ဂါမဏိ သူတို့အာဘော်

အောင်သဇင် + ဂါမဏိ ● မင်းအောင်လှိုင်၏ လတ်တလော အာဏာနီခြေလှမ်းများ

အောင်သဇင် + ဂါမဏိ ● မင်းအောင်လှိုင်၏ လတ်တလော အာဏာနီခြေလှမ်းများ

(အာဏာနီအောက်မှ ငြိမ်းချမ်းရေး)
(မိုးမခ) သြဂတ်စ် ၁၈၊ ၂၀၁၈

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နောက်ဆုံး အာဏာနီတည်ဆောက်ရေးခြေလှမ်းတွေကို ကြည့်လိုက်တဲ့အခါ ၂၀၁၈ ၁ လပိုင်းကရာထူးအပြောင်းအရွှေ့တွေမှာ သူ့ကိုပုခုံးချင်းယှဉ်နိုင်မယ့် စီနီယာတပ်မှူးတွေကို အရေးမပါ တဲ့နေရာတွေပို့ပစ်ပြီး ၄ လပိုင်းကရာထူးအရွှေ့အပြောင်းတွေမှာတော့ တိုင်းမှူးဖြစ်စလူတွေကို ထုံးစံမရှိဘဲ တခြားတိုင်းထပ်ရွှေ့ပစ်တာတွေဟာ အာဏာနီတည်ဆောက်မှုသက်သက်ဘဲဖြစ်တယ်။

မင်းအောင်လှိုင်က ထွန်းထွန်းနောင်ကို မြထွန်းဦးနေရာပေးမယ်ဆိုပြီး ဟိုအကောင်ဝမ်းသာအောင် လေလည်ပေးထားတယ်။ မြထွန်းဦးနဲ့ မင်းအောင်လှိုင် စကားကောင်းကောင်းမပြောတာ ကြာပြီ။ ၂၀၁၅ ကိုးကန့်မှာခံရပြီးကတည်း သူ့ကြောင့် ငါ့ ကြောင့်ဆိုပြီး တယောက်ကိုတယောက်လွှဲချခဲ့ရာက တင်းမာခဲ့တာဖြစ်တယ်။ အစောပိုင်းကဆို လုံးဝစကားမပြောတဲ့ အ ထိတောင် ဖြစ်သွားခဲ့သေးတယ်။

ဒီတော့ အခုအဆင်မပြေတဲ့ ညှိကွပ်ကိုဖြုတ် ဒါမှမဟုတ် တနည်းနည်းနဲ့ပထုတ်ပြီး သူ့နေရာကို ထွန်းထွန်းနောင် ရမယ်လို့ မက်လုံးပေး လိုချင်သလိုစိတ်ကြိုက်ခိုင်းစားနေပုံရတယ်။ နေဝင်းက စိန်လွင်ကိုသုံးခဲ့သလိုမျိုး သုံးဖို့စိတ် ကူးတာဖြစ်တယ်။ ထွန်းထွန်းနောင်ဆိုတာကလဲ ဘာမှတိုက်ပွဲကြီးကြီး ဟုတ်တိပတ်တိမတိုက်ဖူးဘူး၊ မနိုင်ဖူးဘူး။ တပ်ထဲမှာ ဘာသမိုင်းမှမရှိ၊ ဘာမှထူးထူးခြားခြားအောင်မြင်မှုလဲ မရှိတဲ့လူ။ ဒါပေမဲ့ ခေါင်းကလဲမရှိတော့ တပ်မှာ နံပတ် ၃ နေရာရမယ်ဆိုပြီး မြောက်နေ ကြွနေတယ်။ သူ့အဖေ ဒုဗိုလ်မှူးကြီးခင်မောင်ဝင်းက နေဝင်း လက်ထက်မှာ ပြည်ထဲရေးဒုဝန်ကြီး လုပ်ခဲ့ဖူးတဲ့လူဟောင်းဆိုတော့ သားနှစ်ကောင်ဖြစ်တဲ့ ထွန်းထွန်းနောင်နဲ့ ထွန်းထွန်းညီက သူတို့အတွက်ဆို ခြံပေါက်တွေဖြစ်နေတယ်။ ဒါတောင် မအလက ကိုးကန့်အရှုံးတော်ပုံမှာ ၃၃ တပ်မမှူး ထွန်းထွန်းညီကို ဖြုတ်ပစ်လိုက်သေးတယ်။ အခုမှ မြထွန်းဦးနဲ့ရင်ဆိုင်ဖို့ ထွန်းထွန်း နောင်ကို လူမွေးချင်တော့ ဂျောင်ဂလောင်ပို့ထားတဲ့ ထွန်းထွန်းညီကိုပါ ပစားပေးပြီး တရုတ်ပြည်ခရီးစဉ်မှာတောင် တပ်ထိန်း ချုပ် ထွန်းထွန်းညီကို မဆီမဆိုင်ခေါ်သွားလိုက်သေးတယ်။

ရိုဟင်ဂျာသတ်ပွဲနဲ့ပတ်သက်လို့ အရေးယူခံရတဲ့ ကစထ-၃ မှူး ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ နပခတိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးတို့က သူတို့လုပ်သမျှအားလုံး မင်းအောင်လှိုင်ကိုသတင်းပို့ပြီး ပြန်ညွှန်ကြားမှလုပ်ခဲ့တာလို့ ဖော်ခဲ့ကြတယ်။ ရှေ့တန်းတပ်မှူးတွေအပေါ်ဘဲ အားလုံးလွှဲချတာဟာ တပ်တွင်းမှာ မကျေနပ်မှုအဓိကဖြစ်စေတဲ့ မီးပွားစဖြစ်နေတယ်။ ဘေး ဖယ်ခံရတဲ့ စီနီယာဗိုလ်ချုပ်ကြီးတချို့ကတော့ “ဒီဂျပုမျက်ခွက် ကြည့်မယ့်အစား ချီးဘဲကြည့်မယ်…” လို့တောင် ပြောင် ပြောင် ပြောနေကြတယ်။

ကာချုပ်မင်းအောင်လှိုင်ဟာ တပ်မတချို့ကိုလဲမပေးဘဲ ရှေ့တန်းမှာ နှစ်ပေါက်အောင် စစ်ဆင်ရေးဝင်ခိုင်းထား လို့ မုဒိန်းမှု လုယက်မှု ဓားပြမှုတွေ ထောင်းလမောင်းထလာတယ်။

ကိုးကန့်ရှုံးပွဲတုန်းကလဲ ကစထမှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နဲ့ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးကိုပါ ဖြုတ်ပစ် လိုက်ပြီး အောင်သန်းထွဋ်ကို ပြည်နယ်အဆင့်လွှတ်တော်အမတ်လုပ်ခိုင်း၊ အောင်စိုးကိုတော့ သိန်းစိန်လူရင်း ဖြစ်တဲ့ အဖေအရှိန်နဲ့ ပြည်ထဲရေးပို့ခဲ့ရာက အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာနတိုးတက်အောင်လုပ်နိုင်လို့ နာမယ်ကောင်းရပြီး NLD အစိုးရနဲ့လဲ အဆင်ပြေလာတော့ ဆက်မထားတော့ဘဲ တပ်ထဲပြန်ခိုင်းတာ မင်းအောင်လှိုင်ပါဘဲ။ တကယ်တော့ မင်းအောင်လှိုင်ဟာ ဗမာပြည်ကာချုပ်များသမိုင်းမှာ စီနီယာတွေကော မတိမ်းမယိမ်းတွေကော ဂျူနီယာတွေကပါ လူမုန်းအများဆုံးကာချုပ်ဖြစ် နေတယ်။

အသစ်မွေးထားတဲ့ ထွန်းထွန်းနောင်ကို မင်းအောင်လှိုင်အသုံးပြုပုံနမူနာကိုတော့ တာ့လီမှာ KIA နဲ့ ဗမာစစ်တပ်ဘက်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သြဂုတ် ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ တွေ့နိုင်တယ်။ အဲ့ဒီငြိမ်းချမ်းရေးကိစ္စမှာ ထူးခြားတာက ဗမာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ခင်ဇော်ဦးလဲမပါ၊ မြင့်စိုးတို့ သိန်းဇော်တို့လဲမပါဘဲ NLD ရဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းလဲ ပါမလာပါဘူး။ အဲဒီဆွေးနွေးပွဲ စစချင်းမှာ ထွန်းထွန်းနောင်က KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို …

“၁။ ဒို့တာဝန်အရေးသုံးပါး လက်ခံရမယ်၊

၂။ ပြည်ထောင်စုက ခွဲမထွက်ဘူး ကတိပေးရမယ်၊

၃။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း (NCA-JMC-UPDJC စသဖြင့်) အတိုင်း အပြည့်အဝသွားရမယ်၊ လိုက်ပါရ မယ် (ဆိုလိုတာက စစ်တပ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးပုံစံကို အပြည့်အဝလက်ခံရမယ်)၊  ဒါတွေကို KIO ဗဟိုကော်မတီက လက်ခံကတိပေးကြောင်း ကြေညာချက်ထုတ်ရမယ်။ ဒါပြီးမှ ဆက်ဆွေးနွေးမယ်တဲ့။ ဒါ့အပြင် ဒီဆွေးနွေးပွဲကဟာတွေကို မီဒီယာတွေကို ထုတ်မပြောရဘူး” တဲ့။

ကြားဝင်အကျိုးဆောင်ပေးတဲ့ တရုတ်မျက်နှာကြောင့်ရော၊ ချက်ခြင်းထပြန်ရမှာ မကောင်းတတ်လို့ရော ဗိုလ်ချုပ်ကြီး အင် ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်က ဒါတွေနောက်မှပြောတာပေါ့၊ အခု လောလောဆယ် အတိုက်အခိုက်တွေရပ်စဲဖို့ အရင်ဆွေးနွေးရ အောင်လို့ပြောလဲ ထွန်းထွန်းနောင်က လက်မခံ။ အဲ့ဒီအချက် ၃ ချက်ကို KIA ဗဟို ကော်မတီက ကြေညာချက်အရင်ထုတ်လို့ စွတ်အမိန့်ပေးနေတယ်။

ဒါ့အပြင် သူယူလာတဲ့ ၂၀၁၁-၂၀၁၂ တုံးက သိန်းစိန်မိန့်ခွန်း၊ မင်းအောင်လှိုင်မိန့်ခွန်းတွေထုတ်ပြပြီး ဒီမိန့်ခွန်းတွေထဲက မူ တွေအတိုင်း လုပ်ရမယ်တဲ့။ အဲ့မူတွေက အားလုံးလက်ခံထားတာဆိုဘဲ။ လက်ရှိသမတမိန့်ခွန်းတွေ၊ အတိုင်ပင်ခံမိန့်ခွန်းတွေ တော့ တခုမှမပါဘဲ သိန်းစိန်ကိုသာ ကိုယ်စားပြုလာတာဘဲဖြစ်နေတယ်။ ဒီလိုနဲ့ ဆွေးနွေးပွဲဟာ ဘာရလဒ်မှမထွက်ဘဲ သဘာဝကျစွာပျက်သွားတော့တယ်။

ဒီပွဲပျက်သွားလို့ AA TNLA MNDAA နဲ့ ဗမာကိုယ်စားလှယ်တို့ သြဂုတ် ၁၂ ရက်နေ့ ကူမင်းမှာတွေ့မယ့် ငြိမ်းချမ်း ရေးဆွေး နွေးပွဲကိုပါ ဗမာဘက်က ရက်အကန့်အသတ်မရှိ ရွှေ့တယ်ဆိုပြီး တဖက်သတ်ဖျက်လိုက်တယ်။ ငြိမ်းချမ်းရေးအစည်းအဝေး မပျက်ပျက်အောင် ဖျက်တာသာဖြစ်တယ်။

အခု တာ့လီဆွေးနွေးပွဲမှာ KIA က တင်ဖို့ရည်ရွယ်ထားတဲ့အချက်တွေကို မင်းအောင်လှိုင် သိပြီးသားဖြစ်တယ်။ ဒါ့ကြောင့်လဲ မင်းအောင်လှိုင်က ဗိုလ်ချုပ်အင်ဘန်လကို ၉၄ စာချုပ်က ကောင်းတာပေါ့လို့ ပြောခဲ့ဖူးတယ်။ ၉၄ ဟာ ၂၀၁၃ မေလစာချုပ်တို့ NCA တို့ထက် ပိုကောင်းတယ်လို့တောင် ပြောခဲ့ဖူးတယ်။ AA TNLA MNDAA သုံးဖွဲ့ ၂၁ ပင်လုံလာတက်တုံးကလဲ မကြာခင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ မိုင်းလားမှာတွေ့ဆုံဖို့၊ ပြီးရင် ၈ လပိုင်းမှာ မင်းအောင်လှိုင်နဲ့တွေ့မယ်လို့ ပြောခဲ့သေး တယ်။ ဒါပေမဲ့ အခုလက်တွေ့မှာ ထွန်းထွန်းနောင် သွားဆွေးနွေးတော့ ရပ်တည်ချက် ၁၈၀ ဒီဂရီ ချိုးကွေ့သွားတယ်။

ပထမတခေါက်က ချင်းမိုင်မှာ စရဖ ဒုအရာရှိချုပ် ဗိုလ်ချုပ်သန်းထွတ်သိန်းနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးလာပြီး KIO ကို အပျော့ဆွဲနဲ့လှည့်တယ်။ အတော်လေးပြေလည်သလောက်ဖြစ်သွားတယ်။ အဲ့တော့ ဒေါ်စုလက်ထက်မှာ ငြိမ်းချမ်း ရေးရသွားမှာကို မအလကစိုးရိမ်ပြီး အခုတခေါက်မှာ ထွန်းထွန်းနောင်ကို ဘီလူးဆိုင်း ကခိုင်းတာ ဖြစ်တယ်။ မကြာခင်ကလဲ ဖာပွန်ပြဿနာအတွက် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကိုယ်တိုင်က တွေ့ခွင့်တောင်းတာကို ရူးသလိုပေါသလိုနဲ့ တလလောက် မသိချင်ယောင်ဆောင်နေခဲ့သေးတယ်။

အဲ့သလို အုပ်ချုပ်မှုညံ့ဖျင်းတဲ့ကိစ္စ၊ တိုက်ပွဲရှုံးတဲ့ကိစ္စ၊ သားစီးပွားရေးကိစ္စနဲ့ မိန်းမရဲ့LV လက်ကိုင်အိတ်ကိစ္စ၊ ICC ကိစ္စ၊ စတာတွေကြောင့် တပ်ထဲသြဇာကျနေတာကို ပြန်ထူထောင်ဖို့ ၂၁ ပင်လုံညီလာခံမှာ မင်းအောင်လှိုင်က စစ်ဝါဒီတွေအကြိုက် မဟာလူမျိုးကြီးသမားတွေအကြိုက် မျိုးညစ်-မဘသအကြိုက် အထူးသဖြင့် စာဖတ်နေသူကြီးအကြိုက် အမာလိုင်းမိန့်ခွန်း လွှတ်တာဖြစ်တယ်။

ICC ကို ကြောက်တာအပြင် ဒေါ်စုနဲ့တရုတ် လုံးမိပြီး သူ့ကိုဖယ်ထုတ်မှာကိုလဲ စိုးရိမ်နေတယ်။ သူ့ကိုဖြုတ်ပြီး ဒုကာချုပ် စိုးဝင်းကို ကာချုပ်အသစ်တင်မှာ ကြောက်နေတယ်။ ဒါပေမဲ့ လှေနံအများကြီးနင်းထားတဲ့ တရုတ်ကလဲ ကြူကြူလှကို တရုတ်ပြည် ပီကင်း ရှန်ဟိုင်း ကွမ်ကျိုးတို့မှာ တယောက်ထဲရှော့ပင်ထွက်ဖို့ အစစအရာရာ လိုက်အကျိုးဆောင်ပေးခဲ့တာ ၃-၄ ခါရှိပြီ။ အရင်က ဒေါ်ကြိုင်ကြိုင်နဲ့သမီးတော်တွေကို မ,ပေးခဲ့သလိုမျိုး အခုလဲ ကာချုပ်ကတော်ကို လိုင်းသွင်းပေးနေတယ်။ အားလုံးသိတဲ့အတိုင်း တရုတ်က သူ့အကျိုးစီးပွားဘဲအဓိကထားတာဖြစ်တော့ မင်းအောင်လှိုင်ခမြာလဲ ဘာမှပုံသေ မတွက်ရဲ ဘူး။ စာဖတ်နေသူကြီး စိတ်ကြိုက်ခန့်ထားတဲ့ မြထွန်းဦးကိုလဲ ဖြုတ်ရခက်နေလို့ မချစ်သော်လဲ အောင့်ခါနမ်းနေရတယ်။

ICC က ဒေါ်စုနဲ့တရုတ်ကြောင့် နဲနဲပျော့သွားသလိုလိုဖြစ်တော့ မအလ ပြန်ပြီးမာပြလာလဲဖြစ်တယ်။ ဒါပေမဲ့ ပလောင်ရဲမေတွေ အပေါ် စစ်ရာဇဝတ်ဘေးကလဲ ပြေးမလွတ်နိုင်တဲ့ အခြေအနေသစ် ထပ်ကြုံနေရပြန်တယ်။

ဒေါ်စုကို ခရက်ဒစ် မပေးချင်တော့ ဝ မုန်းလား SSA တို့ NCA ထိုးချင်တာကို ကပျက်ကယက်လုပ် အချိန်ဆွဲ ထားဖို့ ကြိုးစား နေတယ်။ ဝ တင်တဲ့ ၁၀ ချက်က အများကြီးလိုက်လျောထားတာကိုလဲ မင်းအောင်လှိုင်က “ဒါလောက်လေးနဲ့ ရင်မခုန်ဘူး” ဆိုပြီး ပယ်ချလိုက်တယ်။ ဒါပေမဲ့ တပ်အကြိုက်ပြောတဲ့အနေနဲ့ ၂၀၂၀ မတိုင်ခင် NCA မထိုးရင် တိုက်ပစ်မယ် ပြောလိုက် သေးတယ်။ ဒါ့အပြင် ကာချုပ်ကြီး မင်းအောင်လှိုင်ဟာ တပ်ထဲက အမာလိုင်းတွေနဲ့ မျက်စိသူငယ်နားသူငယ် ရဲဘော်လေးတွေ ငပိန်းအရာရှိတွေကြား သူရဲကောင်းလုပ်ပြချင်လို့ UWSA ဝ ကို ရန်စဖို့ မထိတထိသွားတိုက်ဖို့တောင် စိတ်ကူးသေးတယ်။ တရုတ်ကိုကြောက်လို့သာ မလုပ်တာ ဖြစ်တယ်။

တကယ်တော့ ၂၀၂၀ မတိုင်ခင် ဒေါ်စုအစိုးရလက်ထက်မှာ မထိုးကြစေချင်လို့ တမင်မပျက်ပျက်အောင် လုပ်နေတာဖြစ် တယ်။ ၂၀၂၀ မှာ သူသမတဖြစ်မယ်လို့စိတ်ကူးယဉ်နေပြီး သူ့လက်ထက်မှ ထိုးစေချင်တာဖြစ်တယ်။ ဒါပေမဲ့ ၂၀၂၀ သမတ ရာထူးအတွက် ကြံ့ဖွတ်ကို သုံးစားမရမှန်းလဲသိပြီးဖြစ် (လက်ရှိကြံ့ဖွတ်ထိပ်သီးတွေနဲ့လဲ သိတ်အဆင်မပြေ) လို့ ဒေါ်စုရဲ့ ရင်ကြားစေ့ရေးစိတ်ကူးယဉ်အိပ်မက်ကိုအသုံးချပြီး မဟာ့မဟာရင်ကြားစေ့မှုကြီး Great Reconciliation သို့မဟုတ် Ultimate Compromise အဖြစ် ၂၀၂၀ မှာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် သမတလောင်းအနေနဲ့ ဖျာဝင်ခင်း နိုင် ဖို့မျှော်လင့်နေတယ်။ ဒါပေမဲ့လဲ အဲဒီအတွက်ဆို ရွှေမန်းကို အရင်ရှင်းပစ်ဖို့ လိုနေသေးတယ်။

၂၁ ပင်လုံညီလာခံ တတိယအစည်းအဝေးအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဗမာပြည်မှာ ငြိမ်းချမ်းရေး မလိုလားသူ ဘယ်သူလဲဆိုတာ မကြာခင်ထင်ရှားလာလိမ့်မယ်လို့ ပြောခဲ့တယ်။ အခုတော့ ဒီကနေ့ ဗမာပြည်မှာ ငြိမ်းချမ်းရေးရဖို့အခွင့်အလမ်းကို ဖျက်ဆီးနေတာ ကာချုပ်မင်းအောင်လှိုင်ရဲ့ အာဏာနီလောဘဇောဘဲဖြစ်တာ ထင်ရှားသွားပါပြီ။

အောင်သဇင် + ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts