလို့ မိန့်လိုဟန်ပါပဲ။ ဆရာတော်ဆက်မမိန့်တာကို ကျွန်တော်ဆက် ကောက်ရရင်၊ နောက်မြန်မာအများ ဟုတ္တိပတ္တိမတတ်တာ verbs ပါပဲ။ ဒါကို သူတို့ရေးတဲ့စာကိုကြည့်ပြီး သိနိုင်တယ်။
ကျွန်တော့်သဒ္ဒါညီလာခံမှာ မေးကြတာတွေကြည့်လည်း သိနိုင်တယ်။ ဒါကြောင့် ကျွန်တော် အင်္ဂလိပ်သဒ္ဒါစာအုပ်ရေးရင် (ဥပမာ- English the Easy Way) ပထမအခန်းဟာ article ပဲ။ နောက် verb ။

ကျွန်တော့် အခြေခံသင်တန်းမှာလည်း စစချင်း articles တလ သင်လိုက်တယ်။ ပြီးနောက် နှစ်လ tenses of verb ပါပဲ။
ဒါ အင်္ဂလိပ်စကားတတ်ဖို့ အခြေခံလိုအပ်ချက်နှစ်ခုပါပဲ။ တွဲရက်ဖတ်စာကလေးဖတ်ကာ Preposition တို့ adjective တို့ adverb တို့ ပြသွားတယ်။ ဒါကိုတော့ အခြေခံတတ်ရမယ့်သဒ္ဒါလို့ပြောလိုက်ရပေမယ့် ဒါကိုလည်း အတန်းထဲဟောပြောသင်ပြရုံနဲ့မရသေးပါ။ သဒ္ဒါစာအုပ်ဖတ်ပြီး မှတ်ရုံနဲ့မရသေးပါ။ လက် တွေ့ ပြောနေသုံးနေမှ ပိုသဘောပေါက်တာ၊ ကျွမ်းသွားတာ။ ကိုယ်က အင်္ဂလိပ်စကားပြောတဲ့တိုင်းပြည်မှာနေတာမဟုတ်တော့ ရေဒီယိုနားထောင်၊ ရုပ်ရှင်ကြည့်၊ စာဖတ်၊ ဒါပဲတတ်နိုင်တာ။ ရေဒီယို၊ ရုပ်ရှင်က နည်းနည်းကရိကထများတယ်ဆိုနိုင်တော့၊ အလွယ်ဆုံးနဲ့အကောင်းဆုံးက စာဖတ်တာပဲ ဖြစ်တော့တယ်။
ဒါကြောင့် အခြေခံသဒ္ဒါတတ်ဖို့လည်း စာဖတ်ရတယ် ” လို့ပြောဆိုထားပါတယ်


ကွမ်းခြံလမ်းစာပေကနေ တန်ဖိုး ၅၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
(ယခုကဏ္ဍအတွက် ပူးပေါင်းပါဝင်လိုသူများသည် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက်သွယ်နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts