ခေတ်ပြိုင်အတွေ့အကြုံ

Moe Moe (Pa Thein) – San Fran, Black Coffee and Pa Thein Lakes

ဆန်ဖရန်ညနဲ့ ကော်ဖီခါးခါး (သို့မဟုတ်) ပုသိမ်ကန်သုံးဆင့်နဲ့ ဆောင်းညအမှတ်တရများ
မိုးမိုး(ပုသိမ်)၊ စက်တင်ဘာ ၂၇၊ ၂၀၁၃
ဒီနေ့ စက်တင်ဘာ ၁၅၊ ၂၀၁၃၊ အစီစဉ်မရှိပါဘဲ ဆန်ဖရန်စစ်စကိုရဲ့ စတိတ်ရှိုးပွဲကိုရောက်သွားခဲ့လို့ လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်နီးပါးလောက် ကိုယ့်ရဲ့ရင်ခုန်သံတွေကိုပြန်ရခဲ့တယ်။ တထပ်တည်းမဟုတ်တောင်… ငယ်ဘ၀ရဲ့အပျော်တွေ… သူငယ်ချင်းတွေ… ဆရာဆရာမတွေ… အမျိုးတွေ… မွေးရပ်မြေကိုလွမ်းသွားတာတော့အမှန်ပဲ…။
ကိုယ်ငါးတန်းနှစ်လောက်ကစလို့ အဖေက ပုသိမ်မြို့မှာ စတိတ်ရှိုးတွေကို ကန်ထရိုက်စဆွဲပါတယ်။ နှစ်တနှစ်ရဲ့သမိုင်းဝင် နေ့ရက်တွေဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နဲ့ မေဒေးနေ့တွေမှာဆိုရင် ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်မှာ အထိမ်းအမှတ်ပွဲလမ်းသဘင်တွေကို (၂၆) မြို့နယ်မှလာပြီး ကန်သာယာကွင်းကြီးထဲမှာ စုပေါင်းကျင်းပကြတာဆိုတော့ ပုသိမ်မြို့သူမြို့သားများရဲ့ နှစ်စဉ်ရင်ခုန်စရာနှင့်အတူ ဆယ်တန်းကျောင်းသူ ကျောင်းသားများကတော့ စာမေးပွဲကြီးနဲ့နီးကပ်တဲ့ ပြည်ထောင်စုပွဲဆို စိတ်ထဲထင် သလောက်မကဲရလို့ အသဲတယားယားနဲ့ ဖြတ်သန်းကြရတာ။ ဒီအထဲမှာမှ စတိတ်ရှိုးကလည်းအပါအ၀င်တစ်ခုဖြစ်ပြီး နှစ်စဉ် ပြက္ခဒိန်ရဲ့ကုန်ဆုံးခါနီးလတွေမှာ ကိုယ်တို့ညီအမနှစ်ယောက် (ညီမနဲ့ မောင်လေးအငယ်က ငယ်လွန်းတာရော အရွယ် မတိမ်းမယိမ်းနဲ့အတွဲညီတဲ့ ကိုယ်နဲ့အမကြား မ၀င်တာလည်း ပါမှာပေါ့)နဲ့ သူငယ်ချင်းတွေ ရင်ခုန်ရပါပြီ။
အဖေက ငှားမဲ့ အဆိုတော်တွေရဲ့စာရင်းတွေလုပ်၊ အစီစဉ်တွေလုပ်ကြရတော့ သမီးတွေနဲ့ သမီးသူငယ်ချင်း စိတ်ကြိုက်တွေမေးပြီး အစသန်တဲ့ အဖေနဲ့ သမီးတွေအကြိုက်လိုက်ဖို့ အစီစဉ်ရှိပေမဲ့ အတည်ပေါက်နဲ့စလို့ ညီအမတွေ ရွှေမျက်ရည်ကျရတာလဲ နှစ်စဉ်ပေါ့။ စတိတ်စင်ရဲ့နောက်ခံပန်းချီတွေ တွေးကြ အကြံပေးလိုက်နဲ့ (လက်ခံတာလဲရှိ လက်မခံတာလဲရှိ) နဲ့ အကောင်းတွေပဲ ပွဲကြည့်ပရိတ်သတ်ကို ပေးချင်တာရော၊ မိတ်ဆွေကဏ္ဍ.. သူငယ်ချင်းသံယောဇဉ်နဲ့ စာရိတ်ပိုကြီးတဲ့ ပန်းချီမောင်မောင်လှမြင်နဲ့၊ အကူအဖြစ် အဖေငယ်သူငယ်ချင်းတို့ကို ရန်ကုန်ကနေ နှစ်စဉ်ခေါ်ခဲ့တာချည်းပဲ ပြီးတော့ပွဲစဉ်တစ်ခုနဲ့ တစ်ခုနီးတဲ့ပွဲတွေဆို လက်မှတ်အရောင်းတက်သော်လည်း စာရိတ်တွေထောင်းလို့ အိတ်ထဲကပါပါသွားတဲ့နှစ်တွေမှာ အမေရဲ့အသံတွေထွက်လာတာတွေကြားနေရပြီး ကိုယ်တို့လည်း ငြိမ်ပြီးဇက်ပုနေရပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ကြည့်ချင်သောအဆိုတော်များ နားပူနားဆာတိုက်ခဲ့ကြတာတွေလည်း ရှိနေတာကို။
အဖေကတော့သွေးအေးခေါင်းမာသူမို့ ဘာအသံမှမထွက် သူလုပ်ချင်တဲ့အရာ သူ့ခံယူချက်တွေကို လက်ညှိုးထောင် ခေါင်းငြိမ့်မလုပ်ဘဲ နှစ်စဉ်မပျက်မကွက်သူ့ပေတံကြီးနဲ့ တောက်လျှောက်ချီ တက်ခဲ့လေရဲ့။ သူလျှောက်ခဲ့တဲ့နောက်က မိသားစုကတော့ ခရောင်းတွေရော၊ ခရမ်းတွေရော၊ ပန်းမွေ့ရာတွေရော ရသမျိုးစုံလို့။ ဒါပေမဲ့ အနုပညာသည်များရဲ့ ရင်ထဲမှာလည်း ပုသိမ်ရဲ့အဖေပွဲတွေမှာ ထူးခြားတဲ့ စတိတ်အပြင်အဆင်နဲ့ စေတနာကိုကျေနပ်ဂုဏ်ယူခဲ့ကြပြီး သူတို့ရဲ့အင်တာဗျူးတွေမှာ အဲဒီအချိန်က မဂ္ဂဇင်းတွေထဲတွင်ဖတ်ခဲ့ရပြီး ကိုယ်တို့ ကျေနပ်ပျော်ခဲ့ရတယ်။ ပွဲရက်တွေမှာ ကားနဲ့ (ကိုယ်ပိုင်ကားမဟုတ်ပါ ပွဲအတွက်ငှားပြီးအနုပညာသည်များကိုကြိုပို့ရန်) သူငယ်ချင်းများကိုပါပတ်ကြိုပြီးမှ တပျော်တပါးသွားကြတာ ကန်သုံးဆင့်ကွင်းထဲမှာရှိတဲ့ စတိတ်စင်နောက်ပေါက်ထဲထိ ကားနဲ့ဝင်တာဆိုတော့ ပရိတ်သတ်အုပ်ကြီးက အုံလိုက်ကြီးလိုက်လာ..အဲဒီတစ်ခဏတာလေး အမြင်မှားစေဘို့ အမနဲ့ သူငယ်ချင်းများက ရာသီချိန်မရောက်ခင် ပြင်ရဆင်ရ (အထင်မှားစေဘို့)… သိသွားတဲ့သူတွေက ကောင်းချီပေးသလို မသိသူများကလည်း ထင်ကြေးတွေပေးကြတာ ကိုယ်တို့ရဲ့ငယ်ဘ၀တွေထဲက အပျော်ရွင်ဆုံးနေ့ရက်များပါပဲ။
ဒီအပြင်ခုံ တစ်ရာလက်မှတ်ကို အဖေကအိမ်အတွက်ပေးထားတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ပုသိမ်ကောလိပ်မှ ဆရာ၊ဆရာမများ၊ သူငယ်ချင်းဆွေမျိုးများ ရင်းရင်ရင်းသလို နံပါတ်များကိုတစ်တန်းထဲ ပေးထားတော့ အပြင်ထွက်အစားစာဝယ်၊ အပေါ့အပါးသွားရင်လည်း ကိုယ့်လူရင်းတွေချည်းပဲမို့ ထွက်ချည်ဝင်ချည်နဲ့ မရှုပ်၊ ရှုပ်အောင်လုပ်ခဲ့ကြတာကို။ ဒီအပြင် အဖေကစတိတ်ရှိုးကိုတောင် တစ်ဝိုင်းထဲမဟုတ်ဘဲ နှစ်ဝိုင်း (ဥပမာ Success နဲ့ Aurora) New Wave, LPJ, The Ray Shell အားလုံးကို တစ်လှည့်စီနဲ့ နှစ်ဝိုင်းစီ သွင်းခဲ့တဲ့အပြင် အငြိမ့်ပါ ထည့်လိုက်ပြန်တယ်။ (မြပုဏ္ဏမာနဲ့ မိုးနတ်သူဇာ) သူဌေးဖြစ်ဖို့ တော့ အခွင့်အရေးပိုနည်း သွားပြန်တာပေါ့။
ကိုယ်တို့က ဒုတိယတန်းက အမြဲကြည့်ရတယ်။ ရှေ့ဆုံးတန်းကတော့ နာမည်ကျော် ဗိုလ်ချုပ်မြင့်အောင်မိသားစုများနဲ့ အခြားဗွီအိုင်ပီလူကြီးများပေါ့။ ကိုယ်တို့ရှေ့က ဗိုလ်ချုပ်မြင့်အောင်နဲ့မိသားစု ဘာမှန်းမသိ ဗွီအိုင်ပီဆိုတာကို လက်မခံချင်တဲ့စိတ်နဲ့ အငြိမ့်အလှည့်မှာဆိုရင် လူရွှင်တော်တွေရဲ့ပြက်လုံးတွေမှာ အတောမသတ်နဲ့ လိုတာထက်ပိုပြီး အသံပေါင်းစုံနဲ့ရှေ့ကိုအာရုံပျက်အောင်လုပ်ရတာလည်း နှစ်စဉ်စိန်ခေါ်ပွဲကြီးပေါ့။ ရှေ့ကနေလှည့်ကြည့် လှည့်ကြည့်နဲ့ကြည့်ပြန်တော့လည်း ကလေးသာသာအုပ်စုဆိုတော့ ဘာမှမပြောသာ။ (လူကြီးတွေဒီမှာမထိုင်ရ အလယ်ခေါင် မှာကလေးအားလုံးထိုင်ရန်ဆိုပြီး ကြိုတင်ကြံစီထားကြတာ)။ ပါလာတဲ့အချဉ်ထုပ်တွေ၊ လက်ဖက်သုပ်တွေ တပျော်တပါးစားကြသောက်ကြနဲ့ တစ်နေ့ကို နှစ်ရက်.. တစ်နှစ်မှာ အထိမ်းအမှတ်နေ့ သုံးရက်ဆိုရင်..တစ်နှစ်မှာ အနည်းဆုံးခြောက်ည… သုံးရက်ပါတဲ့နှစ်ဆို.. ခုနှစ်ပွဲ… တစ်ဝကြီး နားထောင်ခဲ့ရတယ်။
နှစ်တစ်နှစ်မှာတော့ ၁၉၈၆ ခုနှစ်လို့ထင်တယ်။ ပုသိမ်ရဲ့မော်တင်ဘုရားပွဲရက်မှာ အာဏာပိုင်များက မတရားတဲ့စီမံချက်နဲ့ မော်တော်ယာဉ်ဆီတွေကို ဖမ်းပါလေရော။ (အဖေကဆီလှောင်တဲ့ ကုန်သည်မဟုတ်ပါ)။ ရက်သိပ်မကွာခင်မှာပဲ စတိတ်ရှိုးပွဲနဲ့ ဇာဂနာတို့အငြိမ့်ပါတော့ ညဘက်ပွဲမှာ ပြက်လုံးလုပ်မှုနဲ့ ပွဲအပြီးမှာ အဖေရော ဇာဂနာရော စသုံးလုံးကခေါ်သွားပြီး တစ်နေကုန်စစ်တာ၊ နောက်နေ့ပွဲစခါနီးညနေမှ ပြန်လွှတ်ပေးလိုက်တယ်။
ကိုယ်တို့ကတော့ အဖေ ဘာလို့အရင်လိုပြန်မအိပ်၊ အဖေတပည့်တွေလည်းအစီစဉ်တွေ ကမောက်ကမဖြစ်နဲ့၊ အမှတ်တရဖြစ်ခဲ့ဖူးတယ်။ အဖေက အနုပညာသည်တွေကို သဘောင်္စီးလုံးငှားပြီးခေါ်တော့ အထူးသဖြင့် ပြည်ထောင်စုပွဲအတွက်ဆိုပြီး သိန်းတန်(မြန်မာပြည်)ကို တစ်နှစ်တစ်ခါ ပြည်ထောင်စုနေ့အဖွင့်သီချင်းကို (ဧရာဝတီရဲ့အလှတရားတွေကို ဖော်ကျူးပြီး တိုင်းရင်းသားအားလုံးရဲ့ ပင်လုံစိတ်ဓာတ်ပါတဲ့ သီချင်းမျိုးတွေ) သဘောင်္ပေါ်မှာ အပြီးရအောင်စပ်ပြီး တိုက်ခဲ့ပြီး အဆိုတော်များကိုလည်း တိုင်းရင်းသားဝတ်စုံများဝတ်စေပြီး နှစ်စဉ်ပရိတ်သတ်ကို အမြင်ဆန်းစေပါတယ်။
စတိတ်ရှိုးပတ်လည်ကို ၀ါးထရံများ ကာရံထားပြီး လူအုပ်ကြီးက လက်မှတ်ဝင်တဲ့အပေါက်မှာကြိတ်ကြိတ်တိုးလို့။ ၀ါးထရံကြီးတွေ လှုပ်ခါယိုင်လဲတာတွေတွေ့ရင် ပွဲပျက်သွားမလား ကလေးအတွေးနဲ့ ရင်ပူခဲ့ကြဖူးတယ်။ မီးရောင်စုံတွေ၊ ပြခန်းတွေ၊ ပရိတ်သတ်တွေ၊ ဂီတသံစဉ်တွေဟာ ဆောင်းညရဲ့ခိုက်ခိုက်တုန်အောင် ချမ်းမှုကို အံတုရင်းပုသိမ်မြို့ရဲ့အလှ.. ချစ်သူများရဲ့ရင်ခွင် ကန်သုံးဆင့်ကွင်းကြီးထဲမှာ ကိုယ်တို့ရင်ခုန်ခဲ့ကြတယ်။
ဒီည… ဆန်ဖရန်ရဲ့ White Party ဆိုတဲ့ပွဲကို မမျှော်လင့်ဘဲရောက်ခဲ့တဲ့ည။
နေလို့ကောင်းရုံလေး အေးနေတဲ့ ဆန်ဖရန်ရဲ့ညနေဆည်းဆာ၊ နေမ၀င်တ၀င်အချိန်လေးမှာ စတိတ်ရှိုးကျင်းပမဲ့ Lowell High School ဆိုတဲ့ အထက်တန်းကျောင်းကို ရောက်သွားပြီး (အထက်တန်းကျောင်းရဲ့ခန်းမ (Therater)ကို ငှားကျင်းပတာဖြစ်ပါတယ်) လက်မှတ်ကိုပုံမှန် ထက် (၁၀) ဒေါ်လာပိုပေးဝယ်ရပြီး (ကြိုဝယ်မထားလို့လိုဆိုပါတယ်) ပွဲကြည့်ပရိတ်သတ်ကတော့ ခပ်ကျဲကျဲလောက်ရောက်နေပြီး တဖွဲဖွဲလာနေတာတော့တွေ့နေရပြီး၊ ကိုယ်တို့လဲတခါတည်းတန်းစီတဲ့နောက်မှာ စီပြီး တန်းဝင်ခဲ့ပါတယ်။
ပွဲကတော့သတ်မှတ်ချိန်ထက်နောက်ကျမှ စနိုင်ပြီး၊ Rဇာနည်နဲ့ စဖွင့်၊ ပရိတ်သတ်ကလည်းခပ်ကျဲကျဲပဲ ရှိနေတော့၊ အဆိုတော်ကိုတောင် ကိုယ်မှာ စိတ်ထဲက အားနာနေမိတယ်။ သုံးပုဒ်လောက်မှာတော့ တဖွဲဖွဲဝင်လာပြီး နေရာယူကြမှ နဲနဲအားရစရာ ဖြစ်လာတော့တယ်။ ကိုယ့်စိတ်ကလည်း သီချင်းနားထောင်မိလား၊မမိလားလဲမရှိ၊ မျက်စိရှေ့မှာမို့ကြည့်နေတဲ့ ဖီလင်မျိုးလောက်ပဲ ရှိနေတယ်။ ဒီလိုနဲ့ နောက်တစ်ယောက်ဆို၊ ပရိသတ်လဲစုံသလောက်ရှိနေပြီ်း တတိယောက်မြောက်အဆိုတော် ချစ်ကောင်းထွက်လာပါတယ်။ ကိုယ်အပါအ၀င် ပရိတ်သတ်ကြီးက လက်ခုပ်သံတွေနဲ့ ကြိုဆိုကြပြီး ချစ်ကောင်းကသူရဲ့ ကော်ဖီခါးခါး အပါအ၀င် အောင်မြင်ခဲ့သောသီချင်းများနဲ့ တစ်ပုဒ်ပြီးတစ်ပုဒ် သူ့မူသူဟန်အတိုင်း ပရိတ်သတ်ကိုဆွဲခေါ်သွား လေတာ … ကိုယ့် စိတ်တွေကျန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါး လောက်ကို ပြန်ရောက်သွားပါတော့တယ်။
ချစ်ကောင်းကို (၁၉၈ရ) နှစ် ပုသိမ်ပွဲမှာ နောက်ဆုံးနားထောင်ခဲ့ရပြီး ဒီညဟာ ပထမဆုံး ပြန်နားထောင်ရတာပါပဲ။ ခု သူ အသက်၅၀ (အဲဒီချိန်က သူ ၂၄နှစ်)၊ အရင်အတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူး။ ဒီလိုနဲ့ အစီစဉ်အတိုင်း တစ်ယောက်ပြီးတစ်ယောက် ပထမပိုင်း၊ ဒုတိယပိုင်းခွဲပြီး ဆိုသွားကြပြီး မျိုးဆက်သစ်အဆိုတော်များကလည်း သူတို့ရဲ့ကိုယ်ပိုင်သီချင်းများနဲ့အတူ ကိုယ်တို့ခေတ်ကအောင်မြင် ကျော်ကြားခဲ့သော ခိုင်ထူး၊ စိုးပိုင်၊ လွှမ်းမိုး၊ ဂျက်မြသောင်းတို့ရဲ့ သီချင်းအများစုနဲ့ (ပုသိမ်ရဲ့ပွဲတွေမှာ ညလယ်(၂)နာရီ (၃)နာရီထိ ပရိတ်သတ်ကိုပွဲပြီးချိန်ထိ ထိန်းပြီး လက်ခုပ်သံတွေယူခဲ့တဲ့ သီချင်းတွေပါပဲ) သီဆိုသွားကြပြီး။ ဂရေဟမ်က သူ့ရဲ့မှတ်တိုင်တွေထဲက သီချင်းများအပြင် သင်္ကြန်သီချင်းတွေနဲ့ သူ့အစီစဉ်ကိုသိမ်းသွားသလို Rဇာနည်ကလည်း ပွဲအပိတ်ကို တာဝန်ယူပြီး သီချင်းခြောက်ပုဒ်ဆိုမယ်ပြောပြီး၊ ရှစ်ပုဒ်နဲ့ တ၀ကြီး ဖျော်ဖြေသွားခဲ့တယ်။
ခင်ပွန်းသည်ရဲ့ သြစတြေးလျကသူငယ်ချင်းက လွန်ခဲ့တဲ့လေးနှစ်က  သြစတြေးလျကနေစင်္ကာပူကို တကူးတက လာရတာက အေသင်ချိုဆွေပါတဲ့။ စတိတ်ရှိုးလာကြည့်တာဆိုလို့ ပြပါဦးမမြင်ဘူးလို့ ဆိုပြီး အင်တာနက်ကနေပြလို့ မြင်ဖူးခဲ့ပြီ။  ဒီညပွဲမှ.. သူအသံနားထောင်ရတော့ အဝေးကလူကိုလာကြည့်စေလောက်တဲ့ မျိုးဆက်သစ် အသံပါရမီရှင်တစ်ဦးပဲဖြစ်ပါတယ်။ သမိုင်းလိမ်ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ အနုပညာသည်တစ်ယောက်ကြောင့်ဒီပွဲကို စိတ်ထဲ ကသိကအောင့်ဖြစ်တာကလွဲရင် ငယ်ဘ၀ကိုပြန်လွမ်းစေခဲ့တဲ့   ဆန်ဖရန်ညနဲ့ ကော်ဖီခါးခါးလို့ပဲဆိုချင်ပါတယ်။
(၈၈) နောက်ပိုင်း ICပွဲတွေ နှစ်ပွဲ သုံးပွဲကြည့်ဖူးပေမဲ့ ကိုယ်တို့ငယ်စဉ်က အသဲစွဲအဆိုတော်များနဲ့ ပြန်မဆုံခဲ့တော့ပါဘူး။ ပွဲပြီးလို့ နောက်တစ်နေ့မှာတော့ အဖေကိုပြောပြဖြစ်တော့ ဘာလို့နှုတ်မဆက်ခဲ့လဲလို့ပြောလို့ ကြော်ငြာစာရွက်ထဲမှ တယ်လီဖုန်းနံပါတ်များမှတဆင့် အကိုချစ်ကောင်းကို နှုတ်ဆက်ဖို့ကြိုးစားတော့ ကန်ထရိုက်တာတစ်ဦးမှ ဖုန်းနံပါတ်ပေးထားခဲ့ပါ၊ ပြောပေးမယ်ဆိုလို့ အဖေနာမည်ပေးခဲ့ပြီး (ကိုယ်နာမည်ပြောလို့ သူသိမှာ မဟုတ်ဘူးလေ) ညနေသုံးနာရီလောက်မှာ အကိုချစ်ကောင်းမှ.. ညီမရေဆိုပြီး ဖုန်းပြန်ဆက်လာပြီး၊ ကိုယ်နေတဲ့ အိမ်နားမှာ တည်းတာဆိုလို့ ညနေဆုံဖို့ချိန်းပါတယ်။
အကိုချစ်ကောင်းက ဖရီးမောင့်ကပြန်အလာမှာသွားတွေ့တော့ ညီမအဖေအကြောင်းကို သူတည်းတဲ့အိမ်ရှင်အကိုနဲ့ အမကို ငါတို့ တစ်လမ်းလုံးပြောလာတာဆိုပြီး ပြောလည်းပြော၊ မိတ်ဆက်လည်းပေး ဟိုတုန်းက အကြောင်းတွေပြန်ပြောကြနဲ့ …
အကိုချစ်ကောင်းက “သူတို့ကမေးနေတယ်၊ ညီမအဖေ အဲဒီလိုလုပ်ခဲ့တော့ မြတ်ရော မြတ်ရဲ့လား …” မေးနေတယ်ဆိုလို့
အကိုဖြေလိုက်လေလို့ ပိုက်ဆံတစ်ခုပဲကြည့်မယ်ဆိုရင်တော့ အဲဒီအချိန်ဟာ ငွေရှာကောင်းချိန်ပါ။ ကိုယ့်အဖေ ငွေတစ်ခုပဲကြည့်ပြီး ဘာမှ မလုပ်ခဲ့သလို ကိုယ်တို့ကိုလည်း ငွေမမက်ဘို့နဲ့ ငွေနောက်လိုက်ရင် မှားမယ် ဆိုတာတွေနဲ့ စာပေချစ်တတ်အောင် အမှန်တရားနဲ့ တရားမျှတမှုတွေဘဲ ကိုယ်တို့ကို ဆုံးမခဲ့တာပါ။
အဖေကြောင့် စာပေမြတ်နိုးတတ်သွားသလို စတိတ်ရှိုးတွေကြောင့် ကိုယ်တို့ဂီတကို ချစ်တတ်သွားခဲ့ရပြီး (၈၈) နောက်ပိုင်း ဘ၀ရဲ့အကြီးမားဆုံးအချိုးအကွေ့နဲ့အတူ ကိုယ်တို့မောင်နှမတွေ၊ အမေနဲ့အတူ တစ်ယောက်တစ်လှည့်ဝိုင်းကူ၊ ၀ိုင်းတွန်းရင်း ရပ်ခဲ့ရတာပဲ။ နိုင်ငံရေးသမားဆိုတဲ့ စကားလုံးကြီးအောက်မှာ ဆွေမျိုးတွေအပါအ၀င် အများစုမိတ်ဆွေအားလုံး စွန့်ခွာသွားခဲ့ကြတာပဲ။ စွန့်ခွာမသွားကြတဲ့သူတွေကတော့ ကိုယ်တို့ရပ်ကွက်ထဲက ရပ်ကွက်သူရပ်ကွက်သားတွေရယ် ကိုယ်အမေနဲ့ စီးပွားဘက်တွေရယ်ပဲ။ ခုပြန်တွေးကြည့်မိတော့ ကိုယ်တို့ရပ်ကွက်ကလူတွေဟာ မကြောက်မရွံ့ ကိုယ်တို့ညီအမကို ကြိမ်ဖန်များစွာ အကာအကွယ်ပေးခဲ့ကြသလို.. ကိုယ်တို့အိမ်ကို ဘယ်နေရာက ဘယ်သူတွေ ဘယ်အချိန်က စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေကို ပုံစံမျိုးစုံနဲ့ လာပြောကြတာတွေကို အမှတ်ရကျေးဇူးတင်နေမိတယ်။
ကိုယ်တို့အတွက်တော့ (၈၈) ခေတ် နိုင်ငံရေးတောင် မဟုတ်ပါဘူး။ ကိုယ်သုံးနှစ်သမီးမှာ အဖေထောင်ကျပြီး ကိုယ်တို့ရန်ကုန်ကနေ ပုသိမ်ကို ပြန်ရောက်ခဲ့ရတာပဲ။ ပုသိမ်မှာမွေး၊ ပုသိမ်မှာကြီးတဲ့ ပုသိမ်သူစစ်စစ်ဖြစ်ခဲ့ပြီး၊ ပုသိမ်ကန်သုံးဆင့်နဲ့ ဆောင်းညအမှတ်တရတွေ ရှိခဲ့ရတဲ့အပြင်၊ ဒီနိုင်ငံရေးဆိုတဲ့စိတ် ကိုယ့်မှာရှိခဲ့လို့ ကိုယ်ခင်ပွန်းက ကိုယ့်ကိုအိမ်ထောင်ပြုဖို့ ဆုံးဖြတ်သလို၊ ကိုယ်ကလည်း သူ့မှာဒီစိတ်ရှိလို့ ဘ၀လက်တွဲဖော်ရွေးခဲ့လိုက်တာလေ။ ဆန်ဖရန်ညနဲ့ကော်ဖီခါးခါးကြောင့် အတွေးတွေပျန့်သွားလိုက်တာ နှစ်ရက်တောင် ရှိသွားလို့ ဒီမှာပဲရပ်တော့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts