ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဂိတ်စောင့်ခြင်း
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၆
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈
Steven Levitsky နှင့် Daniel Ziblatt တို့ ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Gatekeeping in American အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။
Gatekeeping – ဂိတ်စောင့်ခြင်း။ ဒီမိုကရေစီမကျဆုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း
အခြေခံဥပဒနှင့် ရွေးကောက်ပွဲဆိုင်ရာစည်းကမ်းများကို ရေးဆွဲသောနိုင်ငံရေးသမားများသည် အကျပ်ရိုက်နေကြ သည်။ သူတို့အကျပ်ရိုက်နေသော အကြောင်းအရာများသည် ယနေ့တိုင်ပင် မပြေလည်သေးဘဲ၊ ရှိနေလျှက်ဖြစ်သည်။ ထိုအကျပ်ရိုက်ခြင်းသည် ဒီမိုကရေစီစံနစ်ကိုထူထောင်သော သူတိုင်းတွေ့ရမည့် အရာဖြစ်သည်။ အလွယ်တကူနှင့် လည်း ပြေလည်သွားနိုင်သော လမ်းမရှိပါ။ ယခုဖော်ပြမည့်အရာမှာ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေနှင့် ရွေး ကောက်ပွဲဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲရာတွင် ကြုံရသော အခက်အခဲများဖြစ်သည်။
အဖြစ်မှာ ဤသို့ဖြစ်၏။ တစ်ဖက်တွင် ဒီမိုကရေစီသဘောတရားအတိုင်း ပြည်သူများ၏အလိုဆန္ဒအရ ရွေးကောက် တင်မြောက်သည့် သမ္မတကို ဖြစ်စေချင်သည်။ သို့သော်လည်း(ဤနေရာတွင် အလွန်ကြီးကျယ်သည့် ‘သို့သော်’ ဖြစ်သည်)။ သို့သော် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတို့ကို ရေးဆွဲသော ပုဂ္ဂိုလ်တို့သည် ပြည်သူလူထု၏ အရည်အချင်းကို အပြည့်အဝ မယုံကြည်ကြပါ။ ဤနေရာတွင် ‘အရည်အချင်း’ဟူသည်မှာ “သမ္မတဖြစ်ထိုက်သောပုဂ္ဂိုလ်ကိုရွေးနိုင်သည့် အရည်အချင်း” ကိုဆိုသည်။ ထိုအရည်အချင်းမျိုးသည် ပြည်သူလူထုတွင် ရှိကြလိမ့်မည်ဟု အပြည့်အဝယုံကြည်ကြပါ။
သမ္မတအရွေးခံမည့်ပုဂ္ဂိုလ်သည် ပြည်သူလူထုကို ကြောက်အောင် ခြိမ်းခြောက်သောနည်းကို သုံး၍သော်လည်းကောင်း၊ ပြည်သူလူထု၏ မသိမှု၊ နားမလည်မှုကို အခွင့်ကောင်းယူ၍သော်လည်းကောင်း၊ ရွေးကောက်ပွဲတွင် နိုင်အောင်အမျိုးမျိုးလုပ်ဆောင်နိုင်သည်။ ရွေးကောက်ပွဲနိုင်ပြီးသွားသောအခါ အာဏာရှင်ဆန်လာသည်။ သူတို့ကြိုက်သလို အုပ်ချုပ်နိုင်သည်။
အက်လက်ဇမ်းဒါဟယ်မင်လ်တွန်က Federalist Papers အမည်ရှိ သတင်းစာထဲတွင် ဤသို့ရေး သားခဲ့သည် …
“သမိုင်းက ပေးသောသင်ခန်းစာများကို ပြန်ကြည့်လျှင် ပြည်သူလူထု၏ လွတ်လပ်ခွင့်ကို မထီမဲ့မြင်ပြုတဲ့ နိုင်ငံရေးသမားတွေ တော်တော်များများသည် အစပိုင်းတွင် ပြည်သူလူထုအကြိုက် စကားတွေကို သုံးပြီး၊ နောက်ပိုင်းကျမှ အာဏာရှင်ဆန်တဲ့လူတွေဖြစ်ကုန်ခြင်းဖြစ်သည်။”
ထို့ကြောင့် ဟယ်မင်လ်တွန်နှင့် သူ၏အပေါင်းအသင်းများက ရွေးကောက်ပွဲများကို စိစစ်သည့်ကော်မတီတစ်ခုခုရှိရမည်ဟူ၍ အကြံပြုသည်။ ၁၇၆၈ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲစိစစ်ရေးကော်မတီသည် ပထမဆုံးဂိတ်စောင့်ခြင်းဆိုင်ရာဥပဒေဖြစ်ခဲ့သော်လည်း ၎င်းသည် ကြာကြာမခံဘဲ ပျက်ပြယ်သွားခဲ့သည်။ အကြောင်းမှာ(၂)ခုရှိ၏။ ပထမအကြောင်းမှာ ထိုစိစစ်ရေးကော်မတီသည် သမ္မတအရွေးခံမည့်သူနှင့် ပတ်သက်၍ ဘာမှပြောကြားခြင်းမရှိပါ။ ဒုတိယအကြောင်မှာ ထိုစိစစ်ရေးကော်မတီသည် နိုင်ငံရေးပါတီများအကြောင်း ဘာမှပြောကြားခြင်းမရှိပါ။
၁၈၈၀ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံရေးပါတီများ ကြီးထွားလာသည်။ ထိုအဖြစ်အကျိုးဆက်တစ်ခုမှာ ဂိတ်စောင့်ခြင်းဆိုင်းရာ လုပ်ပိုင်ခွင့်အားလုံးသည် ပါတီများဆီသို့ရောက်သွားသည်။ ထိုအချိန်မှစတင်၍ ယခုအထိ ဂိတ်စောင့်ခြင်းသည် ပါတီများလက်ထဲတွင် ရှိနေလေသည်။
နိုင်ငံရေးပါတီများသည် အမေရိကန်ဒီမိုကရေစီ၏ အစောင့်အရှောက်များဖြစ်လာသည်။ သူတို့သည် သမ္မတ လောင်းများကို ရွေးသည်။ ထို့ကြောင့်သူတို့တွင် ကြီးလေးသော တာဝန်တစ်ခုရှိလာသည်။ ထိုတာဝန်မှာ အိမ်ဖြူတော်ထဲသို့ အန္တရာယ်ပေးနိုင်သောသူများကို အဝင်မခံနိုင်ရန်ဖြစ်သည်။
ထို့ကြောင့်နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အပိုင်းနှစ်ပိုင်းကို မျှတအောင်လုပ်ရခြင်းဖြစ်သည်။ ထိုနှစ်ပိုင်းမှာ “ဒီမိုကရေစီအခန်းကဏ္ဍ” နှင့် “စိစစ်ခြင်းသို့မဟုတ်ဂိတ်စောင့်ခြင်းအခန်းကဏ္ဍ” တို့ဖြစ်သည်။ “ဒီမိုကရေစီကဏ္ဍ”တွင် ပါတီကိုမဲပေးသော ပြည်သူများ၏အလိုဆန္ဒကို ကိုယ်စားပြုခြင်းနှင့် “စိစစ်ခြင်းနှင့် ဂိတ်စောင့်ခြင်းကဏ္ဍ” တွင် ဒီမိုကရေစီကိုကျဆုံးစေမည့် ပြည်သူ့ကိုယ်စားလှယ်နှင့် အရည်အချင်းမရှိသော ကိုယ်စားလှယ်တို့ တက်မလာအောင် စောင့်ကြပ်ခြင်းတို့ဖြစ်သည်။
သို့ရာတွင် ယင်းအလုပ်နှစ်ခုဖြစ်သည်။ ပြည်သူ့အကြိုက် ကိုယ်စားလှယ်ကိုရွေးချယ်ခြင်းနှင့် ဒီမိုကရေစီကိုအန္တရာယ်ပြုမည့်သူ၊ အရည်အချင်းမရှိသောသူတို့ကို ကိုယ်စားလှယ်မဖြစ်အောင် စောင့်ကြပ်ခြင်းတို့သည် တစ်ခုကိုတစ်ခု အတိုက်အခံ ဝိရောဓိဖြစ်နိုင်သော အလုပ်များဖြစ်လာနိုင်သည်။
ဥပမာ – ပြည်သူများသည် ဒီမိုကရေစီကိုကျဆုံးအောင် လုပ်မည့်သူ၊ သို့မဟုတ် အရည်အချင်းကင်းမဲ့သောသူကို ကြိုက်နှစ်သက်သည်၊ ရွေးမည်ဟုဆိုလျှင် ဘာလုပ်မည်နည်း။ ဤကိစ္စမျိုးသည် သမ္မတရွေးကောက်သည့်အခါတွင်ဖြစ်လျှင် တော်တော် အကြပ်တွေ့မည်ဖြစ်သည်။ ဤအကြပ်အတည်းမျိုးသည် ယနေ့ယခုတိုင်ပင်ဖြစ်နိုင်သော အခြေအနေမျိုးရှိနေသေးသည်။
ဂိတ်စောင့်ခြင်းကို အလွန်အားကိုးလွန်းလျှင် ၎င်းသည် ဒီမိုကရေစီစနစ်ဖြစ်သော ပြည်သူတို့၏လွတ်လပ်မှုကို ထိခိုက်လာနိုင်သည်။ ထိုအခါ ပါတီအကြီးအကဲများသည် သာမန်လူတန်းစားကို ကိုယ်စားမပြုတော့ဘဲ သူတို့သဘာရှိလုပ်နိုင်သောအခြေအနေဖြစ်လာလိမ့်မည်။ တစ်ဖက်တွင်လည်း ‘ပြည်သူတို့၏အလိုဆန္ဒ’ကို တစ်ဖက်သက်အားကိုးလျှင်လည်း အန္တရာယ်များသည်။ ထိုအခါတွင် အရည်အချင်းမဲ့သောကိုယ်စားလှယ်ကို ရွေးမိနိုင်သည်။ နောက်ဆုံး ဒီမိုကရေစီစံနစ်ကိုပင် ဖျက်စီးမည့်အန္တရာယ်ဖြင့် ကြုံရနိုင်သည်။
၁၈၃၀ နောက်ပိုင်းတွင် သမ္မတလောင်းများကို ပြည်နယ်၏ပါတီကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြောက်သည့်စံနစ်ကို ကျင့်သုံးသည်။ ထိုစံနစ်တွင် ရွေးကောက်တင်ခံရမည့် ကိုယ်စားလှယ်များကို ပါတီခေါင်းဆောင်များက ချုပ်ကိုင်သည်။ ဤစံနစ်တွင် ပါတီ၏ထောက်ခံမှုမရရှိသော ကိုယ်စားလှယ်များသည် အောင်မြင်ဖို့လမ်းလုံးဝမရှိတော့ပါ။
ထိုစံနစ်သည်လည်း ဒီမိုကရေစီနည်းလမ်းမကျဟူ၍ အဝေဖန်ခံရသည်။ ထို့ကြောင့်ယင်းစံနစ်ကို ပြုပြင်ရန်ကြိုး ပမ်းချက်များစွာတို့ကို ပြုလုပ်ကြသည်။ ကြိုးပမ်းမှုများထဲတွင်တစ်ခုမှာ-အကြိုရွေးကောက်ပွဲများကို ပြုလုပ်ခြင်းဖြစ် သည်။ ၁၉၁၆ခုနှစ်တွင် ပြည်နယ်ပေါင်း(၂၄)ခုတွင် အကြိုရွေးကောက်ပွဲများကို ပြုလုပ်သည်။ သို့သော် ဘာမှပြောင်းလဲမှု ဖြစ်မလာခဲ့ပါ။ ပြောင်းလဲမှုမဖြစ်သည့်အကြောင်းတစ်ခုမှာ ပြည်နယ်တော်တော်များသည် အကြိုရွေးကောက်ပွဲ၏ ရလဒ်များကို အလေးမထား၍ မသုံးကြသောကြောင့်ဖြစ်သည်။ အကြိုရွေးကောက်ပွဲတွင် အနိုင်ရသောသူများကို ဘယ်သူကမှ အသိအမှတ်မပြုကြပါ။ ထို့ကြောင့် အကြိုရွေးကောက်ပွဲများသည် တကယ်လက်တွေ့တွင် အလှပြပွဲ များအဆင့်လောက်သာ ရှိနေသည်။
လက်တွေ့တွင် တကယ်အာဏာရှိသောသူမှာ ပါတီ၏အတွင်းလူများသာဖြစ်သည်။ ထိုအာဏာရှိသောသူများကို ‘စည်းရုံးရေးသမားများ’ဟုခေါ်သည်။ ထို့ကြောင့် တကယ်အရေးပါသော နေရာကို ရရှိဖို့အတွက် တစ်ခုတည်းသော နည်းမှာ ‘စည်းရုံးရေးသမားများ’၏ ထောက်ခံမှုကို ရရှိခြင်းပင်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)