ခေတ်ပြိုင်အတွေ့အကြုံ မြန်မာပြည်တွင်း

ကျော်ကျော် မြရည်စမ်း – ဖျဉ်းနာယစ်ဆေး

ဖျဉ်းနာယစ်ဆေး
ကျော်ကျော် မြရည်စမ်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈

ကျွန်​​တော်​သိတတ်​အရွယ်​ကစလို့ အခုအချိန်​အထိ သတိထားမိခဲ့တဲ့အရာတ​ခုရှိပါတယ်​။ အဲတာက​တော့ နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး အစရှိတဲ့နယ်​ပယ်​​တွေမှာ တာဝန်​ခံထားတဲ့အစိုးရရဲ့လုပ်​​ဆောင်​ချက်​​တွေမှားယွင်း​နေတဲ့အခါ နယ်​ပယ်​အသီးသီးက (စွန့်​လွှတ်​ရဲတဲ့) အသိပညာရှင်​​တွေ၊ အတတ်​ပညာရှင်​​တွေက ​ဝေဖန်​​ထောက်​ပြမှု​တွေ လုပ်​ခဲ့ကြပါတယ်​။ အဲဒီလိုအခါမျိုးမှာဆိုရင်​  သူတို့ဟာ အာဏာရှင်​အစိုးရရဲ့ငြိုးမာန်​ဖွဲ့ခြင်းကို ခံရ​လေ့ရှိပါတယ်​။ ဒါ​ပေမဲ့ အခုအချိန်​အထိတတ်​နိုင်​သမျှ​တော့ေ​ဝဖန်​​ထောက်​ပြ​နေကြတုန်းပါပဲ။ ကမ္ဘာကြည့်​ ကြည့်​လိုက်​မယ်​ဆိုရင်​  အသိပညာရှင်​၊ အတတ်​ပညာရှင်​​aတွရဲ့ စကားကိုအ​လေးထားတဲ့အစိုးရတရပ်​ဟာ သူ့နိုင်​ငံသား​တွေရဲ့အကျိုးစီးပွားနဲ့အနာဂတ်​လှလှ​တွေကို​ မွေးဖွား​ပေးနိုင်​ခဲ့ကြပါတယ်​။
[၁]
မူးယစ်​​ဆေးဝါးဆိုတဲ့အသံ​တွေ ကျယ်​ကျယ်​​လောင်​​လောင်​ထွက်​လာရင်​ ငယ်​ဘဝဖြတ်​သန်းမှုကို ပြန်​ပြန်​သတိရမိတယ်​။
မူးယစ်​​ဆေးဝါးနဲ့ပတ်​သက်​ပြီး​ပြောကြမယ်​ဆိုရင်​ ​ ခေါင်းစဉ်​ကြီး​တွေ၊ ခေါင်းစဉ်​​လေး​တွေအများကြီးတပ်​ပြီး​ပြောရမယ့်ပုံပါပဲ။ အဲဒီ​ခေါင်းစဉ်​​တွေအသီးသီးရဲ့​​အောက်​မှာ ခေါင်းစဉ်​​ပေါက်​စနလေးတွေပါထပ်​ပြီးထည့်​ရအုံးမှာပါ။

” မူးယစ်​​ဆေးဝါးဆိုသည်​မှာ ဘိန်း၊ ဘင်း၊ က​စော်​၊ ​လှော်​စာ အရက်​ ဖြစ်​သည်​။ နံပါတ်​ဖိုး​ခေါ်ဘိန်းဖြူသည်​ တ​ခါသုံးစွဲမိရုံမျှနှင့်​ စွဲလန်းသွား​စေတတ်​ပါသည်​ ” ဆိုပြီး​တော့ ငယ်​ငယ်​တုန်းက စာ​အော်​ကျက်​ခဲ့ရပါတယ်​။ အဲဒီစာ​တွေဟာ သူ့​ခေတ်​နဲ့သူအခါမှာ​တော့ မှန်​သင့်​သ​လောက်​ မှန်​မယ်​ထင်​ပါတယ်​။ ဒါ​ပေမဲ့ ပြည့်​စုံတယ်​လို့​တော့မထင်​ခဲ့ပါဘူး။ အခုလိုအ​နေအထားမျိုး​တွေမှာ​တော့ အများကြီးထပ်​ဖြည့်​ရ​တော့မယ်​ထင်​ပါတယ်​။

မူးယစ်​​ဆေးဝါးဆိုတဲ့​နေရာမှာ အခု​နေအခါ မျက်နှာပေါင်းစုံမှာ ​တွေ့နေမြင်​​နေရတာက “တရားမဝင်​မူးယစ်​​ဆေးဝါး” ဆိုပြီး​တော့ ပါပါတယ်​။ ဘယ်​အရာ​တွေက တရားမဝင်​ဖြစ်​ပြီး​တော့ ဘယ်​အရာ​တွေက တရားဝင်​တာလဲလို့ဘယ်​သူမှလည်း ​စောဒကမတက်​ရဲကြပါဘူး။
ဖြတ်​​တောက်​ဖို့ခက်​တဲ့အရာမှန်​သမျှဟာ မူးယစ်​ဆေးဝါးထဲမှာများ အကျုံးဝင်​​နေမလားလို့ ​တွေးဆခဲ့မိပါတယ်​။

လွန်ခဲ့တဲ့နှစ် ​၂၀ ​ကျော်​​ကျော်​က လမ်းနံ​ဘေးအရက်​ဆိုင်​​လေးတ​ဆိုင်​မှာ အရက်​မစွဲပဲ အ​ပေါင်းအသင်းစွဲပြီး​ နေ့စဉ်​ညစဉ်​နီးပါး ထိုင်​ခဲ့ဖူးပါတယ်​။ တနေ့​တော့ ကျွန်​​တော်​ထိုင်​တဲ့ဝိုင်းမှာ မူးယစ်​​ဆေးဝါးနှိမ်​နင်း​ရေးအထူးတပ်​ဖွဲ့က ဦးစိုး​အောင်​လည်း ဝင်​ထိုင်​ပါတယ်​။
သူကပဲ အဲဒီညက ကျသင့်​တဲ့အရက်​ဖိုး၊ အမြည်းဖိုး​တွေကို ရှင်း​ပေးတယ်​။ နောက်​တေ​န့သင်​တန်းသွားရမှာမို့ အားလုံးကိုနှုတ်​ဆက်​​ကြောင်းလည်း   ​ပြော ပါတယ်​။ အသက်​၅၀ ကျော်​ ၆၀ နီးပါးရဲအုပ်​တ​ယောက်​က ဘယ်​လိုသင်​တန်းမျိုးသွားတက်​မှာလဲလို့ ကျွန်​​တော်​တို့က စပ်​စုကြတယ်​။ ပြန်​​တော့မလိုလုပ်​​နေရင်း က သူပြန်​ထိုင်​တယ်​။

မူးယစ်​​ဆေးဝါး​တွေအ​ကြောင်းကို သင်​တန်းသွားတက်​ရမှာလို့ သူက​ပြောတယ်​။ “အခု ​တွေ့​နေ မြင်​​နေရတဲ့မူးယစ်​​ဆေးဝါး​တွေထဲကတ​ချို့ကို ငါတို့လည်းမသိဘူးဟ ” တဲ့။ “ငါတို့က သင်​တန်းသွားတက်​ပြီး ပြန်​လာလိုက်​၊ ​နောက်​ထပ်​အသစ်​​တွေ ထပ်​​ပေါ်လာလိုက်​နဲ့ ဖြစ်​​နေအုံးမယ်​ထင်​ပါရဲ့” လို့ သူက​ပြောပါတယ်​။
အဲဒီ​နောက်​​တော့ မူးယစ်​​ဆေးဝါးအ​ကြောင်း​တွေ၊​ ရောင်း​နေတဲ့ဘိ (အဲဒီ​ခေတ်​က ​ဆေး​ရောင်းတဲ့​နေရာကို ဖိုးဘိလို့ ​ခေါ်ကြတယ်​)​ တွေအ​ကြောင်း ဆက်​​ပြောဖြစ်​ကြတယ်​။

သူကရဲ။ ကျွန်​​တော်​တို့က လူငယ်​​ပေ​ပေ​တွေ။ ဒါ​ပေမဲ့ ရင်းရင်းနှီးနှီးစကား​ပြောဖြစ်​ခဲ့ကြတယ်​။ စစ်​အာဏာရှင်​နဲ့ မဟုတ်​တန်းတရားလုပ်​တဲ့ရဲ​တွေဆိုရင်​ ကျွန်​​တော်​တို့ကမုန်း​ပေမဲ့ ခင်​မင်​စရာ​ကောင်းတဲ့ တပ်​မ​တော်​သား​တွေ၊ ​လေးစားစရာ​ကောင်းတဲ့ ရဲ​တွေဆိုရင်​ ​ပေါင်းသင်းခဲ့ဖြစ်​တယ်​။
အဲဒီလိုမျိုးပေါင်းသင်းခဲ့တဲ့အကျိုးဆက်​က​တော့ တ​ဖက်​ပိတ်​​နေတဲ့အ​တွေးအမြင်​မျိုး​ တွေကို ခွာချထားနိုင်​ခဲ့ပါတယ်​။ ထားပါ​တော့။ အဲဒီညမှာ ရီ​ဝေ​နေတဲ့သူ့မျက်​လုံး​တွေဟာ တခုခုကို​ပြောပြချင်​​ပေမဲ့ အတင်းကြီး ပြန်​မျိုချ​နေရ​ကြောင်းသိခဲ့ရပြန်​ တယ်​။ ဦးစိုး​အောင်​က မူးယစ်​တပ်​ဖွဲ့ကပါ။ သူမချမ်းသာပါဘူး။ မျက်​နှာ​ကောင်းလည်း မရရှာပါဘူး။ သူနဲ့တပတ်​စဉ်​ထဲဆင်းအ​တော်​များများဟာ အဲဒီအချိန်​မှာ သူ့ထက်​ရာထူးနှစ်​ဆင့်​​လောက်မြင့်​ပြီး ချမ်းသာ​နေကြပြီ။ မိန်းမဖက်​က အ​မွေရလို့ဆိုပြီး ဒီတီဆိုင်​ကယ်​စီးသူလည်း ရှိသ​ပေါ့။

အဲဒီညက သူ​နောက်​ဆုံး​ပြောသွားတဲ့စကား​လေးကို ကျွန်​​တော်​မှတ်​မိ​နေ​သေးတယ်​။ “ဖိုး​ကျော်​…မင်း ဘယ်​နှခုနှစ်​ဖွားလဲ”တဲ့။ ၇၄ လို့ ကျွန်​​တော်​က​ပြောလိုက်​တယ်​။”​အေးဟ…၊ မင်းမ​မွေးခင်​ထဲက မီးစမီးန​တွေပါကွာ။ အခု​တော့ အ​တော်​အရှိန်​ရ​နေပြီ”တဲ့။ 

သူ​ပြောသွားတဲ့မီးစမီးန​လေး​တွေကိုစိတ်​ဝင်​စားပြီး ကျွန်​​တော်​လို​က်​ရှာကြည့်​ခဲ့မိပါတယ်​။ လူတယောက်​ရဲ့သမိုင်းဆိုတာ ကာယကံရှင်​​တွေကိုယ်​တိုင်​​ရေးခဲ့ကြတာပါ။ သမိုင်း​ကောင်းကို အိုးမည်းသုတ်​ပြီး ရုပ်​ဖျက်​လို့မရသလို သမိုင်းဆိုးကိုလည်း ထုံးဖြူသုတ်​ပြီး ဖုံးအုပ်​ထားလို့မရနိုင်​ပါဘူး။ သမိုင်းဆိုးရဲ့​ခြေရာက ကျွန်​​တော်​ မ​မွေး​သေးခင်​ ၁၀ နှစ်​​လောက်​ကတည်းက အ​တော်​နက်​​နေပါပြီ။
[၂]

ကျွန်​​တော်​မ​မွေး​သေးခင်​ ၁၀ နှစ်​​လောက်​ကတည်းက ရှမ်းပြည်​နယ်​ ​ရွှေတြိဂံ​ဒေသက ဘိန်းဖြူ​တွေဟာ ထိုင်းနိုင်​ငံကိုဖြတ်​ပြီး အ​မေရိကားအထိ ​ခြေဆန့်​ခဲ့ကြ တယ်တဲ့။ တစ်​နှစ်​ကို နှစ်​တန်​နှုန်း​လောက်​နဲ့ ဆယ်​စုနှစ်​တစ်​ခု​လောက်​ကြာခဲ့တဲ့အခါမှာ အ​မေရိကန်​အစိုးရက ဖိအား​ပေးတာ​ကြောင့်​ ထိုင်းရဲက အဲဒီမူးယစ်​ရာဇာ ကြီးကိုဖမ်းဆီးလိုက်​ရတယ်​။ ​နောက်​​တော့ မြန်​မာအစိုးရလက်​ထဲကို အပ်​လိုက်​ရပါတယ်​။ မြန်​မာနိုင်​ငံမှာ မြန်​မာ့ဆိုရှယ်​လစ်​လမ်းစဉ်​ပါတီရဲ့ဥက္ကဋ္ဌကြီးအဖြစ်​ ဦး​နေဝင်းက တာဝန်​ယူ​နေတဲ့အချိန်​​ပေါ့။ 

အဲဒီအဖမ်းခံရသူကြီးဟာ ​သေဒဏ်​ရယ်​လို့ ချမှတ်​ခံထားရ​ပေမဲ့ ​ခြောက်​နှစ်​​ကျော်​​ကျော်​ ခုနှနှစ်​​လောက်​ပဲ ​ထောင်​ထဲ​နေလိုက်​ရပြီး လွတ်​ငြိမ်းချမ်းသာခွင့်​ရလို့
လွတ်​​မြောက်​သွားခဲ့ပါတယ်​။

နောက်​ထပ်​ ဆယ်​စုနှစ်​တခုအကြာမှာ​တော့ သူဟာ ကုမ္ပဏီကြီးတခုကိုပိုင်​ဆိုင်​​နေပါပြီ။ အဲဒီကုမ္ပဏီကြီးဟာ သစ်​​တွေခုတ်​တယ်​။ အမြတ်​အစွန်းအများကြီးနဲ့ နိုင်​ငံ ခြားကို တင်​ပို့တယ်​။ လမ်း​တွေ​ဖောက်​တယ်​။ တိုးဂိတ်​​တွေဖွင့်​ထားပြီး ပိုက်​ဆံ​ကောက်​တယ်​။ သူ့ရဲ့ဝင်​​ငွေဟာ ​သောက်​​သောက်​လဲ​ပေါ့။ အဲဒီအချိန်​မှာ ကျွန်​​တော်​တို့နိုင်​ငံ​လေးရဲ့မြို့တိုင်းရွာတိုင်းလိုလိုမှာ မူးယစ်​​ကျေးကျွန်​ဘဝကိုရောက်​​နေကြရတဲ့ လူငယ်​​တွေလည်း ​သောက်​​သောက်​လဲများ​နေခဲ့ပါပြီ။

နိုင်​ငံခြားသတင်း​ထောက်​တ​ဦးရဲ့အဆိုအရ​တော့ ပြည်​တွင်းက​နေ မူးယစ်​​ဆေးဝါး​တွေသွားလာရာ လမ်း​ကြောင်းဟာ ပင့်​ကူအိမ်​ကြီးတ​ခုလိုပါပဲ။ အဲဒီမူးယစ်ရာဇာဆိုတဲ့လူကြီးကွယ်​လွန်​​ကြောင်းသိရတဲ့အခါမှာ အံသြစရာ​ကောင်းတဲ့မြင်​ကွင်းတခုကို ​တွေ့ခဲ့ရဖူးပြန်ပါတယ်​။ သူရဲ့နာ​ရေးသတင်းကို နိုင်​ငံပိုင်​သတင်းစာမှာ ​ဖော်​ပြခဲ့ပါတယ်​။ ပိုပြီးအံသြခဲ့ရတာက မြန်​မာနိုင်​ငံက ကမ္ဘာ​ကျော်​ပုဂ္ဂိုလ်​​တွေကပါ အုံနဲ့ကျင်းနဲ့ အသုဘ ပို့လိုက်​ကြရှာတာပါ။
ကမ္ဘာ​ကျော်​ခဲ့ပါတယ်​။ ​ကောင်း​ကျော်​​တော့မဟုတ်​ဘူး။ ဆိုး​ကျော်​​ပေါ့။

ကမ္ဘာ​ကျော်​တဲ့အ​ကြောင်း​တွေ​ပြောရင်းနဲ့ ကိုလံဘီယာမူးယစ်​ရာဇာ ပါဘလိုအက်​စ်​ကိုဘာအ​ကြောင်းကိုပါသတိရမိပါတယ်​။ သူလည်း ကမ္ဘာ​ကျော်​ကြီးပဲ။ သူ့အ​ကြောင်းရိုက်​ထားတဲ့ ရုပ်​ရှင်​ကား​တွေလည်း ကမ္ဘာ​ကျော်​ပါပဲ။ ပထမကားဖြစ်​တဲ့ (escobar paradise lost)ဟာ နာမည်​ကြီးဇာတ်​ကားပါပဲ။

ဗာဂျီးနီးယားဗာဟဲရို​ရေးတဲ့(Loving pablo,Hating Escoba)ကို ပြန်​ရိုက်​ထားတဲ့ Loving pablo ဇာတ်​ကားဆိုရင်​လည်း မင်းသားဂျာဗီယာဘာဒန်းနဲ့ မင်းသမီးပင်​နလိုခရုစ်​တို့သရုပ်​​ဆောင်​ထား​တော့ အပီအပြင်​ပဲ​ပေါ့။ အ​မေရိကန်​ကိုကုတ်​ကင်းပို့လို့ရတဲ့ဝင်​​ငွေက ​ဒေါ်လာဘီလျံ ၃၀ ကျော်​ရှိတယ်​ဆို​တော့ သူ့မှာက ကိုယ်​ပိုင်လေယာဉ်​ပျံ​တွေ၊ ကိုယ်​ပိုင်​ဟယ်​လီ​ကော်​ပတာ​တွေနဲ့ပါ။ ​ထောင်​ကျ​တော့လည်း သူ​နေဖို့​ထောင်​ သူ့ဟာသူ​ဆောက်​ပြီး ပါတီပွဲ​တောင်​ လုပ်​လိုက်​​သေးတယ်​။

အထဲမှာ​နေရင်း ကုတ်​ကင်းအ​ရောင်းအဝယ်​လုပ်​လိုက်​​သေးတယ်​။
မူးယစ်​ရာဇာကိုမျက်​နှာသာ​ပေးတဲ့ ကိုလံဘီယာအစိုးရရဲ့အ​နေအထားကို ဇာတ်​ကားထဲမှာ မြင်​သာပါတယ်​။ အက်​စ်​ကိုဘာက “ငါ့အ​ကြောင်းကိုဘာလို့​ရေး တာလဲဆို​တော့” ဗာဂျီးနီးယားက ပြန်​​ပြောတယ်​။ “ရှင့်​ကို အားကျတဲ့လူငယ်​​တွေအတွက်​” တဲ့။ 

သူဟာ ထောင်​ထဲမှာ​နေရင်း လူသတ်​မှုကျူးလွန်​ပြီး လွတ်​​မြောက်​သွားပြန်​တယ်​။ ၁၉၉၃ ခုနှစ်​မှာ သူ့ကိုအ​သေဖမ်းမိခဲ့​ပေမဲ့ ကိုလံဘီယာက​နေ အက်​စ်​ကိုဘာ ပေါက်​စန​လေး​တွေ အခုအချိန်​ထိ ထွက်​ရှိ​နေတုန်းပါပဲ။

နောက်​ထပ်​ရုပ်​ရှင်​ဇာတ်​ကားတကားကိုလည်း သတိရမိ​သေးတယ်​။ မူးယစ်​​ဆေးဝါးနဲ့ပတ်​သက်​တဲ့ ဇာတ်​ကားပါပဲ။ ဖြစ်​ရပ်​မှန်​ဇာတ်​ကားလို့ ညွှန်းဆိုထား​ပေမဲ့ မှန်​သလားမမှန်​ဘူးလားဆိုတာကို​တော့ အချိန်​ကာလတခုက သက်​​သေပြသွားမယ်​ထင်​ပါတယ်​။ ပထမဆုံးတယ်​လီဖုန်းတီထွင်​သူဟာ ဂ​ရေဟမ်​ဘဲလ်​မဟုတ်​​ကြောင်း အချိန်​ကစကား​ပြောလာသလိုပဲ​ပေါ့။

Operation Mekong ဆိုတဲ့ဇာတ်​ကားကို ​ဟောင်​​ကောင်​ရုပ်​ရှင်​ဒါရိုက်​တာ ဒန်​​တေးလန်​က ရိုက်​ကူးခဲ့ပါတယ်​။ အဲဒီဇာတ်​ကားဟာ မူးယစ်​ရာဇာစိုင်း​နော်​ခမ်းရဲ့ တကယ့်​အဖြစ်​အပျက်​လို့လည်း ဆိုထားပါတယ်​။ စိုင်း​နော်​ခမ်းဟာ ၂၀၁၃ ခုနှစ်​ရဲ့ဧပြီလထဲမှာ တရုတ်​နိုင်​ငံ ပြည်​သူ့တရားရုံးချုပ်​ရဲ့ကွပ်​မျက်​ခြင်းကို ခံခဲ့ရပါတယ်​။

၂၀၁၁ ခုနှစ်​ထဲမှာ မဲ​ခေါင်​မြစ်​​ပေါ်မှာ တရုတ်သ​င်္ဘောသား ၁၃ ​ယောက်​ကိုသတ်​တဲ့အမှု၊ ဘိန်း​မှောင်​ခိုလုပ်​တဲ့အမှု​တွေနဲ့စွဲချက်​တင်​ပြီး အမိန့်​ချကွပ်​မျက်​လိုက်​တာ ပါ။ သူက​တော့​ တရုတ်သ​င်္ဘောသား​တွေကို သူမသတ်​ခဲ့​ကြောင်း ​နောက်​ဆုံးအချိန်​ထိ ​ပြောဆိုသွားခဲ့ပါတယ်​။ ဇာတ်​ကားက ဇာတ်​ကား၊ သတင်းက သတင်း ခွဲခြားခံစားခဲ့မိ​တော့ အဲဒီဇာတ်​ကားကြည့်​ပြီး အ​တွေး​တွေအများကြီးရခဲ့ဖူးပါတယ်​။

သမာအာဇီဝဆိုတဲ့ ​ကောင်းမွန်​စွာအသက်​​မွေးခြင်းနဲ့ယှဉ်​ရင်​ မူးယစ်​​ဆေးဝါး​ရောင်းချပြီး မသမာ​သောနည်းလမ်းနဲ့ အသက်​​မွေးတာက ဝင်​​ငွေခြင်း​တော့ တ​ခြားစီဖြစ်​မှာပါပဲ။ ဥပ​ဒေကို သ​ရေကွင်းလိုရှုံ့ချည်​နှပ်​ချည်​လုပ်​​နေကြတဲ့ နိုင်​ငံမျိုးမ​ပြောပါနဲ့ မူးယစ်​​ဆေးဝါးဥပဒကို ပြင်းပြင်းထန်​ထန်​ထုတ်​ပြန်​ထားတဲ့ ဗီယက်​နမ်​လို  နိုင်​ငံမျိုးမှာတောင်​ အခုအချိန်​အထိအမြစ်​မပြတ်​နိုင်​​သေးပါဘူး။ ဗီယက်​နမ်​နိုင်​ငံမှာ ဘိန်းဖြူဆိုရင်​ ၆၀၀ ဂရမ်​၊ မက်​သမ်​အက်​ဖီတမင်း​ဆေးပြားဆိုရင်​ ၂ ဒဿ မ ၅ ကီလိုဂရမ်​လက်​ဝယ်​​တွေ့ရှိတာနဲ့ ​သေဒဏ်​ပေး​တော့တာပါပဲ။ ဥပ​ဒေကို လက်​တလုံးခြားလှည့်​ပတ်​လို့ရတဲ့ နိုင်​ငံ​တွေလို ​​သေဒဏ်​က​နေ ၁၀ နှစ်​၊ ၁၀ နှစ်​က​နေ လွတ်​ငြိမ်းချမ်းသာခွင့်​နဲ့လွတ်​သွားတာမျိုး ရှိသလားမရှိဘူးလား​တော့ ကျွန်​​တော်​လည်းမသိပါဘူး။ အဲဒီလိုမျိုး နိုင်​ငံ​တွေမှာ​တောင်​ မူးယစ်​​ဆေးဝါးဂိုဏ်း​တွေက လက်​နက်​​​တွေကိုင်​​ဆောင်​ပြီး အာဏာပိုင်​​တွေကို အန်​တု​နေကြဆဲပါ။
[၃]

မူးယစ်​​ဆေးဝါး​ဖမ်းဆီးရမိတဲ့သတင်း​တွေကိုဖတ်​ရတဲ့အခါတိုင်း ကျွန်​​တော်​​တွေးမိတာ​လေး တခုရှိပါတယ်​။ တခါတ​လေ​တော့ ဖမ်းမိတဲ့​ဆေးပြားပမာဏဟာ ကု​ဋေ ကုဋာချီပါတယ်​။ အဲဒီအခါမျိုးမှာ ​တွေးမိတာ​လေးက မိတဲ့ဟာ​တော့သိလိုက်​ရပါတယ်​။ မမိလိုက်​တဲ့ကု​ဋေကုဋာ​ရောမရှိနိုင်​ဘူးလား။ ရှိခဲ့မယ်​ဆိုရင်​​ ကြောက်​စရာ လန့့်​စရာ​ပေါ့။

ကြားဖူးခဲ့တဲ့ ဇာတ်​လမ်း​လေးတပုဒ်​ ရှိခဲ့ပါတယ်​။ ကုမ္ပဏီကြီးတ​ခုက တာဝန်​ခံလုပ်​ကိုင်​တဲ့​ရေအားလျှပ်​စစ်​စီမံကိန်းမှာ ​ဒေသခံအလုပ်​သမား​တွေက လိုဏ်​​ခေါင်း တူးကြရတယ်​။ အဲသည်​​ခေတ်​က ​နေ့စားလုပ်​အားခ ကျပ်​ငါး​ထောင်​နဲ့​ပေါ့။ ပိုက်​ဆံရှင်းတဲ့အချိန်​မှာ လုပ်​အားခတစ်​ဝက်​ကို ​ငွေသား​ပေးပြီး တစ်​ဝက်​ကို​တော့ ဘိန်း​တွေ​ပေး လိုက်​သတဲ့။ အဲဒီအချိန်​က​ဆေးပြား​တွေ သိပ်​ပြီး​ခေတ်​မစား​သေးချိန်​​ပေါ့။

မူးယစ်​​ဆေးဝါးအ​ကြောင်း​တွေကိုသာ ဆက်​​ပြောရအုံးမယ်​ဆိုရင်​ ကိုင်​ဇာသီချင်းထဲကလို အာကာကိုလွှာပုံပြုလို့ ​မေယုကိုစုတ်​တံချီပြီး အဏ္ဏဝါပြင်​ပင်​လယ်​သမုဒ်​ကို မင်​လုပ်​​ရေးရလိမ့်​မယ်​ ထင်​ပါတယ်​။ အခု​ပြော​နေ၊ ​ရေး​နေတုန်းလည်း အဲဒီကိစ္စ​တွေက ဖြစ်​ပျက်​​နေနိုင်​တာမို့ပါ။

ကျွန်​​တော့်ဆန္ဒကိုများ ​ပြောခွင့်​ရမယ်​ဆိုရင်​ ကျွန်​​တော်​မ​မွေး​သေးခင်​ထဲက မီးစမီးန​တွေချထားခဲ့တဲ့ ဘိန်းရာဇာကြီးရဲ့ဖြစ်​ရပ်​မှန်​ဇာတ်​ကားကို ရုပ်​ရှင်​အဖြစ်​ကြည့်​ချင်​ပါတယ်​။ ​ဆွေစဉ်​မျိုးဆက်​ ​ခေတ်​အဆက်​ဆက်​ပါဝင်​မှာမို့ အခန်းဆက်​ဇာတ်​​ကြောရှည်​ကြီး​တောင်​ ဖြစ်​သွားလိမ့်​မယ်​ထင်​ပါတယ်​။

နောက်​တ​​ခုက​တော့ ငယ်​စဉ်​ဘဝက ​အော်​ကျက်​ခဲ့ရတဲ့ စာသား​လေးကို ပြင်​ဆင်​ချင်​တာပါ။ ဒီလို​လေး​ပေါ့။

” မူးယစ်​​ဆေးဝါးဆိုသည်​မှာ ဘိန်း၊ ဘင်း၊ က​စော်​၊ ​လှော်​စာ၊ အရက်​နှင့်​အာဏာတို့ ဖြစ်​ကြပါသည်​” ဆိုပြီး​တော့…။

ကျော်​​ကျော်​(မြရည်​စမ်း)

၂၆၊၈၊၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts