ကဗျာ မြန်မာပြည်တွင်း

ကေဇော်မိုး – သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ ဖုံးကွယ်လို့မရဘူး

 သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ ဖုံးကွယ်လို့မရဘူး
ကေဇော်မိုး
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၈



မိုးတွေရွာနေတုန်းပဲလား
ငါတို့သွေးတွေ အတုံးအရုန်းစီးဝင်သွားတဲ့မြစ်တခုထဲ
သမိုင်းဘီးတပတ်က
အမှန်တရားကိုယူဆောင်ဖော်ပြခဲ့ပြီ။
ရဲရဲတောက်လူမသိသူမသိ သူရဲကောင်းတွေ
အရေးတော်ပုံမြေမှာ

ရွက်ခြောက်တွေကြွေသလို လွင့်စင်သွားတဲ့ လေဝဲအသက်တွေ
ဘုမသိဘမသိ မြေဇာပင်တွေ
စနစ်နဲ့ဓလေ့ဆိုးညစ်ကြီးထဲ

စစ်နဲ့အာဏာကို အလံမလှဲစတမ်းတော်လှန်ကြ။
ဟေ့…
ခေတ်ကောင်းနေတုန်း နင်းချေဖျက်ဆဲ လူမိုက်တွေ
ယူဂျီတွေ အဖျက်အမှောက်တွေ လက်နှစ်လုံးစာအလိုတွေ

တံဆိပ်ကပ်ပုံမချနဲ့။

ဒါ တရားသဖြင့်ဆန့်ကျင်ခဲ့တဲ့
ဖိနှိပ်ခံပြည်သူတို့ရဲ့အုံကြွပွဲ
ဒါ အာဏာငန်းဖမ်းသူတွေကို ရှုတ်ချတော်လှန်ပွဲ

ဒါ ဥဒါန်းမကြေဒေါင်းတွေက မွေးလိုက်တဲ့တော်လှန်ရေး
ဒါ သွေးရဲရဲနီသွားတဲ့ တံတားနီညနေခင်းမှာစိုက်ထားတဲ့ ဒေါင်းအလံ
ဘယ်လိုပဲ သေးသိမ်အောင် ပုံဖျက်ဖျက်
တရားသဖြင့်
ကျနော်တို့ရဲ့နှလုံးသားမှာစူးတယ်
ထပ်ပြောမယ်
သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ဖုံးကွယ်လို့မရဘူး

ကမ္ဘာမကြေထပ်ပြောမယ်
သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ဖုံးကွယ်လို့မရဘူး
သွေးစွန်းနေတဲ့အမှန်တရားကို မုသာဝါဒနဲ့ဖုံးကွယ်လို့မရဘူး။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts