ကဗျာ ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း – မီးမီး

မီးမီး
ထွန်းဝင်းငြိမ်း
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈
 
အကြွေအလွင့်များတဲ့ ခေတ်မှာမှ
အမှတ်မထင် ဖိတ်စင်သွားရတဲ့ ညီမရေ
ငါတို့ဟာ
အတွင်းကြေ ကြေပြီး
ရင်ကွဲနာကျနေတဲ့ မျိုးဆက်တွေ
ဖြစ်ချင်ဖြစ်မှာပေါ့။

ဒါပေမဲ့
သေခြင်းထက် ပိုမိုနာကျင်စွာ
ရှင်သန်ခဲ့ကြသူတွေ။

ရှည်လျားတဲ့ အိပ်မက်ဆိုးကို
ယုံကြည်ချက်နဲ့ အစားထိုးပြီး
ရန်သူကို ခြောက်ခြားစေခဲ့တယ်။

သူ့ရဲ့မျက်လုံးအရောင်နဲ့
ဟောဒီ အမှောင်ခေတ်ကို
တွန်းဖွင့်ဖို့ ကြိုးစားခဲ့သူ
အနာဂတ်မြန်မာအတွက်
အာဏာကို လက်နက်မဲ့တော်လှန်ဝံ့သူ
ငါတို့သဘောမတူတဲ့နှစ်တွေ
ငါတို့မလိုက်လျောနိုင်တဲ့သက္ကရာဇ်တွေ
ငါတို့အလိုမတူတဲ့ အဖြစ်သနစ်တွေအကြောင်း
ကမ္ဘာကို ခေါင်းလောင်းထိုးခဲ့သူ။

အဲဒီလိုသူဟာ
အရှိတရားနဲ့ လွတ်မြောက်မှုကိုတံတားထိုးရင်း
နှစ်ရှည်ထောင်ဒဏ်တွေကြားက
ပန်းမပန်တတ်တဲ့ ဗေဒါပျံတယောက်ပေါ့။

ကြေကွဲစွာ
ထွန်းဝင်းငြိမ်း
၁၄၊ ၈၊ ၂၀၁၈
၀၁း၃၀ နာရီ
-ထွန်းဝင်းငြိမ်း ဖေ့ဘုတ်မှ ကဗျာနှင့် ဒီဇိုင်းကို ယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts