ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အချိန်က စကားပြောလာမယ်ဆိုလို့

ဆောင်းယွန်းလ ● အချိန်က စကားပြောလာမယ်ဆိုလို့
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၈

စောင့်ခဲ့တယ်
အချိန်က စကားပြောလာမယ်ဆိုလို့

ရေဒီယိုထဲက သတင်းကြေညာသံများ
အရိုးကြေကြေ အရည်ခမ်းခမ်း
အသံလွှင့်ဇာတ်လမ်းများ
ရုပ်ရှင်ပိတ်ကားတွေနဲ့
ပရိတ်တရားတွေပေါ်က ခုန်ပေါက်ထွက်ကျလာခဲ့သံများ
လေသံတကြားကို တရားဖမ်းနာလာခဲ့ရတဲ့
နှစ်ပေါင်းများစွာမှာ

အချစ်ရေ
မြစ်တွေလည်း စီးချင်ရာကို စီးဆင်းသွားခဲ့ပေါ့

နှစ်တွေကို မီးကူးဖို့ အားထုတ်ခဲ့ရင်း
မလင်းလက်နိုင်ခဲ့တဲ့ နှလုံးသားများနဲ့
အမုန်းတရားဟာ
လုံးပါးပါးခဲ့ဖူးသော မီးလောင်ပြင်တွေပေါ်မှာ

အဆုံးနဲ့ အရှုံး
နှစ်မျိုးစလုံးကိုလည်း ရခဲ့ဖူးပါရဲ့
အစမရှိခဲ့သေးသော လမ်းတွေပေါ်မှာ

နာရီသံခြောက်ချက်ကိုလည်း
ကမ္ဘာပျက်မတတ် ကျယ်ကျယ်လောင်လောင်ကြားခဲ့ဖူးပါရဲ့
တည့်မတ်ဖို့အတွက်
ဘုရားကျောင်းက ခေါင်းလောင်းသံကိုနာခံမိတဲ့
ဒေသနာတွေပေါ်မှာ

သေရာပါသည်အထိ
ယူမသွားချင်မိခဲ့သော နောင်တတရားကို
ဟောဒီ တံခါးဝမှာ ထားရစ်ခဲ့လေတယ်

စောင့်ခဲ့တယ်
အချိန်ကို စကားပြောလာမယ်ဆိုလို့
ဘာသံမှမကြားရသေးတဲ့ နှစ်တနှစ်ပေါ်မှာ။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts