သူတို့အာဘော် မောင်ရစ်

မောင်ရစ် – လက်ဆင့်ကမ်း မိုးမခ

မောင်ရစ် – လက်ဆင့်ကမ်း မိုးမခ

အယ်ဒီတာ့လက်ရေး၊ မိုးမခ၊ သြဂုတ် ၂၀၁၈

ဒီတခေါက် ထုတ်ဝေတဲ့ မိုးမခသြဂုတ်လ အတွဲ ၅ အမှတ် ၄ က အဝေးရာက်အယ်ဒီတာတွေ ဖြစ်တဲ့ မောင်ရစ်၊ ခင်လွန်းနဲ့ ဆောင်းလူတို့ စီစဉ်တာ မဟုတ်ပါ။ မြန်ဌာနေက အိမ်ကွင်းက အယ်ဒီတာတွေဖြစ်တဲ့ ဆရာ မင်းထက်မောင် စီစဉ်ပြီး သရုပ်ဖော်ကို ဘဌေးကြည်က ကူညီပါတယ်။ မိုးမခက သူတို့ကို ဧည့်အယ်ဒီတာတွေအဖြစ် မိုးမခသြဂုတ်ကို အပ်နှံပြီး ဖန်တီးကြတာဖြစ်ပါတယ်။

မိုးမခကို အွန်လိုင်းကနေ စတင်အသက်သွင်းခဲ့စဉ်က လွန်ခဲ့တဲ့ ၂၀၀၃ ဧပြီ၊ နောက် ၂၀၀၆ မှာ ပီပီပြင်ပြင် ရပ်တည်နိုင်ခဲ့။ အားလုံးသော ၀န်းရံသူတွေက အဝေးရောက်တွေ များပါတယ်။ ဦးတင်မိုး၊ ဦးစွမ်းရည်၊ ဦးဝင်းဖေ၊ အန်တီမာမာအေးတို့ လူကြီးတွေနဲ့ အဝေးကွင်းက စာပေနဲ့ စာနယ်ဇင်းသမားတွေရဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ဖြန့်ဝေခြင်း၊ ဖန်တီးရာ နေရာလေးပါ။ တယောက်ဆင်း တယောက်တက်နဲ့ ချီတက်လာခဲ့ကြတာမှာ ၂၀၁၄ ဧပြီလကျတော့မှ မြန်မာပြည်တွင်း အိမ်ကွင်းမှာ မဂ္ဂဇင်းအဖြစ် အသက်ဝင်လာခဲ့ကြပါတယ်။ သည်လိုနဲ့ မြန်မာပြည်တွင်း ပြည်ပက ချစ်ခင်လေးစားရတဲ့ စာနယ်ဇင်း အနုပညာရှင်တွေ ၀န်းရံမှု၊ ဘဘဦးဝင်းတင်နဲ့ ဦးမိုးသူတို့ရဲ့ အားပေးမှုတွေနဲ့ လစဉ်မဂ္ဂဇင်းလေးကို ကြိုးပမ်း ထုတ်ဝေနိုင်ခဲ့ကြပါတယ်။ ငွေကြေးအမြတ်အစွန်းဆိုတာထက် စာပေသမားတွေအတွက် နေရာ၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ဖြန့်ဝေခြင်း၊ ဖန်တီးရာတို့၏ အသံအဖြစ် ရုန်းကန်ခဲ့ကြပါတယ်။ ၀ိုင်းဝန်းကြသူတွေရဲ့ ကူညီပန့်ပိုး ထောက်ခံအားပေးမှုတို့ကြောင့်သာ မိုးမခ သက်ဇိုးရှည်နေရတာပါ။

သည်တခါမှာတော့ဖြင့် မိုးမခလစဉ်ကို မြန်မာပြည်တွင်းက အယ်ဒီတာ၊ စာရေးဆရာတွေအဖြစ် စဉ်ဆက်မပြတ်လုပ်ခဲ့ကြတဲ့ ကိုယ့်ရှေ့က အနုပညာဝါကြီးတဲ့ စာနယ်ဇင်းသမားတွေ လက်ထဲကို အပ်ပြီး သူတို့ စိတ်တိုင်းကျ မဂ္ဂဇင်းတစောင်အဖြစ် လက်အပ်နှံပြီး ဖန်တီးပုံဖော်လိုက်နိုင်ပါပြီ။ သည်တလမှာတော့ဖြင် ဆရာမင်းထက်မောင်က စီစဉ်ပြီး ပန်းချီ ဘဌေးကြည်က အနုလက်ရာတွေ ဖန်တီးပါတယ်။ နောက်လတွေမှာလည်း ဧည့်အယ်ဒီတာတွေ စီစဉ်ဖန်တီးကြမယ့် အမြင်သစ် ဟန်အသစ်တွေလည်း မြင်တွေ့ ခံစားကြရဦးမှာ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်ကလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က စတင်ခဲ့တဲ့ မိုးမခစာနယ်ဇင်းစာမျက်နှာဟာ မျိုးဆက်အဆင့်ဆင့်လက်ထဲကို အဆင့်ဆင့် လက်ဆင့်ကမ်းပြီး စာနယ်ဇင်း အနုပညာ ဖန်တီးဆန်းသစ်တီထွင်ရာ ရိပ်သာလေးအဖြစ် ဆက်လက် လျောက်လှမ်းနိုင်စေဖို့ ကျနော်တို့ ၀ိုင်းဝန်းကြိုးစားကြမှာ ဖြစ်ပါတယ်ခင်ဗျား။ လွတ်လပ်ခြင်း ညီမျှခြင်း၊ ဖြန့်ဝေခြင်း၊ ဖန်တီးခြင်းကို ချစ်ခင်တဲ့ မိတ်ဆွေများကို ကြိုဆိုနေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts