ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း

ဝင်းအောင်ကြီး(မောင်အောင်မွန်)- သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ

၈-၈-၈၈ ရောင်းစားသူများ…. ကောင်းစားသူများနှင့် သေသွားသူများ (၁၄)
သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ
ဝင်းအောင်ကြီး(မောင်အောင်မွန်)
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈

(၁)

သတင်းမဂ္ဂဇင်း ဤမျက်နှာဖုံးအတွက်ကြောင့် ရောင်းမလောက် နေ့ချင်း (၃) ကြိမ်ထပ်ရိုက်ရ၏။

(၂)


သတင်းထောက် ကိုတင်မောင်လတ်ယူလာသော ယာယီကျောင်းသားသမဂ္ဂအမှုဆောင်စာရင်းနှင့် ဓာတ်ပုံများကို အယ်ဒီတာ (၄) ယောက်ကြည့်ရင်း
ဆွေးနွေးကြသည်။ ကျောင်းသားကို ရှေ့တန်းတင်မည်။ အုံကြွလာသည့် ပြည်သူတရပ်လုံးပါရမည်။


(၃)


ကျောင်းသားဟူသည် ဗိုလ်အောင်ကျော်မှသည် ခေတ်အဆက်ဆက်၊ 7 July ၊ မှိုင်းရာပြည့်၊ ဦးသန့်အရေး အခင်း၊ RIT၊ တံတားနီ၊ UG အဖြစ်လှုပ်ရှားနေသော ABFSU စသဖြင့်၊ အခြားမြို့ကြီး မြို့ငယ်များတွင်လည်း တိုက်ပွဲဝင်ကြရင်းအသက်ပေးသွားသူများအားလုံးကို ကိုယ်စားပြုသည့်စကားလုံး Unknown Soldiers ကဲ့သို့ အညတရကျောင်းသားဆိုလျှင် အားမပါ၊ ခေါင်း(၄) ခေါင်းညှစ်ထုတ်ကြရင်း နောက်ဆုံး သဘောတူ လိုက်ပြီ။
မဟာသူရဲကောင်း ကျောင်းသူကျောင်းသားများ။


(၄) 


ထူးခြားကျယ်ပြန့်သော Symbolism ကို ဆက်လက်စဉ်းစားကြသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း သေဆုံးသူတို့၏သွေးတွေ …ခြောက်သွားသောသွေးပျောက်သွားသောသွေးညှီနံ့ကျန်နေသော သွေး.. မြေပေါ် စွန်းနေဆဲသွေး…သွေးမျိုးစုံကိုကိုယ်စားပြုဖို့ဆို.. အနီရောင် နောက်ခံထားမည်။


(၅) 


ဓာတ်ပုံမထည့်။
စာသားများကို အထတလှအောင်က ဒိုင်ခံရေးသည်၊ ဆွေးနွေးကြသည်။ ပြန်ပြင်သည်။ ပြန်ရေးသည်။ နောက်ဆုံး သဘာတူကြပြီ။ အသင့်စောင့်နေသော ဒီဇိုင်း/ပန်းချီတာဝန်ခံ ကိုဖေညွန့်ဝေက ဆက်လုပ်၏။
သည်လိုနှင့် သမိုင်းဝင် ဤသတင်းမဂ္ဂဇင်းမျက်နှာဖုံးပေါ်ခဲ့ဖူးသည်။


(၆)


နှစ်(၃၀) ကျော်လာသော်လည်း သေဆုံးသွားသူများမျှော်မှန်းသည့် ကျောင်းသားသမဂ္ဂ မရှိသေးပါ။ တိုက်ပွဲ၏ဒဏ်ရာဒဏ်ချက်ဖြင့် ကျောင်းသားခေါင်းဆောင် တစ်ယောက်သေလို့ ရက်မလည်သေး၊ ခုတစ် ခေါင်းဆောင် ကျောင်သူတစ်ယောက်သေဆုံးပြန်ပြီ။
မမီးမီးအတွက် RIP ဟူသော စကားလုံလောက်နှင့် မလုံလောက်ဟုခံစားရသည်။


(၇)


အသက် (၈၃) ဘက်နီးလာ၊ မျက်စိအထူးကုဆရာဝန်နှင့် မနက်ဖြန်ပြန်ပြ၊ ခက်ခဲစွာရေးသားနေရင်း မနက်အိပ်ရာထသိလိုက်ရသော အမင်္ဂလာသတင်းကြောင့်
ခြေကုန်လက်ပမ်းကျသွားပါပြီ။ ဆက်ရေးနိုင်စွမ်းမရှိတော့ပါ။ အတန်ကြာ အားပြန်မွေးရပါမည်။
ပွဲပြီးမီးသေဆိုသလို စိတ်ဝင်စားသူနည်းလာသည်နှင့်အမျှ သမိုင်းသည်လည်း ပျောက်သွားမည်လော။

၂၀၁၈ ခု၊ သြဂုတ်လ (13) ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts