ဓာတ်ပုံသတင်း

ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးသင့်သူ ကိုးထောင်ကျော်ရှိ 

ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးသင့်သူ ကိုးထောင်ကျော်ရှိ 


ရေကြီးမှုကြောင့် ကရင်ပြည်နယ် မြို့နှစ်ခုတွင် ဒေသခံ ကိုးထောင်ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည်

ခင်နှင်းဝေ/Myanmar Now

(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈

ဘားအံမြို့ သံလွင်မြစ်ဘေး နေအိမ်များနှင့် မြေနိမ့်ပိုင်းဒေသ ရေကြီးမှု အခြေအနေကို သြဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံများ – Myanmar Now)

(ရန်ကုန်) – ဇူလိုင်လမှ စတင် သည်းထန်နေသော မိုးကြောင့် ကရင်ပြည်နယ်၊ ဘားအံ၊ လှိုင်းဘွဲ့မြို့များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံ ကိုးထောင်ကျော် ရှိသည်ဟု   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက စက်တင်ဘာ ၄ တွင် ပြောသည်။

အိမ်ထောင်စု ၁,၈၉၉  စု မှ လူဦးရေ ၉,၅၃၈ ဦးသည်  ကယ်ဆယ်ရေးစခန်း ၁၄ ခုတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း၊  ရေဘေးဒုက္ခသည်များကို    ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာများ၊ ဆေးဝါးများ ထောက်ပံ့ပေးနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဒေါ်နီနီအောင်က ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံမြို့ဘေးရှိ သံလွင်မြစ်ရေကြီးနေဆဲဖြစ်သည်။

“စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတယ်။ အခု လက်ရှိတော့ လူသေဆုံးမှု မရှိပါဘူး”ဟု ဒေါ်နီနီအောင်က  Myanmar Now သို့ ပြောသည်။

သြဂုတ်လက ဘားအံ၊ လှိုင်းဘွဲ့တို့တွင် ရေဘေးကြောင့် သေဆုံးသူ ၂ဝ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံဒေသအများအပြားတွင်  ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာဒေသတွင်လည်း  ရဲနွယ်ချောင်းရေ လျှံတက်ခြင်း၊ ချောင်းရေတိုက်စားခြင်းတို့ကြောင့် ချောင်းကမ်းဘေးရှိ  ဂ်ျို့ပင်ရွာ၊ ဇီးဖြူဘုရားရွာ၊ ဆင်ကူးရွာ၊ ကဒါးရွာတို့တွင်  ကုန်ထုတ် လူကူးသစ်သားတံတားများ မျောပါပျက်စီးခဲ့ကြောင်း အစိုးရက ကြေညာထားသည်။

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts