K ငြိမ်းချမ်း အင်တာဗျူး မြန်မာပြည်တွင်း

K ငြိမ်းချမ်း- နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)
လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို
မေ့မထားစေချင်ပါဘူးလို့ပြောဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ (ဗန်းမော်)နဲ့ တွေ့ဆုံခြင်း
K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈

ယခင် စစ်အစိုးရ လက်ထက်များမှာ နိုင်ငံအတွက် ပြည်သူ့အတွက် ယုံကြည်ရာပြောဆိုလုပ်ကိုင်ခဲ့သူမှန်သမျှကို စစ်အစိုးရက နည်းလမ်းမျိုးစုံသုံး နှိပ်ကွပ်ချေမှုန်း ဒါမှမဖြုံသေးရင် နှစ်ရည်လများထောင်ဒဏ်တွေချမှတ်ကာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို နိုင်ငံတကာနဲ့ပြည်တွင်းနိုင်ငံရေးအင်အားစု တွေက နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ကြပါတယ်။
အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို စစ်ဝါဒီများက ထောင်တွင်းနှစ်ရှည်လများနှိပ်ကွပ်ချေမှုန်းခဲ့တဲ့ဒဏ်တွေကြောင့် ကိုသက်ဝင်းအောင်အပါ အ၀င် နိုင်ငံရေးအကျဉ်းသားများဟာ ထောင်တွင်းမှာပင် အသက်သေဆုံးခဲ့ရပါတယ်။ 
ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများမှာလည်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအစစအရာအရာနိမ့်ပါး ကြေမွခဲ့ကြ ရတာ ယခုအရပ်သားအစိုးရကို တင်းပြည့်ကျပ်ပြည့်အကောင်အထည်မဖော်နိုင်သေးတဲ့NLD အစိုးရလက်ထက်မှာပါ ဒီအဖြစ်အပျက်တွေ ရှိနေပါသေးတယ်။
NLD အစိုးရတွင်းမှာလည်း သမ္မတဦးဝင်းမြင့်ကစလို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးပေမယ့် နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ဖို့ အဲဒီ့ဘက် မလှည့်နိုင်သေးတဲ့အခြေအနေတရပ်မှာဆိုတော့ မြန်မာပြည်အနှံ့မှာ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ယိုယွင်းနေရတဲ့သူတွေကို ဒီအတိုင်းမြင်နေ ကြားနေရတာပါပဲ။
အဲဒီလို နိုင်ငံရေး အကျဉ်းသားဟောင်းများကို တတ်အားသရွေ့ကူညီပေးနေတဲ့ သူကိုယ်တိုင်လည်း နှစ်ရှည်လများ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ မန္တလေးမြို့က ကဗျာဆရာမောင်နန်းဝေ(ဗန်းမော်)နဲ့ သူတို့ဆောင်ရွက်နေတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှု အဖွဲ့(မန္တလေး)အကြောင်းကို မိုးမခ၀ိုင်းတော်သား K ငြိမ်းချမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။  ။ အကိုက မန္တလေးမှာနေထိုင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတာ မြင်ရကြားရပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ဘယ်အချိန်ကစ အကောင်အထည်ဖော်ဖြစ်တာပါလဲ။

ဖြေ ။   ။ မန္တလေးဝန်းကျင်မှာရှိတဲ့ အသက်(၇၀)နဲ့အထက် သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်း(၄၅)ဦးကို ဂါရဝပြုပူဇော်တဲ့ပွဲတခု ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက စုပေါင်းလုပ်ဖြစ်ကြတယ်။ ဒီပွဲရဲ့နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှု မဖြစ်မနေလုပ်သင့်တယ်လို့ အဲ့ဒီအချိန်ကတည်းကလက်ခံခဲ့ကြပြီး ၂၀၁၈ ဖေဖော်ဝါရီလရောက်တော့ မန္တလေးမြို့ခံ နိုင်ကျဉ်းဟောင်းတွေ
ရသလောက်စုစည်းပြီး စတင်အကောင်အထည်ဖော် ဖြစ်တာပါ။
ဒါကို ဘာလို့လုပ်သင့်လဲ ဆိုတော့ အင်မတန်ကျပ်တည်းလှတဲ့အမှောင်ခေတ်ကာလမှာထောင်မကြောက်၊ တန်းမကြောက်နဲ့ကိုယ့်ဘဝကိုကိုယ်အထိခိုက်အပြိုလဲခံပြီး သမိုင်းအကွေ့ တထောင့် တနေရာကျရာနေရာကနေနိုင်ငံရေးမှာပါဝင်ခဲ့ကြတဲ့ လူမသိသူမသိအညတရတွေ အများအပြားရှိပါတယ်။
ဒီကနေ့အချိန်ကျတော့ သူတို့မှာ ကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါနှစ်သိမ့်ဖေးမပြီး စာနာနွေးထွေးကူညီအားပေးဖို့လိုအပ်နေပေမယ့် အစိုးရကိုယ်၌က သူတို့တွေ ကိုအသိအမှတ်ပြုမှုလေးတောင်မှမပြသနိုင်ဘဲ လျစ်လျူရှုထားသလိုဖြစ်နေတယ်။
ဒါကြောင့်မို့ ဒီလို အည တရတွေရဲ့ဘဝတွေအပေါ် လူထုကသတိပြုအာရုံစိုက်လာစေချင်သလို သူတို့ကျန်းမာရေးအခက်အခဲ ဖြစ်လာတဲ့အခါမှာလည်း တတ်နိုင်သလောက် စိတ်ဓာတ်ပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးနိုင်ဖို့အတွက် ခုလို “နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှုအစီအစဉ်” တရပ်ကိုလုပ်ခဲ့ကြတာပါပဲ။
မေး ။   ။ အဖွဲ့နာမည်ကိုအမည်ပေးထားသေးလား။ အဖွဲ့ကို ဘယ်လိုဖွဲ့စည်းတည်ထောင်ခဲ့ပါသလဲ။ အဖွဲ့ရဲ့ရပ်တည်ချက် (ထောက်ပံ့ ကူညီတဲ့အလှူငွေအတွက်အတွက်) ရော ဘယ်လိုဆောင်ရွက်နေပါလဲ။

ဖြေ ။   ။ အဖွဲ့အမည်ရယ်လို့သီးခြားပေးထားတာမျိုးမရှိပါဘူး။ “နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှု အစီအစဉ်”လို့ပဲ သုံးနှုန်းပါတယ်။ အစီအစဉ်အတွက် လစဉ်ကြေးထည့်ဝင်ဖို့ကဒ်တွေကို တာဝန်ယူနိုင်သူတွေကတဆင့် ဖြန့်ဝေထားတာမျိုးပါ။ လစဉ်အနည်း ဆုံးကျပ်(၁)ထောင် ထည့်ရပါ့မယ်။
ငွေကောက်ရတာ ကရိ ကထမများစေဖို့အတွက် အဆင်ပြေတယ်ဆိုရင်တော့ (၁)နှစ်စာ (ဒါမှမဟုတ်) (၆)လစာ တခါတည်းပေါင်းထည့်ထားချင်ရင်လည်းရပါတယ်။ တတ်နိုင်တဲ့သူကလစဉ်ကြေးကို ကျပ် (၁)ထောင်ထက်ပိုထည့်တာလည်းရှိတယ်။ လစဉ်ကြေးမဟုတ်ဘဲ မတည်ငွေ လှူဒါန်းလာကြရင်တော့ အလှူငွေလက်ခံဖြတ်ပိုင်းနဲ့ လက်ခံပါတယ်။ရသမျှငွေကြေးအားလုံးကို ဘဏ်အကောင့်တစ်ခုဖွင့်ပြီး အပ်နှံထားတာပါ။
မေး ။  ။ မန္တလေးတိုင်းမှာရော နိုင်ငံရေးအကျဉ်းသားဟောင်းအရေအတွက် ဘယ်လောက်ရှိမလဲ။ အကို့တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်း မာရေးကူညီစောင့်ရှောက်မှုအဖွဲ့က သွားရောက်ကူညီခဲ့သူအရေအတွက် ဘယ်လောက်ရှိပါပြီလဲ။
အခြေအနေတွေ ပြောပြပေးပါဦး။

ဖြေ ။   ။ မန္တလေးမြို့(၇) မြို့နယ်အပါအဝင် အနီးအနား မတ္တရာ၊ ပြင်ဦးလွင်တို့ပါထည့်ရေရင် နိုင်ကျဉ်းအယောက် ၂၀၀ ဝန်းကျင်ရှိနိုင်ပါတယ်။ မန္တလေးတိုင်းတခုလုံးအနေနဲ့ဆိုရင် ထောင်ဂဏန်းနီးပါးရှိမယ်လို့ခန့်မှန်းပါတယ်။ ဒါပေမဲ AAPP ကို မေးကြည့်တော့ လျှောက်လွှာဖောင်နဲ့အတူ အချက်အလက် တွေဖြည့်အပြီး သူတို့ဆီ တရားဝင်အဝင်စာရင်းကမန္တလေးတိုင်းမှာက(၃၈၈)ယောက်လို့ဆိုပါတယ်။
ဒါက မှတ်တမ်းယူ အတည်ပြုထားတဲ့စာရင်းမို့လို့အချက်အလက်မကောက်နိုင်သေးတာတွေ အများကြီးကျန်နေပါလိမ့်မယ်။ နိုင်ကျဉ်းဟောင်းကျန်းမာရေး ကူညီစောင့်ရှောက်မှုအစီအစဉ်အနေနဲ့က တစ်ဦးကို ကျပ်(၅)သောင်းကူညီတာပါ။ ၂၀၁၈ မတ်လဆန်းစပြီးကူညီဖြစ်တာ။ အခု၂၀၁၈ စက်တင်ဘာ(၁)ရက်နေ့ အထိ (၆)လအတွင်း (၃၂)ယောက်(ငွေကြေးအနေနဲ့ စုစုပေါင်းကျပ် ၁၆ သိန်း) ကူညီခဲ့ပါတယ်။
မေး ။  ။ အကိုတို့သွားရောက်ကူညီခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့လက်ရှိ ကျန်းမာရေး၊ မိသားစုအရေးတွေကရော အားရကျေနပ် မှုရှိလား။ အဲဒီအပေါ် အကို့အမြင်မှတ်ချက်လေး။

ဖြေ ။  
 ။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆိုတာက အမှောင်ခေတ်တလျှောက်လုံးဘဝတွေကျိုးကြေ၊ စုတ်ပြတ်သတ်အောင် နှိပ်ကွပ်ခံခဲ့ရတဲ့ သူတွေပါ။ ထောင်ထဲနေရတဲ့တလျှောက်လုံးမိသားစုကထောင်ဝင်စာလိုက်တွေ့ပြီး ဒုက္ခများခဲ့ရတယ်။ ထောင်ထဲမှာနှစ်ရှည်နေခဲ့ရတဲ့သူတွေအဖို့ ကျန်းမာရေးလည်း အနည်းနဲ့အများယိုယွင်းလာကြတယ်။ တချို့ဆို ကြီးကြီးမားမားရောဂါတွေတောင် ဖြစ်နေကြတာ။ သူ့ဟာသူတောင်အနိုင်နိုင်ဖြစ်နေတဲ့ မိသားစု အတွက်တော့ ဒီအခြေအနေက ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။
အစီအစဉ်အနေနဲ့ကလည်း ပံ့ပိုးဖို့သတ်မှတ်ထားတာက ငွေကျပ် (၅)သောင်းဆိုတော့ သူတို့အတွက် တစ်ပတ်စာဆေးဖိုးလောက်ပဲ ရှိမယ်။ အဲ့ဒီအခါ ကျတော့ ဒီပြင် ပြင်ပစေတနာရှင်တွေဆီချိတ်ဆက် အကူအညီတောင်းရတာမျိုးလုပ်ရပါတယ်။
မေး ။  ။ အကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းကျောင်းသားတယောက်၊ ပြီးတော့ ကဗျာဆရာတယောက်လည်းဖြစ်တယ်။ ဘယ်လိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ဘယ်လို ပုဒ်မတပ်၊ ဘယ်ထောင်အချခံခဲ့ရတယ်ဆိုတာတွေ ပြောပြပါဦး။

ဖြေ ။    ။ ၈၈ ဖြစ်တော့ ကျွန်တော်က ၁၀ တန်းတက်နေတယ်။ ၁၉၈၉ -၁၉၉၀ ကာလမှာတော့ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂရဲ့အဖွဲ့ဝင်ပါ။
နောက်တော့ ကိုမင်းမင်းဦးခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်သမဂ္ဂများအဖွဲ့ချုပ်(ဗလသ)ထဲရောက်သွားတယ်။
၁၉၉၆ မှာတော့မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှာပူးပေါင်းပါဝင်ခဲ့တယ်။ ထောင်ထဲနေခဲ့ရတဲ့ကာလအနေနဲ့ ၁၉၉၀ ခုနှစ်နန်းတွင်းထောင်မှာ ပုဒ်မ ၅၀၅(ခ) နဲ့ ၅ လကြာ။ ၁၉၉၂ ခုနှစ် နန်းတွင်းထောင်မှာပဲ (၁)လခွဲကြာ ထိန်းသိမ်းနဲ့၊ ၁၉၉၈ ရောက်တော့ အိုးဘိုထောင်မှာ ပုဒ်မ ၁၂၄(က)နဲ့ ၁၁ နှစ်ခွဲကြာနေခဲ့ရ တယ်။
မေး ။   ။ ထောင်ကျခဲ့စဉ်(ကျန်းမာရေး၊ ထောင်ဝင်စာ စသဖြင့်) ထောင်တွင်းအခြေအနေလေးအကျဉ်းပြောပါဦး။

ဖြေ ။  ။ ထောင်ထဲရောက်တာနဲ့ဒုဗ္ဗိက္ခန္တရကပ်(အငတ်ဘေး) ဆိုက်ကြစမြဲမို့ ဒါကိုတော့ ထူးပြီးပြောစရာမရှိပါဘူး။ “သခင်အားရ ကျွန်ပါးဝ” ဆိုသလို ထောင် အာဏာပိုင်အများစုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရန်သူလိုသဘောထားပြီး အမြဲဖိနှိပ်လေ့ရှိပါတယ်။ အာဟာရဓာတ်ချို့တဲ့ပြဿနာရယ်၊ အကျဉ်းခန်းထဲမှာ နှစ်လတာရှည် ပိတ်လှောင်ခံရတဲ့ဒဏ်ရယ်၊ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းခံရမှုတွေကြောင့် ရေရှည်မှာ ခနာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေတယ်။
ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကလည်း နှာစေး၊ ချောင်းဆိုးအတွက်တောင်မှ ပါရာစီတမောနဲ့ ဘာမီတွန်တပြားလောက်ရဖ်ို့ကို အတော်ခက်ပါတယ်။ ရောဂါကြီးကြီးမား မားဖြစ်လာရင် သောက်ရမယ့်ဆေးကို ထောင်ဆရာဝန်က ဆေးစာပဲရေးထားပေးပြီး အိမ်ကလာတွေ့တဲ့အခါကျမှ ဝယ်ခိုင်းရတာမျိုးပါ။
မေး ။  ။  လက်ရှိအစိုးရမှာ သမ္မတဦးဝင်းမြင့်ကစလို့ တော်တော်များများက နိုင်ငံရေးအကျဉ်းသား ထောင်ကျဖူးသူတွေဖြစ်တယ်။ အဲဒီနိုင်ငံရေး အကျဉ်းသားဟောင်းတွေ အစိုးရတရပ်ဖြစ်လာတော့ လက်ရှိမြန်မာပြည်အနှံ့မှာ ကူညီစောင့်ရှောက်မှုမရတဲ့နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအတွက် ဘာများပြောဆိုချင်တာရှိလဲ။
အကြံပြုပြောချင်တာရှိရင်….။

ဖြေ ။  ။ နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးစောင်ရှောက်မှုအစီအစဉ်အနေနဲ့က လောလောဆယ်မှာ မန္တလေး (၇)မြို့နယ်နဲ့ အနီး တဝိုက် မတ္တရာ၊ ပြင်ဦးလွင်တို့လောက်ပဲကူညီနိုင်တာပါ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက်ကူညီနိုင်ဖို့ အစိုးရက “ကမကထ” လုပ်မှရမယ်။
နိုင်ကျဉ်းဟောင်းတွေအတွက် အခမဲ့ဆေးခန်းတွေ၊ အထီးကျန်နေတဲ့ အိမ်တွင်းပုန်း နိုင်ကျဉ်းဟောင်းသက်ကြီးရွယ်အိုတွေ တွေ့ဆုံနိုင်မယ့် အပန်းဖြေရိပ်သာ(ကလပ်)တွေ၊ ရှိစေချင်တယ်။ အခုဟာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆင်ခေါင်းကို ခွေးချီနေရတာ။ ရွေ့တာမရွေ့တာက နောက်။ ချီဖို့ကြိုးတော့ ကြိုးစားနေရတာပဲ။
မေး ။  ။ အကိုတို့ ကူညီစောင့်ရှောက်မှုတွေကရော ကျန်းမာရေး၊ စီးပွားရေးအစရှိသဖြင့် ထိခိုက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ဘယ်လောက်အတိုင်းအတာထိ ကူညီရာရောက်သလဲ။ ရေရှည်အတွက်မှာရော သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး
နည်းလမ်းတွေ စဉ်းစားထားတာရှိပါသလဲ။ ဘယ်လိုအကူအညီတွေလိုအပ်ပါသလဲ။

ဖြေ ။  ။ ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရသူတွေအတွက် ဆိုရင်တော့ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကို အချိန်ယူကုစားပေးဖို့ လိုမယ်လို့ထင်တယ်။ အစီအစဉ်ကနေ ပံ့ပိုးပေးနိုင်မှုအပေါ် အမှန်အတိုင်းဝန်ခံရရင်တော့ သွေ့ခြောက်ညိုးရော်နေတဲ့အပင်ကို နားဖာကလော်တံလေးနဲ့ ရေတစ်ကြိမ်လောက်ခပ်လောင်း ပေးနေရသလိုပါပဲ။ 
ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ရဲ့မျက်ရည်ကို တစ်ယောက်သုတ်ပေးပြီး တယောက်ရဲ့လက်ကို တယောက်က ဆုပ်နယ်အားပေးခွင့်ရတဲ့ မေတ္တာအချိန်အခါ အခိုက်အတန့် လေးတွေကိုပိုပြီးတော့ များများစားစား ရှိလာစေချင်တယ်။
ရေရှည်အတွက်ဆိုရင် အများထည့်ဝင်လှူဒါန်းငွေသက်သက်ကိုသာ မျှော်ပြီးရပ်တည်တာမျိုးထက် နိုင်ကျဉ်းဟောင်းကျန်းမာရေးရန်ပုံငွေ ပုံမှန်ရနိုင်မယ့် လုပ်ငန်းတွေထူထောင်နိုင်ရင်ပိုကောင်းမယ်။ နိုင်ကျဉ်းဟောင်းတွေကိုလည်း ဒီလုပ်ငန်းတွေထဲမှာ အလုပ်ခန့်ထားနိုင်မယ်။
ဖြစ်နိုင်ရင်နိုင်ကျဉ်း ဟောင်းတွေရဲ့အထွေထွေကျန်းမာရေး စောင့်ရှောက်မှုစင်တာ၊ နိုင်ကျဉ်းဟောင်းဘိုးဘွားရိပ်သာနဲ့ နိုင်ကျဉ်း ဟောင်းတွေဆုံ စည်းနိုင်မယ့် (Book Club)လိုမျိုးတစ်နေရာ၊ နိုင်ကျဉ်းဟောင်းများရဲ့သမိုင်းပြတိုက်၊ သက်ကြီးနိုင်ကျဉ်းဟောင်းများရဲ့ ဘုရားဖူးခရီးစဉ်၊ ဒါမျိုးတွေအထိ လုပ်ချင်တယ်။
မေး ။    ။ ၂၀၁၇မှာ
အကိုက ပန်းလို လွယ်လွယ်မကြွေတဲ့ကြယ်(သို့မဟုတ်) ကြယ်စင်တေး ဆိုတဲ့ စာအုပ်ကိုရေးသား ထုတ် ဝေထားတယ်။ အဲဒီစာအုပ်မှာ ချင်းအမတ်သူရဲကောင်း ဦးဒိုထောင်း၊ အငြိမ်းစားပညာရေးမှူး ဦးတင်မောင်အေး၊ သံမဏိသူရဲကောင်း ဦးမောင်ကို၊ ကိုသက် ဝင်းအောင်၊ ဦးဌေးလွင်ဦး၊ ကိုချိုကြီး၊ ကိုရာပြည့်၊ ဆရာမီးပွား၊ ကျောင်းသား ခေါင်းဆောင် ကဗျာဆရာ ညိုမင်းထက်၊ စောလားဒို၊ မောင်သိန်းလှ၊ ဦးမောင် နွတ်၊ တောင်သူကြီး ဦးမြင့်အောင်အစရှိတဲ့ပုဂ္ဂိုလ်တွေ အကြောင်းပါဝင်တယ်။ စာအုပ်ရေးသားဖြစ်ဖို့ ရည်ရွယ်ချက်လေးလည်း ပြောပြပေးပါ။

ဖြေ ။  

စစ်အာဏာရှင်အောက်က မြန်မာပြည်သမိုင်းဟာ အင်မတန်ကြေကွဲနာကျည်းခံပြင်းစရာ တွေနဲ့ပြည့်နှက်နေတယ်။ ဒီအတိတ်သမိုင်းမြို့ဟောင်းတွေက နှစ်ပေါင်း များစွာကြာအောင် မြေအောက်မှာ ဖုံးဖိဖျောက်ဖျက်ခံနေရတာ။ ဒါတွေကို နောင် လာမယ့်ကလေးတွေသိမှဖြစ်မယ်။ သမိုင်းအမှန်ကိုနားလည်မှ ဘယ်ဟာဖြင့် ဓမ္မ၊
ဘယ်အအရာကတော့ အဓမ္မ၊ စိစစ်တတ်လာမယ်။
လူငယ်တွေအနေနဲ့ အာဏာရှင်လူလည်၊ လူလိမ်တွေဂျင်းထည့်သမျှ အဟုတ်အမှန်မထင်ကြစေချင်ဘူး။ ဒါကြောင့် လက်လှမ်းမီသလောက် သက်ရှိသမိုင်းအဖြစ်အပျက်အပေါ် အခြေခံပြီး ရုပ်ပုံလွှာကောက်ကြောင်းဆန်ဆန်“ကြယ်စင်တေး”ကို ရေးဖြစ်ပါတယ်။
တကယ်တော့ သမိုင်းမြို့ဟောင်းတူးဖော်မှုအတွက် ဒီ “ကြယ်စင်တေး”စာအုပ်က မြေတူးစက်(ဒါမှမဟုတ်) ပေါက်တူးတစ်လက်ဆိုတာထက် ပင်အပ်လေး တစ်ချောင်းအဖြစ်နဲ့ပဲ ပါဝင်တူးဆွဖြစ်တာမျိုးပါ။
မေး ။    

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ကြိုးစားနေတဲ့ NLDအစိုးရကိုရော ဘာများတောင်းဆိုချင်တာအကြံပြုချင်တာရှိပါသလဲ။

ဖြေ ။    

စစ်အစိုးရအုပ်စိုးတဲ့ခေတ်မှာ နိုင်ငံရေးလုပ်ပြီးထောင်ကျခဲ့သူတွေဟာ လူလိုသူလို ရှင်သန်ခွင့်မရဘဲအဖက်ဖက်ကနေ ချိုးနှိမ်ခံခဲ့ကြရတာမို့ ခုနေခါ ရပ်တည်ရှင်သန်မှု ခက်ခဲနေတတ်ကြတယ်။
လူထုကိုယ်စားပြု အရပ်သားအစိုးရတဖြစ်လဲ NLD အနေနဲ့ သူကိုယ်၌က လုပ်ရကိုင်ရခက်တာမျိုးတွေ ရှိနေပေငြားလည်း ကျန်းမာရေးဆိုးဆိုးဝါးဝါးယိုယွင်းနေသူတွေအတွက်တော့ လုပ်ပေးနိုင်လို့ရနိုင်တဲ့အတိုင်းအတာထဲကနေ လိုအပ်နေတာတွေကို အချိန်မီဖြည့်ဆည်း၊ ပံ့ပိုး၊ ကူညီပေးနိုင်ရင်ကောင်းပါ့မယ်။ အချိန်မီလို့သုံးပါတယ်။ တချို့ ကိစ္စတွေမှာ နှစ်ကြိမ်နှစ်ခါဆိုတာမရှိလို့ပါ။ သေမှပဲ ဝမ်းနည်းစကားဆိုရုံ၊ မျက်နှာလေးလာပြရုံနဲ့တော့ မဖြစ်ပါဘူး။
ကျန်းမာရေးအရ တကယ်လိုအပ်ချက်ရှိနေသူတွေအတွက် နိုင်ငံတော်အဆင့်ထိမရောက်နိုင်သေးတောင် တဦးချင်းတယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ် လုပ်ပေးနိုင်တာများရှိမလား
စဉ်းစားစေချင်တယ်။
နောက်တခုက လက်ရှိအခြေအနေဟာ ဒီမိုကရေစီလိုလားသူနဲ့ စစ်အာဏာဘက်တော်သားတို့အကြား။ တနည်းပြောရရင် အလင်းနဲ့အမှောင်၊ ဓမ္မနဲ့အဓမ္မ၊ အမှန်နဲ့အမှား အားပြိုင်နေဆဲမို့ အန္တိမပန်းတိုင်ကိုရောက်ဖို့အတွက် အားလုံးညီညွတ်ဖို့လိုတဲ့ကာလပါပဲ
လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို မေ့မထားစေချင်ပါဘူး။ နိုင်ကျဉ်းဟောင်းတွေရဲ့ခွန်အားနဲ့အတွေ့ အကြုံတွေကို လိုအပ်သလို အသုံးပြုနိုင်ဖို့ရာ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ထင်ပါတယ်။
မေး ။   ။ နောက်ဆုံးမေးခွန်းပေါ့အကို။
ကဗျာဆရာလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တော့ ထောင်ဆိုတာ နိုင်ငံရေးသမားအတွက် လိုအပ်သေးလား။ ဘာကြောင့်ပါလဲ။

ဖြေ ။  ။ “ထောင်”ဆိုတာ လူအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုကိုဖော်ကျူးထားရာအမှတ်သင်္ကေတလို့ မြင်ပါတယ်။ တကယ်ဆိုထောင်ကျ အကျဉ်းသားတွေရဲ့ ဘဝက “ပြိတ္တာ”တွေနဲ့ သိပ်မထူးလှပါဘူး။ “ထောင်”ဆိုတာ”လောကငရဲ” တခုပါပဲ။
အာဏာရှင်တွေကတော့ ရက်စက်မှုအပေါ်မှာမှ ယုတ်မာမှုကိုဆင့်လိုက်ကြသေးတာ။ ကိုယ်နဲ့မတူတဲ့၊ ကိုယ့်ကိုဆန့်ကျင်သူတိုင်းကို အကျဉ်းချ ပိတ်လှောင်ထားလိုက်ရုံနဲ့တော့ အဖြေမှန် ထွက်လာမယ်မဟုတ်ပါဘူး။ နိုင်ငံရေးယဉ်ကျေးမှုရှိသူတွေဆိုရင် သိက္ခာရှိရှိဆွေးနွေး၊ညှိနှိုင်းဖြေရှင်းကြမှာပါပဲ။ တခုရှိတာ နိုင်ငံရေးမှာ မရိုးသားသူ ကိုတော့လူထုက လက်ခံလိမ့်မယ်မဟုတ်ဘူး။
မေး ။   ။   အကိုနန်းတွင်းထောင်မှာလား အိုးဘိုထောင်မှာလား မသိတဲ့အချိန်တုန်းက ကဗျာဆရာနေမျိုးနဲ့တွဲထုတ်တဲ့ပန်းဖလက်မှာ “အနာဂတ်တွေစီးဆင်းခွင့်မရှိသူ အုတ်အင်္ဂတေကန်ရဲ့ရင်ထဲ ရေပိုက်ခေါင်းလေးကတဆင့် မျက်ရည်တစက်စက် ယိုတယ်” ဆိုတဲ့
စာသားတွေပါတဲ့ကဗျာဖတ်ဖူးတယ်။ အဲဒီကဗျာနဲ့ပတ်သက်ပြီး တခုခုပြောပေးပါဦး။

ဖြေ ။   ။ အဲဒါ
၁၉၉၈ မှာပါ။ Companion Media Group(CMG)ဆိုတဲ့ ကြော်ငြာကုမ္ပဏီကို စုပေါင်းလုပ်နေကြရင်းက ကိုနေမျိုး(ကဗျာဆရာ)၊ ကိုတင်သစ် (ယခုလွှတ်တော် အမတ်)၊ ကိုနေထွတ်(ယခု RFA)၊ ကိုသီဟမောင်မောင်(ဒီဇိုင်း)တို့နဲ့ ထုတ်ဖြစ်ကြတဲ့ ဖန်းဖလက်ထဲမှာ အဲ့ဒီကဗျာ ပါပါတယ်။ စာသားက “အနာ ဂတ်တွေ စီးဆင်းခွင့်မရှိသူ အုတ်အင်္ဂတေကန်ရဲ့ ရင်ထဲ၊ နာကျင်မှုကို ဖွင့်ချဖို့မဖြစ်နိုင်သေးတဲ့ ရေပိုက်ခေါင်းလေး မျက်ရည်တစက်စက်ယိုတယ်” အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကိုယ် ရေပိုက်ခေါင်းလေးလိုနာကျင်ခံစားနေရပြီး ဘဝကလည်း ဘောင်ခတ်ကန့်သတ်ခံထားရတဲ့အုတ်ရေကန်လေးလိုဖြစ်နေချိန်မို့ အဲ့လိုရေးဖွဲ့ခဲ့မိတာ ပါ။
မေး ။  
 ။
  အကိုဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပေးပါဦး။

ဖြေ ။   
   သေနတ်မိုးပြီးအုပ်စိုးခဲ့ချိန်တုန်းက နိုင်ငံရေးလုပ်တယ်ဆိုတာ အသက်သေရင်သေ၊ မသေရင် ဘဝပျက်ပဲ။ ဒီလိုဖြစ် လာနိုင်တာသိသိနဲ့ ဘာကိုယ်ကျိုးမှမငဲ့ဘဲ တိုင်းပြည်အပေါ်ချစ်တာသက်သက်ကြောင့် နိုင်ငံရေးလုပ်ခဲ့ကြသူတွေဟာ ခုနေခါမှာ ရာထူး၊ အာဏာ၊ နေရာ၊ ငေ ကြေးနဲ့ လုပ်ပိုင်ခွင့်အပါအဝင် အခြားဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်ကျိုးအတွက် မျှော်ကိုးတဲ့စိတ်ကင်းရှင်းကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။
ခေတ်ကြီးက အပ်နှင်း လာလို့ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကို လုပ်ခဲ့ကြတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် “သစ်ခုတ်သမား” ဆိုတာက သူ့လက်ထဲက ပုဆိန်ကြီးကို အမြဲတမ်းတယမ်းယမ်း လုပ်ပြနေမယ့်သူလည်း မဟုတ်ဘဲ။ သစ်ခုတ်ရာသီကုန်ချိန်မှာ ကိုယ့်ပုဆိန်လေး ကိုယ်ထမ်း၊ ကိုယ့်ဒဏ်ရာ ကိုယ့်ဘာသာစမ်းပြီး လာလမ်းအတိုင်းအိမ်ပြန်လာခဲ့ရုံပါပဲ။ 
ခုလိုဖြေကြားခွင့်ရခဲ့တဲ့အပေါ်မှာလည်း မေးမြန်းပေးသူကို ကျေးဇူးတင်ရှိကြောင်းပြောပါရစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts